
နေပြည်တော် ဒီဇင်ဘာ ၃၀
တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ်အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးပြီးချိန်မှစတင်၍ NCA သဘောတူညီချက်ပါအချက် များကို လေးစားလိုက်နာ၍ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေး ပွဲများနှင့် အခမ်းအနားများ၌ “နိုင်ငံတော်နှင့် ပြည်သူတို့လိုအပ်လျက် ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်ရာတွင် တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း တိကျစွာလိုက်နာသွားမည်” ဖြစ်ကြောင်း သဘောထားထုတ်ပြန်ပြီး ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့တွင်လည်း ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ငန်းအဖြစ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူကာ NCA သဘောတူညီချက် များအား လက်တစ်လုံးခြားပြုလုပ်ကာ နည်းမျိုးစုံဖြင့် ချိုးဖောက်လျက်ရှိ ကြောင်း တွေ့ရှိရသည်။
အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်
၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်တွင် KNU တပ်မဟာ ၅ မှ ဘောကျော်ဟဲ ဦးစီးသာလွန်အင်အားဖြင့် ကရင်ပြည်နယ် သံလွင်မြစ်အနီးရှိ တပ်မတော်မှ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်ယူထားသည့် ထီးမူထစခန်းအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အရာရှိ/စစ်သည်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့သလို ဧပြီလ၂၇၊ ၂၈ ရက်နှင့် ဇွန်လ ၃ ရက်တို့တွင်လည်း တပ်မတော်မှ စစ်ကြောင်းတစ်ကြောင်းတာဝန်ယူထားသည့် ဒါးကွင်းစခန်းအား KNU တပ်မဟာ ၅ မှ အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ထို့ပြင် ဒီဇင်ဘာလ ၁၇ ရက်တွင် KNU တပ်မဟာ(၁)အင်အားစုအချို့က ကျသောင်းဆိပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းအား ယာယီစွန့်ခွာပေးခဲ့ရပြီး အရာရှိ/ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စခန်းအား တပ်မတော် စစ်ကြောင်းမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ အလားတူ KNU တပ်မဟာ (၁/၅)မှ အင်အားအချို့အနေဖြင့် ဖာပွန်မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် အစိုးရဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကုသ ဆေးဝါးများ ဖာပွန်မြို့သို့ ပေးပို့မှုအပေါ် နည်းလမ်းမျိုးစုံဖြင့် မိုင်းထောင် ဖောက်ခွဲ၊ ချောင်းမြောင်းပစ်ခတ်မှုမျိုးစုံဖြင့် တားဆီးသဖြင့် ဒေသခံ ပြည်သူများ၊ အစိုးရဝန်ထမ်းများအတွက် ကာကွယ်ဆေးအမြန်ဆုံး ရောက်ရှိရန် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
KNU အဖွဲ့ထဲမှ အချို့တပ်မဟာများနှင့် တပ်ရင်းတပ်ဖွဲ့များအနေဖြင့် နိုင်ငံအနှံ့အပြားတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လူသားချင်း စာနာထောက်ထားမှုခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်း ရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်လိုသည့် နိုင်ငံကြီး အချို့နှင့် အကြမ်းဖက်မှုကို လျစ်လျူရှုလျက် အားပေးထောက်ခံမှုပြုနေ သည့် NGO၊ INGO အဖွဲ့အစည်းအချို့ထံမှ နည်းမျိုးစုံအကြောင်းပြချက် ဖြင့် ထောက်ပံ့ကြေးများ ရယူကာ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးခြင်း၊ လက်နက်/ ခဲယမ်းများကို လမ်းကြောင်း အမျိုးမျိုး၊ နည်းအမျိုးမျိုးတို့ဖြင့် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ သည်ကိုလည်း ဖမ်းဆီးရမိသူများ၊ ဖော်ထုတ်ရမိသူများနှင့် အကြမ်းဖက် လုပ်ရပ်ကို စက်ဆုပ်ရွံရှာပြီး သေနတ်သံ၊ ဗုံးသံ တိတ်ဆိတ်နေသည့် မိမိတို့ဒေသအား သေနတ်သံ၊ ဗုံးသံများ ပြန်လည်ဖြစ်ပေါ်အောင်၊ မိမိတို့၏ နေအိမ်များမှ ထွက်ပြေးရအောင် အကြမ်းဖက်လုပ်ဆောင်နေ မှုများကို မလိုလားကြသည့် ဒေသခံပြည်သူအများစု၏ သတင်းပေးမှုမှ တစ်ဆင့် ဖော်ထုတ်သိရှိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့ အထိ မြို့ကြီးအချို့တွင် အကြမ်းဖက်မှု ၃၇၅၁ ကြိမ်ရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှုအနေဖြင့် အကြမ်းဖက်သူ ၁၄၉၂ ဦး၊ လက်နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်းမျိုးစုံ ၁၆၉၃ တောင့်၊ လက်ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်း များကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက် ခဲ့ရာ အကြမ်းဖက်သူ ၉၉၅၈ ဦး၊ လက်နက်မျိုးစုံ ၃၄၁၇ လက်၊ ခဲယမ်း မျိုးစုံ ၁၆၁၅၀၀ တောင့်၊ လက်ပစ်ဗုံး ၆၄၇ လုံး၊ လက်လုပ်မိုင်း ၆၈၉၅ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို အချိန်မီဖော်ထုတ် တားဆီးထိန်းသိမ်းနိုင်ခဲ့သည်။
