
နေပြည်တော် ဒီဇင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်ဦးလွင်မြို့ တပ်မတော်ဧည့်ဂေဟာရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးမှာကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ မျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ ပြင်ဦးလွင်ခရိုင်မှ ဌာန ဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြင်ဦးလွင်ဒေသအတွင်း ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကော်ဖီစိုက်တောင်သူများ လုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်မီနည်းစနစ် များဖြင့် ဆောင်ရွက်နိုင်ရေး၊ စိုက်ခင်းများအတွင်း ရေရရှိရေးတို့အတွက် ဝန်ကြီးဌာနမှ ကူညီဆောင်ရွက် ပေးနေမှုအခြေအနေနှင့် ဆက်လက်ကူညီဆောင်ရွက် ပေးမည့် အခြေအနေများကို လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောဧရိယာများ၌ ကော်ဖီစိုက်ပျိုးမှုများနှင့်ပတ်သက်၍ ကွင်းဆင်း စိစစ်ဆောင်ရွက်ပြီး စိုက်ပျိုးမြေများ ဖော်ထုတ်ပေး လျက်ရှိမှုနှင့် စိုက်ပျိုးမြေများအား စနစ်တကျရှိစေရေး ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို လည်းကောင်း၊ ပြင်ဦးလွင်မြို့နယ် မြေလွတ်မြေရိုင်းဧရိယာအတွင်း ကော်ဖီစိုက်ပျိုးမှုနှင့် ပတ်သက်၍ ကွင်းဆင်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဦးက လည်းကောင်း၊ ပြင်ဦးလွင်ခရိုင် ဒေသဆိုင်ရာ အချက် အလက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စာသင်ကျောင်း များ ပြန်လည်ဖွင့်လှစ်မှု၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ် ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ ပြင်ဦးလွင်မြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအား မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဇော်အေးက လည်းကောင်း၊ ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ခရီးသွားများ စိတ်ဝင်စားသည့်မြို့
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့သည် ပြည်တွင်းခရီးသွားများနှင့် ကမ္ဘာ လှည့် ခရီးသွားများ စိတ်ဝင်စားမှုရှိသည့် ခရီးသွား မြို့တစ်မြို့ဖြစ်ကြောင်း၊ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၃၅၃၈ ပေတွင်ရှိပြီး မြန်မာ သက္ကရာဇ် ၁၂၁၂ ခုနှစ်၊ ခရစ်နှစ် ၁၈၅၀ ပြည့်နှစ်၊ ပုဂံမင်းလက်ထက်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ကျောက်စာများအရ သိရှိရကြောင်း၊ ပြင်ဦးလွင်မြို့သည် ရာသီဥတု သာယာကောင်းမွန် ပြီး ရေမြေသဘာဝကောင်းမွန်သည့် မြို့တစ်မြို့ ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူချိန်ကာလအတွင်း ပြင်ဦးလွင်မြို့အား မူလတောင်ပေါ်အပန်းဖြေမြို့ အဖြစ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းတည်ဆောက် လျက်ရှိကြောင်း၊ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်သည့် ထူးခြားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာက ပြင်ဦးလွင်မြို့နှင့် ပတ်သက်၍ စိတ်ဝင်စားမှုများ ရှိကြကြောင်း၊ ထိုအခွင့်အရေးအား အသုံးချနိုင်ပါက ခရီးသွားလုပ်ငန်းအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်သဖြင့် ပြင်ဦးလွင်မြို့အား နိုင်ငံတကာ အဆင့်မီသာယာလှပစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ကြပ်မတ်ဆောင်ရွက်ရန်လို
ပြင်ဦးလွင်မြို့အား Clean City ၊ Green City ဖြစ်အောင် ဦးစွာတည်ဆောက်၍ သာယာလှပသည့် မြို့ကြီးတစ်မြို့ဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြင်ဦးလွင်မြို့အတွင်း ဖြတ်သန်းစီးဆင်း သွားသည့် ကန်တော်ကြီး၊ ကန်တော်လေးမှ စီးလာ သည့်ချောင်းနှင့် ဂဲလောင်ချောင်းရေ စီးဆင်းမှု ကောင်းမွန်စေရန်အတွက် အမှိုက်များပိတ်ဆို့မှု မရှိ စေရေး အမြဲမပြတ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လို ကြောင်း၊ မြို့သန့်ရှင်းသပ်ရပ်လှပအောင် ဆောင်ရွက် နိုင်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်သဖြင့် မြို့သာယာလှပရေး အတွက် စည်းကမ်းတကျ ဆောင်ရွက်ရန်လိုကြောင်း၊ လူနေအိမ်များနှင့် အဆောက်အဦများ ဆောက်လုပ်မှု နှင့်ပတ်သက်၍လည်း စည်းကမ်းဥပဒေများအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း။
