ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် လက်လုပ်ရီမုဒ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၂၆


ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းလျော့နည်းလာသည့် မြို့နယ်များမှ အခြေခံပညာကျောင်းများအား နိုဝင်ဘာ ၁ ရက်မှစ၍   တည်ငြိမ်အေးချမ်းစွာ   တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ထိုသို့ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြား နေမှုများအပေါ် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မနာလိုမရှုဆိတ်သည့်စိတ်ဓာတ်ဖြင့် စာသင်ကျောင်းများ မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို အသိတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

 


ယင်းသို့လုပ်ဆောင်လျက်ရှိရာ    ယနေ့နံနက် ၈ နာရီခွဲခန့်တွင်လည်း ကချင်ပြည်နယ်  ဖားကန့်မြို့နယ်  လုံးခင်းကျေးရွာအုပ်စု မှော်စီစာ ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲရှေ့၌  KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များထောင်ထားသည့် လက်လုပ်ရီမုဒ် မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

 

ဖြစ်စဉ်ကိုစိစစ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြို့မရပ်ကွက်ရှိ အခြေခံ ပညာ  အထက်တန်းကျောင်းဝင်းမှ မှော်စီစာကျေးရွာ  အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ် ဦးစီး ဆရာ သုံးဦးနှင့် ဆရာမ ငါးဦးတို့သည် မော်တော်ယာဉ်ဖြင့် သွားရောက် ခဲ့ကြောင်း၊ ၎င်းယာဉ်နောက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက  မော်တော် ယာဉ်တစ်စီးဖြင့် လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးခဲ့ကြောင်း၊  မှော်စီစာ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့သို့အရောက်၌ လမ်း ၏ ညာဘက်ခြမ်းမှ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့်   လက်လုပ်ရီမုဒ်မိုင်းတစ်လုံး  ပေါက်ကွဲခဲ့ပြီး ဆရာ နှစ်ဦး၊ ဆရာမ သုံးဦး၊ အနီးဝန်းကျင်ရှိ ကျောင်းသား တစ်ဦး၊ ကျောင်းသူ တစ်ဦးနှင့် ကျောင်းသားမိဘ  တစ်ဦးတို့တွင်    မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 


အထက်ပါ ဒဏ်ရာရရှိခဲ့သူများကို ဖားကန့် မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပြီး  ဖြစ်စဉ်ဖြစ်ပွားရာ   နေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျောင်းအုပ်ကြီးများ၊ ကျောင်း အုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းသား  ကျောင်း သူများကို အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းများ လုံခြုံရေးနှင့် ကျောင်းသား ကျောင်းသူများ လုံခြုံရေးအတွက်   ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သမားများအနေဖြင့် လစ်ဟာမှုရှိသည့်နေရာများကို ယခုကဲ့သို့ မိုင်းထောင် ဖောက်ခွဲခြင်းများ      ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်း ကာကွယ်တားဆီးရန် လိုအပ်မည်ဖြစ်ပြီး မိမိပတ်ဝန်းကျင်၌ အကြမ်း ဖက်သမားများ၏ လှုပ်ရှားမှုတစ်စုံတစ်ရာတွေ့ရှိပါက  လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့်    ဝိုင်းဝန်းပူးပေါင်း   ဆောင်ရွက်သွားကြ ပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်ထားကြောင်း သိရသည်။

သတင်းစဉ်