နည်းမျိုးစုံဖြင့် သယ်ဆောင်
အကြမ်းဖက်သမားတို့၏ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ဖြစ်ပေါ်ခဲ့သည့် အချို့သော အကြမ်းဖက်လုပ်ရပ်များနှင့် သတင်းအား ဖော်ထုတ်ဖမ်းဆီးရမိချိန် ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် လက်နက်/ ခဲယမ်းများသည် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်ရှိ အကြမ်းဖက် သမားများအနေဖြင့် ၎င်းမြို့သစ်မှတစ်ဆင့် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်နှင့် တောင်ငူ၊ ပြည်စသည့်မြို့ကြီးများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ် အငိုက်နည်းမျိုးစုံဖြင့် သယ်ဆောင်ခြင်း၊ ပို့ဆောင်ခြင်းများ ပြုခဲ့ကြ ကြောင်း တွေ့ရှိရသည်။
တပ်မတော်အနေဖြင့် KNU တပ်မဟာ(၅)၏ ထီးမူထစခန်းဖြစ်စဉ် မှစတင်၍ လေးကေ့ကော်မြို့သစ် တိုက်ပွဲဖြစ်စဉ်မတိုင်မီအချိန်ထိ KNU/KNLA တာဝန်ရှိသူများထံ NCA သဘောတူညီချက်များကိုထိန်းသိမ်းလိုက်နာရန်နှင့် လက်အောက်ခံအဖွဲ့များကို ထိန်းသိမ်းကြပ်မတ်ပေးရန် ညှိနှိုင်းပြောဆိုမှုများကိုလည်းအကြိမ်ပေါင်းများစွာ တရားဝင်/ ရင်းနှီးမှု သဘောတို့ဖြင့် ဆောင်ရွက်ခဲ့သည်။ အခြားသတင်းများအရလည်း KNU အဖွဲ့အတွင်း ပြုလုပ်ခဲ့သည့် ပုံမှန်အစည်းအဝေးများ၊ အရေးပေါ်အစည်း အဝေးများ၌လည်း NCA လမ်းကြောင်းမှ သွေဖည်၍ ပြည်ပမှ ငွေကြေး နှင့် ထောက်ပံ့မှုရယူပြီး ငြိမ်းချမ်းနေသည့် ကရင်ပြည်နယ်အတွင်း ပဋိပက္ခစစ်မီးများ ပြန်လည်တောက်လောင်အောင် ပြုလုပ်လိုသည့် ခေါင်းဆောင်ပိုင်းအချို့မှ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အုပ်စုအား နောက်ကွယ်မှ အားပေးအားမြှောက်ပြုလုပ်၍ တည်ဆဲအစိုးရအား အကျပ်အတည်းဖြစ်စေရေး ရည်ရွယ်လုပ်ဆောင်ရန် တိုက်တွန်းမှုများ လည်းရှိကြောင်း သိရှိရသည်။
နိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုကို မျှော်ကိုးရယူ
ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်တာဝန် အရပ်ရပ်အား မလွှဲမရှောင်သာ တာဝန်ယူထိန်းသိမ်းပြီးချိန် နောက်ပိုင်း နိုင်ငံ၏ အချို့မြို့များတွင် ဖြစ်ပေါ်ခဲ့သည့် NLD အစွန်းရောက်တို့၏ ဆူပူအကြမ်းဖက် ဆန္ဒပြမှုများ၏ နောက်ဆက်တွဲအဖြစ် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရန် ထွက်ပြေးတိမ်းရှောင်လာသူများကို လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာအောက်၌ လက်ခံ ထိန်းသိမ်းပြီး အဆိုပါတိမ်းရှောင်အုပ်စုတို့ကို အကြောင်းပြု၍ ပြည်ပ နိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုကို မျှော်ကိုးရယူကာ နိုင်ငံတော် အား အလုံးစုံပျက်သုဉ်းရေးအထိ စစ်ရေးပဋိပက္ခဖြစ်လာစေရေး ရည်မှန်း လုပ်ဆောင်လာခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ရှေ့ရှု၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှတစ်ဆင့် ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန်၊ ဒေသတည်ငြိမ်ရေးကို အလေးထားရန်၊ အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်၍ အကြမ်းဖက်သမားများကို လက်ခံခြင်းမပြုရန် KNU တာဝန်ရှိ သူများထံ အကြိမ်ကြိမ် အကြောင်းကြားညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ သည်။ တပ်မတော်၊ EAOs များနှင့် သက်ဆိုင်သည့်ဌာနကြီးများကလည်း အကြိမ်ကြိမ် သတိပေးအကြောင်းကြားမှုများ ပြုလုပ်ခဲ့သည်။
