
သီပေါ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် သုံးလခန့်ပိတ်ထားခဲ့သည့် မြို့မစျေးကြီး နှင့် ဝက်ဝံစျေးတို့အား ယနေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြန်လည်ဖွင့်ခွင့်ပြုကြောင်း သိရသည်။
ဈေးများဖွင့်လှစ်ပေး
ယခုအခါ သီပေါမြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားသူ နည်းပါးလာပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်ရည်ရွယ်၍ ခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ ဆွေးနွေးဆုံးဖြတ်ချက် များအရ မြို့မစျေးနှင့်ဝက်ဝံစျေးတို့ကို ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
စည်းကမ်းလိုက်နာမှုစစ်ဆေး
ထိုသို့ စျေးများဖွင့်လှစ်ခဲ့ခြင်းဖြင့် စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ရှိ/မရှိနှင့် ထုတ်ပြန်ထားသော စည်းကမ်းချက် ၈ ချက်နှင့်အညီ လိုက်နာခြင်း ရှိ/မရှိကို မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စည်နှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
စိုင်း(သီပေါ)