ရန်ကုန်မြို့အထပ်မြင့်အဆောက်အအုံများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့နှင့်ဆွေးနွေးနိုင်

 

ရန်ကုန်   ဒီဇင်ဘာ  ၅


ရန်ကုန်မြို့တွင်   စက်မှုဇုန်များအပါအဝင်   လူနေ အထပ်မြင့်အဆောက်အအုံများ  တည်ဆောက်ရာ၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့်      သဘာဝဘေး အန္တရာယ်တွင်      ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ကြိုတင်စီမံထားရှိမှုကို    မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့် ဆွေးနွေးနိုင်ကြောင်း သိရသည်။

 


မီးသတ်တပ်ဖွဲ့အနေဖြင့် အထပ်မြင့်အဆောက် အအုံများ၌   မီးလောင်မှုဖြစ်စဉ်များ၊    သဘာဝဘေး အန္တရာယ်နှင့်   မြေငလျင်လှုပ်မှုဖြစ်ပေါ်ပါက  အချိန် နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်  တိုင်းဒေသကြီး နှင့်  ပြည်နယ်အလိုက် တပ်ဖွဲ့တစ်ဖွဲ့လျှင်  ၁၁၅  ဦး ပါဝင်သော အထူးကယ်ဆယ်ရေးအဖွဲ့  ၁၅  ဖွဲ့ကို ဖွဲ့စည်းထားပြီး မြို့နယ်တစ်မြို့နယ်လျှင် ၃၅  ဦး ပါဝင်သော     အထူးကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဌာနချုပ် အထူးကယ်ဆယ်ရေးတပ်ဖွဲ့ များ ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အနေဖြင့်   ပြည်သူများ   မီးဘေးနှင့်သဘာဝဘေး အန္တရာယ်မှ ကာကွယ်နိုင်ရန် IT နည်းပညာဖြင့်  191 report app ကို ရေးဆွဲထားပြီး မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့၏ ဝက်ဘ်ဆိုက်တွင် တင်ပေးထားသည်။

 


“၁၉၉၀  ပြည့်နှစ်နောက်ပိုင်း   မြန်မာနိုင်ငံမှာ ဟောင်ကောင်ပုံစံ အထပ်မြင့်တိုက်ခန်းတွေ ဆောက် လာကြတယ်။ ဒါပေမယ့် အထပ်မြင့်မီးဘေးကာကွယ် ရေးနဲ့ပတ်သက်ပြီး အားနည်းခဲ့တယ်။ နောက်ပိုင်းမှာ အထပ်မြင့်     မီးဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ အင်ဂျင်နီယာအဖွဲ့ကို  ဖွဲ့စည်းနိုင်ခဲ့တယ်။  ကျွန်တော် တို့  မီးသတ်တပ်ဖွဲ့မှာ အထပ်မြင့်မီးဘေးကာကွယ် ရေးနဲ့ပတ်သက်ပြီး     တာဝန်ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာအရာရှိ    ၁၀၀ ကျော်     ရှိပါတယ်။ ဒါကြောင့် အထပ်မြင့်အဆောက်အအုံနဲ့ စက်မှုဇုန်တွေ မီးဘေးကြိုတင်ကာကွယ်ရေးနဲ့     သဘာဝဘေး အန္တရာယ်အတွက်   မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်”ဟု မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်မှ    ညွှန်ကြားရေးမှူး  (ဦးစီး) ဦးသိန်းထွန်းဦးက ပြောသည်။

 


မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ပါက ထိရောက် သော ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်  ပြည်ပနိုင်ငံများသို့     လေ့ကျင့်ရေးသင်တန်းများ စေလွှတ်ခြင်းနှင့် ဂျပန်၊ စင်ကာပူ၊ မလေးရှားနိုင်ငံတို့မှ Fire Code များကို လေ့လာ၍ အထပ်မြင့်အဆောက် အအုံများ   တည်ဆောက်ရာ၌       လိုက်နာရမည့် အချက်များ၊ ဘေးအန္တရာယ်ဖြစ်ပေါ်ပါက အထပ်မြင့် များတွင် နေထိုင်ကြသည့် ပြည်သူများ ဆောင်ရွက်ရ မည့်အချက်များပါဝင်သော    နိုင်ငံတကာအဆင့်မီ Myanmar Fire Code ကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း တွင် ထုတ်ပြန်နိုင်ခဲ့သည်။

 


မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေအရ သုံးထပ် နှင့်အထက်   အဆောက်အအုံများ    တည်ဆောက် ရာတွင် အဆောက်အအုံပုံစံကို မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ထံ ဦးစွာတင်ပြပြီး ဆက်လက်၍ မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြရကြောင်းနှင့် အဆိုပါ အထပ်မြင့်အဆောက်အအုံများတွင် နေထိုင် ကြသည့် ပြည်သူများ မီးဘေးနှင့်  သဘာဝဘေး ရင်ဆိုင်ရပါက အန္တရာယ်ကင်းဝေးစေရန်နှင့် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်၊     အန္တရာယ်ကင်းစွာ  နေထိုင် နိုင်စေရန်အတွက်    မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
                 

ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး