
နေပြည်တော် ဒီဇင်ဘာ ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီခုနစ်ခု၊ ယာဉ် ၁၄ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)လေးစီးဖြင့် ၇၇ တန်နှင့် နှာခေါင်းစည်း (Mask) ၇၄ တန်တို့ကို တင်သွင်း ခဲ့ကြောင်း သိရှိရသည်။ အောက်ဆီဂျင်အရည် (Bowser) လေးစီးအနက် နှစ်စီးမှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ မန္တလေးမြို့သို့ဖြစ်ပြီး ကျန်နှစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ မုံရွာမြို့နှင့် ရန်ကုန်မြို့များသို့ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်