
နေပြည်တော် ဒီဇင်ဘာ ၉
စစ်ဘက်ဆိုင်ရာခေါင်းဆောင်များကို လေ့ကျင့် မွေးထုတ်ပေးလျက်ရှိသည့် တက္ကသိုလ်များတွင် အရည်အချင်းများနှင့် ကိုက်ညီပြည့်စုံမှုရှိသောကြောင့် နည်းပြတာဝန်များကို ရရှိထမ်းဆောင်နေကြသူများ အနေဖြင့် မိမိတို့တတ်မြောက်ထားသည့်၊ သင်ကြား ထားရသည့် စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်း ခဲ့ရသည့် အတွေ့အကြုံများနှင့် ပေါင်းစပ်ချိန်ထိုး၍ စနစ်တကျ သင်ကြားလေ့ကျင့်ပေးရန်၊ သင်ခန်းစာ များကို အမှန်တကယ် တတ်မြောက်ပြီး လက်တွေ့ မြေပြင်တွင် ခေါင်းဆောင်မှုကောင်းမွန်စွာ ပေးနိုင်ရန်၊ စိတ်ဓာတ်ခိုင်မာကောင်းမွန်ရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့်၊ ပြည်သူက အားကိုး ရသည့် အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲပိုင်း တွင် စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာ တက္ကသိုလ်တို့မှ ကျောင်းအုပ်ကြီးများ၊ နည်းပြ အရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများအား စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား စဉ်ထည့်သွင်းပြောကြားသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ ကျောင်းအုပ်ကြီး များ၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ တက်ရောက်ကြသည်။
ဦးစွာ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်နှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်တို့က ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ နှစ်ပေါင်း ၂၀ အတွင်း စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ် တို့မှ အရာရှိများ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့မှု၊ စာပေသင်ကြားပေးနိုင်ခဲ့မှုနှင့် လက်ရှိတာဝန် ထမ်းဆောင်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
လေ့ကျင့်သင်ကြားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့၏ လေ့ကျင့်ရေး ပိုင်းနှင့် သင်ကြားရေးပိုင်းဆိုင်ရာများတွင် မှာကြားလို သည်များ မှာကြားနိုင်ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ၊ ကျောင်းဆင်းအရာရှိများအနေဖြင့် မိမိတို့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်ဖြစ်မြောက် လာစေရေးအတွက် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက် ရန်လိုအပ်မည်ဖြစ်သကဲ့သို့ ပေးအပ်လာသည့် တာဝန် များကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည် ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့်လည်း အရည် အချင်းပြည့်ဝပြီး အရည်အသွေး ထက်မြက်ကောင်းမွန် သည့် အရာရှိများ ထွက်ပေါ်လာအောင် လေ့ကျင့် သင်ကြားပေးရမည်ဖြစ်ကြောင်း။
ရည်မှန်းချက်များကို ခိုင်မာစွာထားရှိရမည် ဖြစ်ပြီး တစ်ဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင် ရမည့်အချိန်တွင် လုပ်ဆောင်နိုင်မည့်အရာများ၊ လုပ်ဆောင်သင့်သည်များကို မှတ်စုရေးမှတ်ထား ရှိတတ်သည့် အလေ့အကျင့်ကောင်းမွေးမြူရန်နှင့် အမှန်တကယ် တာဝန်ထမ်းဆောင်ရသည့်အချိန်တွင် မိမိမှတ်သားထားသည်များနှင့် ချိန်ထိုးသုံးသပ် လုပ်ဆောင်ပါက အခက်အခဲမရှိ တာဝန်ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ် အထိ အရာရှိများ မွေးထုတ်ပေးနိုင်ခဲ့မှု၊ စာပေ သင်ကြားပေးနိုင်ခဲ့မှုနှင့် လက်ရှိတာဝန်ထမ်းဆောင် နေမှုအခြေအနေများကို ပြန်လည်စိစစ်ခဲ့ရာ၌ အချို့ သော အရာရှိများအနေဖြင့် မိမိကိုယ်ကို ထိန်းသိမ်းမှု မရှိဘဲ စည်းကမ်းဖောက်ဖျက်မှု၊ အဆင့်နှင့် လျော်ညီ သော စားသောက်နေထိုင်မှုပုံစံမရှိမှု၊ ကျန်းမာရေး ချို့ယွင်းမှု စသည်တို့ကြောင့် ဆက်လက်တာဝန် ထမ်းဆောင်နိုင်မှုမပြုနိုင်သည်ကို တွေ့ရှိရကြောင်း၊ ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက စိတ်ဓာတ်ခိုင်မာမှု အားနည်းချက်များကို တွေ့မြင်ရပြီး စိတ်ဓာတ် ခိုင်မာမှုမရှိခြင်း၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှုမရှိ ခြင်းတို့ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်မှု