လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

 

နေပြည်တော်  ဒီဇင်ဘာ  ၈


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် တာဝန်ရှိသူများအပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

 


စုံစမ်းစစ်ဆေးရေးအဖွဲ့၏   စစ်ဆေးတွေ့ရှိချက် အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့သည်    ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနက ဆောင်ရွက် သည့်   အထက်ရဲရွာ   ရေအားလျှပ်စစ်စီမံကိန်းမှ ရေသွယ်ဥမင်ဖောက်လုပ်ခြင်းလုပ်ငန်း   (Under-ground Works) အား နိုင်ငံတကာကုမ္ပဏီတစ်ခုနှင့် ၂၀၁၅ ခုနှစ် မတ် ၁၂  ရက်တွင် စာချုပ်ချုပ်ဆိုဆောင် ရွက်ခဲ့ရာတွင်   မူလစာချုပ်ပါ လုပ်ငန်းပြီးစီးရမည့် ကာလမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၄  ရက်အထိ လ ၄၀ သတ်မှတ်ခဲ့ခြင်းကို ဝန်ကြီးဌာန၏ လုပ်ငန်း ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(MC)နှင့် အမှုဆောင် ကော်မတီ (EC) အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်ထိ ၁၆ လ သက်တမ်း တိုးပေးခဲ့ခြင်းသည်    ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားသည့် သဘောတူညီချက်များ ချုပ်ဆို ခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ သက်တမ်းတိုး ကိစ္စရပ်များတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊              ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့၏        သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီသို့ တင်ပြရမည်ဖြစ်သော်လည်း  လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ခြင်းမပြုဘဲ ၁၆ လ သက်တမ်း တိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် ထုတ်လုပ်မှု ကီလိုဝပ်နာရီ (ယူနစ်) သန်းပေါင်း ၁၈၀၀ ကျော်ခန့် ထုတ်လုပ်နိုင်မှု မရှိသည့်အတွက် နိုင်ငံတော်၏ဘဏ္ဍာ ငွေကျပ် ၃၀ ဘီလီယံခန့် ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း။

 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့သည်   ထားဝယ်ဒေသတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ဆောင်ရွက်သည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရက  စီမံခန့်ခွဲသည့် GGS ကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုးငွေကျပ် ၆ ဘီလီယံ ကျော်ခန့်ကို   ပြည်ထောင်စုအစိုးရအဖွဲ့သို့  တင်ပြ ခွင့်ပြုချက်ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်းဌာနဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေး ချေရန် ခွင့်ပြုခဲ့ခြင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင် မောင်ဝင်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း         ဦးဆောင်ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့စဉ်က ဓာတ်ငွေ့ဖိုး ငွေကျပ် ၆ ဘီလီယံ ကျော်ခန့်ကို    နိုင်ငံတော်ဘဏ္ဍာတွင်  ဘတ်ဂျက်ငွေ တင်ပြတောင်းခံပေးချေခဲ့ခြင်း၊ ဓာတ်ငွေ့ဖိုးငွေများကို ပြန်လည်ရရှိရေး     ခိုင်မာသည့်    သဘောတူညီမှု တစ်ရပ်ရပ်   စာချုပ်ချုပ်ဆိုမှုမရှိခြင်း၊  ဓာတ်ငွေ့ဖိုး ကြွေးကျန်ဖြစ်ပေါ်နေမှုကို  ဝန်ကြီးဌာနအမှုဆောင် ကော်မတီအစည်းအဝေး(EC)သို့ တင်ပြမှုမရှိခြင်း၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းအပိုဒ် ၁၂၃ ၊ အပိုဒ်ခွဲ(ဃ) ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ဘဏ္ဍာ ငွေကျပ် ၆ ဘီလီယံကျော်ခန့် ထိခိုက်နစ်နာစေခဲ့ခြင်း ဖြစ်ကြောင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်း သည် ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင် ခဲ့စဉ်က နိုင်ငံတော်၏ငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံး စေရာတွင် အားပေးကူညီခြင်းဖြစ်ကြောင်း။

 


စစ်ဆေးပေါ်ပေါက်ချက်များအရ  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့်   ဒုတိယဝန်ကြီးဟောင်း  ဦးထွန်းနိုင် တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅   အရလည်းကောင်း၊  ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်း အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍   တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ  သတင်းရရှိ သည်။

 
သတင်းစဉ်