ဈေးကွက်ရရှိရေး ဆောင်ရွက်
ကော်ဖီစိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးမြေ များအား စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာပြီး သတ်မှတ်နှစ်များအတွင်း စိုက်ပျိုးပြီးစီး အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြင်ဦးလွင် ဒေသတွင် ကော်ဖီစိုက်ပျိုးရေးအတွက် စိုက်ပျိုးမြေ များ သတ်မှတ်၍ ကော်ဖီစိုက်ပျိုးရေးဇုန်အဖြစ် နိုင်ငံ တော်မှ သတ်မှတ်ပေးထားကြောင်း၊ ယခင်ကသစ်သီး ပန်းမန်များ စိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ကြ သော်လည်း စိုက်ပျိုးမြေများအား အခြားကိစ္စရပ် များတွင် အသုံးပြုမှုများနှင့် အားပေးမှုများနည်းပါး လာခြင်းများကြောင့် ယခုအခါစိုက်ပျိုးမှုများ များစွာ လျော့နည်းလာခဲ့ပြီး စိုက်ပျိုးရေး ထွက်ကုန်များ နည်းပါးလာကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်း များဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများမှ သုတေသနပြု ဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေး ထွက်ကုန်များ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးရန် လိုကြောင်း။
အကျိုးရှိစွာ အသုံးချရန်လို
ပြင်ဦးလွင်ဒေသတွင် မလိုင်ထုတ်လုပ်မှုများရှိပြီး အရည်အသွေးကောင်းမွန်သည့် မလိုင်ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိကြောင်း၊ မိမိတို့ဒေသမှ ထွက်ရှိ သည့် ထုတ်ကုန်များအား ပြည်တွင်းဖြန့်ဖြူးမှု သာမက နိုင်ငံတကာသို့ပါ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းနည်းပါး မှုများကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေရသူများ များစွာရှိကြောင်း၊ ပြည်ပ နိုင်ငံများတွင် ရောက်ရှိနေသူများကိုလည်း နိုင်ငံတော် နှင့် တပ်မတော်မှ မိမိတို့နိုင်ငံသို့ ပြန်လည်ခေါ်ယူ နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် ဒေသ အလိုက် စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ရှိပြီးသား ကောင်းမွန်သည့် ရေခံမြေခံများကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း။
သစ်တောသစ်ပင်များအား ထိန်းသိမ်း
စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးမြေများအား အကျိုးရှိရှိ အသုံးချ၍ စိုက်ပျိုးရေး သီးနှံများ အထွက်နှုန်းကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက် ရန်လိုကြောင်း၊ သစ်တောများ ပြုန်းတီးမှုမရှိစေရေး အတွက်လည်း သစ်တောသစ်ပင်များအား ထိန်းသိမ်း ကြရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ နှင့် နည်းစနစ်တို့ကို စနစ်တကျဖြင့် ပေါင်းစပ်ဆောင်ရွက်၍ စိုက်ပျိုးရေး သီးနှံများ အထွက်နှုန်းကောင်းစေရေး ဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် သဘာဝဓာတ်မြေဩဇာများ ရရှိရေး အတွက် မွေးမြူရေးလုပ်ငန်းများအား စနစ်တကျ မွေးမြူဆောင်ရွက်ရန်လိုကြောင်း၊ ရှိပြီးသားစိုက်ပျိုး မြေဧရိယာများပေါ်တွင်သာ စိုက်ပျိုးရေး သီးနှံများ အထွက်တိုးအောင် ဆောင်ရွက်ခြင်းဖြင့် သစ်တော ခုတ်ထွင်မှုများကို လျှော့ချနိုင်ပြီး သစ်တောများ ပြုန်းတီးမှုကို တတ်နိုင်သမျှ ကာကွယ်နိုင်မည်ဖြစ် ကြောင်း၊ ပြင်ဦးလွင်မြို့ပတ်ဝန်းကျင်ရှိ သစ်တောများ ပြုန်းတီးမှု မရှိစေရေးအတွက် မဖြစ်မနေထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ရေဝေရေလဲ ဧရိယာများတွင် သစ်ပင်သစ်တောများ များပြား လာပြီး ရာသီဥတုများ ပြန်လည်ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ကန်တော်ကြီးရေလှောင်ကန်အတွင်း ရေဝင်ရောက်မှု နည်းပါးခဲ့ခြင်းကြောင့် မိမိ၏စက်တင် ဘာလ ခရီးစဉ်အတွင်း ကန်တော်ကြီးရေလှောင်ကန် အတွင်း ရေများပြန်လည်ဝင်ရောက်နိုင်ရေးအတွက် လိုအပ်ချက်များအား ညှိနှိုင်းဖြေရှင်း၍ ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ရေများ အတိုင်းအတာ တစ်ခုအထိ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ရာသီဥတု များ ဖောက်ပြန်လာပြီး မိုးရွာသွန်းမှုများ နည်းပါး လာကာ ဆည်များနှင့် ကန်များအတွင်းသို့ ရေဝင် ရောက်မှုများ နည်းပါးလာကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် သစ်တောသစ်ပင်များအား ထိန်းသိမ်းကြ ရန်လိုကြောင်း။