မပြုနိုင်ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် များစွာထိခိုက်နစ်နာမှုများရှိကြောင်း၊ အနာဂတ်တွင် ထူးချွန်ထက်မြက်ပြီး ပြည်သူက အားကိုးပြီး နိုင်ငံတော်က အားထားရသည့် ခေါင်းဆောင်များ ထွက်ပေါ်လာစေရေးအတွက် သင်တန်းစတင် တက်ရောက်ချိန်မှစ၍ အဆင့်လိုက် တက်ရောက်ရ သည့်သင်တန်းများကို အဆင့်ဆင့် သင်ကြားပေးခဲ့ ရပြီး နိုင်ငံတော်နှင့် တပ်မတော်က အချိန်နှင့်ငွေကြေး အရင်းအနှီးများစွာဖြင့် ပြုစုပျိုးထောင်ပေးခဲ့ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်များအနေဖြင့် စိတ်ဓာတ်ခိုင်မာမှုရှိရမည်ဖြစ်ပြီး မိမိရည်မှန်းချက်အောင်မြင်ရန်အတွက် မိမိကိုယ်ကို ထိန်းထိန်း သိမ်းသိမ်းနှင့် စည်းကမ်းရှိစွာ နေထိုင်လုပ်ကိုင် ဆောင်ရွက်ရန်လည်းလိုကြောင်း။
ထိုသို့ စိတ်ဓာတ်ခိုင်မာပြီး မိမိကိုယ်ကို ထိန်းသိမ်း ဆောင်ရွက်တတ်ရန်အတွက် သင်တန်းကျောင်းများ တွင်ကတည်းက နည်းပြများအနေဖြင့် လေ့ကျင့် သင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ သင်ခန်းစာများပိုင်နိုင်ပြီး ရှိသင့်ရှိထိုက်သည့် သိသင့် သိထိုက်သည့် အသိပညာ၊ အတတ်ပညာနှင့် ထိုးထွင်း မြော်မြင်နိုင်မှုရှိအောင် သင်ကြားပေးလိုက်မှသာလျှင် လက်တွေ့မြေပြင်တွင် ခေါင်းဆောင်မှု ကောင်းမွန်စွာ ပေးနိုင်မည်ဖြစ်ပြီး ဘဝတစ်လျှောက်လုံးတွင်လည်း ထိန်းသိမ်း၍ ကောင်းမွန်စွာဖြတ်သန်းနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် နည်းပြများအနေဖြင့် လေ့ကျင့်ရေးနှင့် ပတ်သက်ပါက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန်၊ သင်တန်းသားများကို အလို မလိုက်ရန်လိုအပ်သကဲ့သို့ မိမိကိုယ်ကိုလည်း အလို မလိုက်ရန်လိုကြောင်း၊ အရည်အချင်းများနှင့် ပြည့်စုံသဖြင့် နည်းပြများဖြစ်နေကြခြင်းဖြစ်သည့် အတွက် မိမိတတ်မြောက်ထားသည့်၊ သင်ကြားထား ရသည့် စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းလာ သည့် အတွေ့အကြုံများနှင့် ချိန်ထိုး၍ စနစ်တကျ သင်ကြားပေးစေလိုပြီး အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း။
အရည်အချင်းကို ဦးစားပေး
သင်တန်းသားများ၏ အရည်အသွေးမြှင့်တင် နိုင်ရေး အမြဲမပြတ် လေ့လာဖော်ထုတ်နေရမည်ဖြစ် ပြီး သင်တန်းဆင်းလာပါက ၎င်းတို့၏ အရည်အချင်း နှင့် ကိုက်ညီသည့် လူမှန်နေရာမှန် တာဝန်ပေးအပ် နိုင်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ အရေအတွက် ထက် အရည်အချင်းကို ဦးစားပေးဆောင်ရွက်ကြ စေလိုပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုး အားထားရသည့် အရာရှိကောင်းများကို မွေးထုတ်ပေး ကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အရည်အသွေး ပြည့်ဝသော တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်စွမ်းရည် ထက်မြက်ရေး၊ စွမ်းပကား မြင့်မားရေးကို အလေးထား ဆောင်ရွက်ပေးခဲ့ပြီး အရာရှိ၊ စစ်သည်များ၏ ပညာရည်မြင့်မားရေး၊ မိသားစုများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့မှု ရှိစေရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းလုပ်ဆောင်ခဲ့ ကြောင်း၊ နိုင်ငံတကာ တပ်မတော်များနည်းတူ အမျိုးသမီးအရာရှိ၊ စစ်သည်များကိုလည်း ပြန်လည် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး အမျိုးသားများနည်းတူ တာဝန်ကျရာနေရာအသီးသီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရကြောင်း။
တက္ကသိုလ်၊ သင်တန်းကျောင်းအသီးသီးမှ နည်းပြများအနေဖြင့် မိမိတို့လေ့ကျင့်သင်ကြားပေး သည့် ခေါင်းဆောင်ငယ်များအား တစ်ဦးချင်း၏ အခြေခံစိတ်ဓာတ်၊ ခံယူချက်၊ ယုံကြည်ချက်၊ စစ်မြေပြင်ကျွမ်းကျင်မှုနှင့် ဘာသာရပ်အလိုက် တတ်မြောက်မှု စသည်ဖြင့် လေ့ကျင့်သားပြည့်ဝမှု ရှိစေရေး သင်ကြားလေ့ကျင့်ပေးရန်၊ သင်တန်းဆင်း ပြီးပါက ဘဝတစ်လျှောက်လုံးတွင် မိမိတို့ ရာထူး၊ အဆင့်နှင့် လျော်ညီစွာ နေထိုင်ပြုမူ ဆောင်ရွက်နိုင်စေ ရန်၊ အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်အတွက် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန် လေ့ကျင့် သင်ကြားလေ့ကျင့်ပေးရမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်