
နေပြည်တော် နိုဝင်ဘာ ၂၅
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ လူကိုယ်တိုင် တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ online ကတစ်ဆင့် တက်ရောက်ခြင်းဖြင့်လည်းကောင်း ပုံစံနှစ်မျိုး ပေါင်းစပ်ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်၊ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီနှင့် တိုင်း ဒေသကြီး/ပြည်နယ် အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများ၊ ဌာနအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ဆောင်ပုဒ်ဖြစ်သည့် “Orange the world: End violence against women now!” “အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို့” နှင့်အညီ အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် ထိပါးနှောင့်ယှက်ခံရမှု၊ အကြမ်း ဖက်မှုများကြုံတွေ့နေရမှု အပေါ် ကျူးလွန်ခံရသူကို မိဘဆွေမျိုး၊ အိမ်နီးချင်း၊ ပတ်ဝန်းကျင်တို့က ပြစ်တင်ရှုတ်ချခြင်း၊ ပစ်ပယ်ခြင်း မပြုဘဲ ကာကွယ်ဖေးမပေးခြင်း၊ စာနာနားလည်ပေးခြင်း၊ အကြမ်း ဖက်ခံရသည့် အမျိုးသမီးတိုင်း အတွက် လိုအပ်သည့် လူမှုရေး အထောက်အပံ့ကောင်း များကို လွယ်လင့်တကူရရှိစေရန် ပံ့ပိုးပေး ခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက ရပ်တည်ကူညီ ပေးမည့် မိသားစု၊ အိမ်နီးချင်း အသိုင်းအဝိုင်းတစ်ခု ရှိနေပေး ခြင်း၊ အကြမ်းဖက်မှုကျူးလွန်သူ တိုင်းကို ပြစ်မှုနှင့် လျော်ညီ ထိုက်တန်သည့် ပြစ်ဒဏ်ပေးနိုင် ပြီး ထိရောက်သော ဥပဒေဖြင့် အကာအကွယ်ပေးခြင်း စသည့် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုများ လျော့နည်းပပျောက် ရေး လုပ်ငန်းစဉ်များကို ဆောင် ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှုများမှ ကာကွယ် စောင့်ရှောက်ရေး အတွက် သက်ဆိုင်သည့် လုပ်ငန်းအစီအစဉ် များ၊ မူဝါဒများ၊ စီမံကိန်းများ၊ စီမံချက်များ၊ လမ်းညွှန်ချက်များကို ချမှတ်ဖော်ဆောင်သည့် နေရာ တွင် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက နှင့် ပြည်သူများကပါ ဝိုင်းဝန်း ပူးပေါင်းပြီး ဆောင်ရွက်နေသည့် လုပ်ငန်းများကို ယခုထက် ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ ဆောင်ရွက်ရန် ကျန်နေသေးသည် များကိုလည်း ယခုပင်စတင် ဆောင်ရွက်ပေးကြပါဟု ပြောကြားသည်။
ထို့နောက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အသိ ပညာပေးဆိုင်ရာ Video Clip ကို ပြသသည်။
ယင်းနောက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက် ရေး (၁၆) ရက်တာ အကြိုလှုပ်ရှား မှု အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ပထမဆုရရှိသူ ဦးသန်းထွဋ်ဝင်း နှင့် ဉာဏ်စမ်းပဟေဠိဖြေဆိုပွဲမှ ဆုရရှိသူ ဦးဇော်ဟိန်းအောင် တို့ အား ပြည်ထောင်စုဝန်ကြီးက ဆု ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဉာဏ်စမ်းပဟေဠိ ဖြေဆိုပွဲမှ ဆုရရှိသူ ဒေါ်မေဦးဟန် အား ဒုတိယဝန်ကြီး ဦးအောင် ထွန်းခိုင်၊ ဒေါ်စုစုမော် အား နေပြည်တော်၊ အမျိုးသမီး ကော်မတီဥက္ကဋ္ဌ တို့က ဆုချီးမြှင့် ပြီး ကျန်ဆုရရှိသူများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျင်းပမည့် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်း အနားတွင် ဆုများချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်