
ရန်ကုန် ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်း ဘေးမဲ့တော အပန်းဖြေစခန်းသို့ ခရီးသွားရာသီအစ နိုဝင်ဘာလ တွင် ခရီးသွား ၃၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဆောင်းရာသီ၌ မြန်မာနိုင်ငံသို့ ကမ္ဘာ့မြောက် ဝင်ရိုးစွန်းမှ ဆောင်းခိုငှက်များ ဝင်ရောက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ ရေပျော်ဆောင်းခိုငှက်များ ဝင်ရောက်ကျက်စားလျက် ရှိပြီး ခရီးသွားရာသီဖြစ်သည့်အလျှောက် အပန်းဖြေ အနားယူသူတို့ တဖွဲဖွဲဝင်ရောက်လျက်ရှိသည်။ မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ဧပြီလနှင့် မေလတွင် တစ်ရက်လျှင် ခရီးသွား ၂၈၀၀ ကျော် လာရောက် အပန်းဖြေခဲ့ပြီး အောက်တိုဘာလတွင် ခရီးသွား လျော့ကျခဲ့သော်လည်း ခရီးသွားရာသီအစ နိုဝင်ဘာ လ၌ ခရီးသွား ၃၀၀၀ ကျော် ဝင်ရောက်ခဲ့သည်။
“ခရီးသွားရာသီမှာ ရှေ့ဆက်ပြီး ခရီးသွား ပိုပြီး ဝင်ရောက်နိုင်တယ်။ ဩဂုတ်လမှာ ခရီးသွား ၄၀၅ ဦး၊ အောက်တိုဘာလမှာ ခရီးသွား ၉၇၀ ဝင်ရောက်ခဲ့ ပြီးတော့ နိုဝင်ဘာလမှာ ၃၀၀၀ ကျော် လာရောက်အပန်းဖြေကြတဲ့ အတွက် အောက်တိုဘာလကစပြီး ခရီးသွားတက်လာတယ်လို့ ပြောလို့ရပါတယ်။ ယခင်လထက်စာရင် ဆောင်းခိုငှက် ပိုပြီးဝင်ရောက် လာတာကြောင့် ဒီလဆိုရင် ကြိုးကြာငှက်ကိုလည်း တွေ့လာရပါပြီ။ ဒီဇင်ဘာလဟာအပန်းဖြေလာရောက်သူနဲ့ ငှက်ကြည့်ဝါသနာရှင်တွေနှစ်သက်တဲ့လဖြစ်တဲ့အတွက် ပြီးခဲ့တဲ့လထက်ခရီးသွားပိုပြီးဝင်ရောင် နိုင်မယ်လို့ မှန်းထားပါတယ်။ လက်ရှိမှာ ကိုဗစ်ရောဂါ ထိန်းချုပ် ကာကွယ်ရေးကိုလည်း ဂရုပြုရမှာဖြစ်တဲ့အတွက် ခရီးသွားအတက်အကျ ကိုနှစ်ဆန်းပိုင်းမှာ ပိုပြီးခန့်မှန်းလို့ရနိုင်ပါပြီ”ဟု မိုးယွန်းကြီးအင်း တောရိုင် တိရစ္ဆာန်ဘေးမဲ့တောတာဝန်ခံက ပြောကြားသည်။
ယခုဆောင်းရာသီတွင် ယခင်နှစ်ကထက်စော၍ မိုးယွန်းကြီးအင်း သို့ဆောင်းခိုငှက်များ အောက်တိုဘာလကုန် ပိုင်းမှစတင်ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလတွင် ကြိုးကြာ၊ ရေကြက်ဒုံ၊ ဘဲရစ်၊ ဒုံးငှက် စသောဆောင်းခို ငှက်များ ဆက်လက်ဝင်ရောက်ခဲ့သည်။ ယမန်နှစ်ဆောင်းရာသီတွင် ဆောင်းခိုငှက်မျိုးစိတ် ၄၀ ခန့်ဝင်ရောက်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ၌ ဆောင်းခိုငှက်မျိုးစိတ်၂၆ မျိုး စတင်ဝင်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံသို့ဆောင်းခိုငှက်များ ပုံမှန်အားဖြင့် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်ဝင်ရောက်လေ့ရှိ၍ မေလဆန်း၌ ပြန်လည်ထွက်ခွာလေ့ရှိရာ ဆောင်းခိုငှက်အများဆုံးဝင်ရောက်တတ်သော ဒီဇင်ဘာလသည် အပန်းဖြေသူနှင့် ငှက်ဝါသနာရှင်တို့ဖြင့် အထူးစည်ကားလေ့ရှိသည်။ ငှက်ကြည့်ဝါသနာရှင်များစိတ်ဝင်စားကြသည့် ဘဲမျိုးစိတ်များဖြစ်သော တောဝမ်းဘဲ၊ ဘဲအ၊ ဘဲရစ်၊ ဘဲဖြူ၊ ဒုံး၊ ဒေါင်းလန်းခြေထောက်၊ မြစ်တွေး ငှက်၊ ခရုတုတ်ခေါင်းမည်း၊ ရေညှောင့်၊ ဒီလုံး၊ နှုတ်သီးရှည်ငှက်၊ စနိုက်၊ ရေကြက်၊ တလိုင်းခေါင်း၊ ရေကြက်ဒုံစသည့် ဆောင်းခိုငှက်အချို့ ဝင်ရောက်ကျက်စားလျက်ရှိပြီး ဌာနေ ငှက်များဖြစ်သည့် ရေစစ္စလီ၊ ခရုတုတ်၊ ငှက်ကြား၊ ကြိုးကြာ၊ မယ်ညို၊ ကြာဘက်ညှင်းနှင့် ဗျိုင်းမျိုး စိတ်များလည်း ဆောင်းခိုလျက်ရှိသည်။
မိုးယွန်းကြီးအင်းဘေးမဲ့တောသည် မြန်မာနိုင်ငံတွင် ပထမဆုံး ရေဝပ်ဒေသ(Ramsar Site)အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသို့ဆောင်း ခိုငှက်များဝင်ရောက်ရာ အရှေ့အာရှ-ဩစတြေးလျဒေသ ဆောင်းခို ငှက်များပျံသန်းရာလမ်းကြောင်း ပူးပေါင်းထိန်းသိမ်းရေးအဖွဲ့ (EAAFP)အဖွဲ့၏ Flyway Network Site အဖြစ်လည်းကောင်း ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုရရှိထားပြီး ငှက်ကို အဓိကထား ထိန်းသိမ်းရာနေရာဖြစ်သောကြောင့် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသော ငှက်မျိုးစိတ်များကို ထိန်းသိမ်းလျက်ရှိသည်။ ဘေးမဲ့တောရေရှည် တည်တံ့နိုင်ရန်နှင့် ဒေသခံတို့၏အသက်မွေးမှုကိုစဉ်ဆက်မပြတ်စေရန် သစ်တောဦးစီးဌာနအနေဖြင့်ဆောင်ရွက်လျက်ရှိပြီး ခရီးသွား ရာသီအစဖြစ်သော နိုဝင်ဘာလ၌ မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ အပန်းဖြေခရီးသွား၃၀၀၀ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)