သို့သော် KNU တပ်မဟာအချို့နှင့် ခေါင်းဆောင်ငယ်အချို့အနေဖြင့် ညှိနှိုင်းမှုများကို လျစ်လျူရှု၍ ငြိမ်းချမ်းရေးရလဒ်၏ ပြယုဂ်တစ်ခုဖြစ် သော လေးကေ့ကော်မြို့သစ်ကို အသုံးချပြီး PDF အမည်ခံအကြမ်းဖက်သမား များကို လက်ခံလျက် အကြမ်းဖက်နှင့် ဖောက်ခွဲရေးသင်ခန်းစာများ လေ့ကျင့်ပေးခြင်းနှင့် နိုင်ငံအနှံ့အပြား အကြမ်းဖက်လုပ်ရပ်များအတွက် ထောက်ပံ့အားပေးခြင်းများ ဆောင်ရွက်လာသဖြင့် အကြမ်းဖက်သမား များကို ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း KNU/KNLA တာဝန်ရှိသူ များထံ ကြိုတင်အသိပေးပြီး လုံခြုံရေးတပ်ဖွဲ့များက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ခဲ့ရာတွင် လေးကေ့ကော်မြို့သစ်အတွင်း ဥပဒေနှင့်အညီ ရှာဖွေစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် NUG အမည်ခံအဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၂ ဦးအပါအဝင် PDF နှင့် CDM ပြုလုပ်ထားသူ ၂၁ ဦး အား လက်နက်မျိုးစုံ ၇ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဒီဇင်ဘာ ၁၅ ရက်တွင်လည်း ဖော်ထုတ်ဖမ်းဆီး နေစဉ် KNU၊ KNLA အဖွဲ့မှ အကြမ်းဖက် မှုကိုလိုလားပြီး NCA ကို ပျက်စီးစေလိုသည့် ခေါင်းဆောင်တချို့ပါဝင်သော KNU တပ်ဖွဲ့ဝင်အချို့၊ NUG၊ PDF အမည်ခံ အကြမ်းဖက်သမားများက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ၊ စစ်သည်များအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် များ ထိခိုက်ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး တချို့မှာ ဖမ်းဆီးခံခဲ့ရသည်။
ထို့ကြောင့် မိမိကိုယ်မိမိ ခုခံကာကွယ်ရန်
အလို့ငှာ တပ်မတော်အနေဖြင့် အကန့်အသတ်ဖြင့် အနည်းဆုံးအင်အားကို အသုံးပြု၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှစ၍ KNU တပ်ခေါင်းဆောင် တချို့နှင့်တပ်ဖွဲ့တချို့၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ အထက်ပါ အကြမ်းဖက်အုပ်စုများမှလည်း အင်အား များပြားစွာစုစည်းလျက် မိမိတပ်မတော်စစ်ကြောင်း များအား နေ့/ည ဝိုင်းဝန်းပိတ်ဆို့လျက် တန်ပြန် တိုက်ခိုက်လာသဖြင့် တိုက်ပွဲများ ပြင်းထန်လာခဲ့ သည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် ထုတ်ပြန်ထား သည့် Rule of Engagement အတိုင်း ROE နှင့်အညီ လိုအပ်သည့်အင်အား ထပ်မံဖြည့်တင်းပြီး လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူရယူ၍ ရန်သူ ပစ်မှတ်၊ စခန်းများအား ချေမှုန်းတိုက်ခိုက်မှုများ ကြောင့် တိုက်ပွဲပေါင်း ၂၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် လေးကေ့ကော်မြို့သစ်မှလွဲ၍ ကျန်အကြမ်းဖက်သမားများ ခိုအောင်းခဲ့သည့် ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနှင့် ဖလူးကျေးရွာစသည့် နေရာများအား ဖော်ထုတ်ဖမ်းဆီး ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ တိုက်ပွဲဖြစ်စဉ်များတွင် အကြမ်းဖက်သမား သောင်းကျန်းသူများထံမှ အလောင်းတချို့နှင့် လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်းများ၊ ပြုလုပ်ဆဲ လက်လုပ်သေနတ်များ သိမ်းဆည်းရရှိခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူ လူထုများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် နေကြောင်းသိရှိရ၍ အပြစ်မဲ့ပြည်သူများ မိမိ နေထိုင်ရာ ကျေးရွာများသို့ အမြန်ဆုံးပြန်လည် အခြေချနေထိုင်နိုင်ရန်အတွက်လည်း ထိုင်း-မြန်မာ နယ်ခြားကော်မတီများမှ ညှိနှိုင်းဆောင်ရွက်ရန်
စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
တပ်မတော်အနေဖြင့် အရေးပေါ်ကာလအတွင်း ထာဝရငြိမ်းချမ်းရေးအတွက် အရေးကြီးလုပ်ငန်း တစ်ရပ်အဖြစ် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး NCA ပါသဘောတူညီချက်များကိုလည်း အလေးထား လိုက်နာဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်အတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ် နှင့် နိုင်ငံအဝှမ်း ငြိမ်းချမ်းရေးကို လိုလားသည့်
တိုင်းရင်းသားပြည်သူလူထုအနေဖြင့်လည်း ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းသတင်းထုတ်ပြန် အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