မိုးရေတိုက်စားခြင်းကြောင့် လမ်းများပျက်စီးမှု ဖြစ်ပေါ်စေနိုင်၍ ကားလမ်းများအပေါ်တွင် ကျရောက် လျက်ရှိသည့် သစ်ပင်များ၏ သစ်ကိုင်းများအား ရှင်းလင်းရန်လိုကြောင်း၊ ခရီးသွားများ ဝင်ရောက်မှု များပြားစေရေးအတွက် မိမိတို့မြို့ သာယာလှပ စေရေး တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့သာယာလှပရေး သည် အခြားကဏ္ဍများနှင့် ဆက်စပ်လျက်ရှိသဖြင့် ဘက်ပေါင်းစုံမှ ကြည့်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ အိမ်သာမှ ဧည့်လာမည်ဖြစ်ကြောင်း။
ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်
မြို့ပြတိုးချဲ့ရေးနှင့်ပတ်သက်၍ မိမိ၏ဖြတ်သန်း ခဲ့သည့် အတွေ့အကြုံများအရ အကြံပြုတိုက်တွန်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူသွားပလက် ဖောင်းများ စနစ်တကျရှိစေရေး၊ အရိပ်ရလေကာပင် များ စိုက်ပျိုးရာတွင်လည်း လမ်းနှင့်လွတ်ကင်းမှု ရှိစေရေးအတွက် စနစ်တကျ ကြိုတင်တွက်ချက် ဆောင်ရွက်ကြရန် လိုကြောင်း၊ လမ်းများ တည်ဆောက်ခြင်း၊ မြို့ပြများ တိုးချဲ့ခြင်းများ ဆောင်ရွက်ရာတွင် အနာဂတ် စီမံကိန်းများအတွက်ပါ ထည့်သွင်းတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ပြတည်ဆောက်ရေးနှင့်ပတ်သက်၍ အဘက်ဘက် မှ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ အဆောက် အဦများ ဆောက်လုပ်ရာတွင် သက်ဆိုင်ရာဥပဒေ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြင်ဦးလွင်ဘူတာ သည် သမိုင်းဝင်ဘူတာဖြစ်ပြီး ဂုတ်ထိပ်တံတား သည်လည်း သမိုင်းဝင်နေရာ တစ်ခုဖြစ်ကြောင်း၊ ခရီးသွားများ စိတ်ဝင်စားမှုရှိသည့် ကျောက်မီးသွေး သုံး ရထားစက်ခေါင်းများ အသုံးပြု၍ ပြင်ဦးလွင် မြို့ကို ဗဟိုပြုပြီး ရထားခရီးစဉ်များ ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်မြို့တွင် သဘာဝအလှများ များစွာရှိကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်မြို့ သာယာလှပရေး၊ ကုန်ထုတ်လုပ် မှုများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်း။
ပြင်ဦးလွင်မြို့ကို ပညာရေးနှင့်ပတ်သက်၍ လည်း ပညာရေးမြို့အဖြစ် ဖော်ဆောင်ရန်လို ကြောင်း၊ အလားတူ ကျန်းမာရေးနှင့်ပတ်သက်၍ လည်း ပြင်ဦးလွင်မြို့ကို ဗဟိုပြု၍ မြှင့်တင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့အား Clean City၊ Green City ဖြစ်အောင် ဆောင်ရွက်၍ ရှိပြီးသား အခြေခံဖြစ်သည့် ရတနာပုံ ဆိုက်ဘာစီးတီး၊ အနီး စခန်းလေယာဉ်ကွင်းများကို အသုံးချ၍ Smart City ဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူများအားလုံး လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ပြည်သူအားလုံး စုပေါင်း ဆောင်ရွက်၍ရသည့် သမဝါယမစနစ်ဖြင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း များအား စုပေါင်းလုပ်ဆောင်သည့် စနစ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အစိုးရသည် ပြည်သူ များ၏ အကျိုးကို ဖြည့်ဆည်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်နေရသည့် လုပ်ငန်း တာဝန်များမှာ ကျယ်ပြောသဖြင့် ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် လုပ်ငန်းများ အဆင်ပြေအောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခုအခါ အတိုင်းအတာတစ်ခု အထိ ကျဆင်းလာပြီဖြစ်သော်လည်း အခြားနိုင်ငံ များတွင် အိုမီခရွန် ကိုဗစ်ဗီဇပြောင်းရောဂါပိုးများ ကူးစက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ကိုဗစ် - ၁၉ ကူးစက်မှုအား ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကိုဗစ်စည်းကမ်းများ နှင့်အညီ စနစ်တကျပညာပေးခြင်း၊ ထိန်းသိမ်း ကြပ်မတ်ခြင်းများ ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်