
ပဲခူး ဒီဇင်ဘာ ၂၈
ခရီးသွားလုပ်ငန်းသည် နိုင်ငံ ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် လုပ်ငန်း ကဏ္ဍတစ်ခုဖြစ်သကဲ့သို့ တိုင်း ဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် အရေးပါသည့် လုပ်ငန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌ ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ကျင်းပသည့် ပဲခူး တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေး (၃/၂၀၂၁) ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရအနေဖြင့် ယခင်ရှိပြီး ခရီးစဉ်ဒေသများကို သန့်ရှင်း သာယာလှပရေး ဆောင်ရွက် လျက်ရှိသကဲ့သို့ ခရီးစဉ်ဒေသ အသစ်များကိုလည်း ဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အင်း၊ ဆည်၊ ရေလှောင်တမံများမှာ လည်း အပန်းဖြေစခန်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီး သွားလုပ်ငန်း ဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူးက တိုင်းဒေသ ကြီးအတွင်း ဟိုတယ်လုပ်ငန်း လိုင်စင်အသစ် လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပိုင်ရှင် အမည် ပြောင်းလဲခြင်းတို့ကို ရှင်းလင်းတင်ပြရာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင် များက အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသည်။
ယင်းနောက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက ပြည်မြို့၌ အပျော်တန်း စက်ဘီးစီးပြိုင်ပွဲ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက် မှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြား သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသ အသစ်အနေဖြင့် ပဲခူးရိုးမဖြတ်လမ်း (အုတ်တွင်း-ပေါက်ခေါင်းလမ်း) မိုင်တိုင် အမှတ်(၅၈/၄)ရှိ ခပေါင်း(ECO RESORT)ကို အကောင်အထည် ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်း(CBT)အဖြစ် ပဲခူးမြို့နယ် ရွာသစ်ကျေးရွာ၌ လည်းကောင်း၊ အုတ်တွင်းမြို့နယ် ဘုန်းတောင် ကြိုးဝိုင်းအတွင်း ဆင်ဆေးရုံကို အခြေပြု၍ လည်းကောင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်