စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု “တူယှဉ်နွှဲပျော် ဂီတပွဲတော်” တေးသီချင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ စိစစ်ရွေးချယ်

 

နေပြည်တော်  နိုဝင်ဘာ  ၁၃


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “ တူယှဉ်နွှဲပျော် ဂီတပွဲတော်” တေးသီချင်းသီဆိုမှု ပြိုင်ပွဲနှင့် ဖျော်ဖြေပွဲကို ပြန်ကြားရေး ဝန်ကြီးဌာနက ကျင်းပမည်ဖြစ်သည်။

 


အဆိုပါပြိုင်ပွဲကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်ကို အခြေခံ၍ စိန်ရတုပြည်ထောင်စုနေ့ကို  ပြည်သူများ  မှတ်မှတ်ထင်ထင်  သိရှိပြီး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကိုယ်၊ စိတ် ပင်ပန်းနွမ်းနယ်နေ သည့် ပြည်သူများကို ဖျော်ဖြေပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် သည်။ ယင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှ သီချင်းသီဆိုဝါသနာရှင်များ စိစစ်ရွေးချယ်ခြင်း ကို  ယနေ့နံနက် ၁၀ နာရီက  ဒက္ခိဏခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ သီချင်းသီဆိုဝါသနာရှင်များ စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူး(တာဝန်ပေး)    ဒေါ်သင်းသင်းဇင်က    ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ဂီတအစည်းအရုံး နေပြည်တော် ပျဉ်းမနားမှ အတွင်းရေးမှူး ဦးအေးကို က ပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

 


သီချင်းသီဆိုဝါသနာရှင်များ စိစစ်ရွေးချယ်ရာတွင် နေပြည်တော် ကောင်စီမှ    ဖွဲ့စည်းထားသည့်    စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်ရှစ်မြို့နယ်မှ တေးသီချင်းသီဆိုသူဝါသနာရှင်များအနက်မှ နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်  ပြိုင်ပွဲဝင် သုံးဦးကို စိစစ်ရွေးချယ်ခဲ့ကြသည်။

 


နေပြည်တော်ကောင်စီနယ်မြေ     အပါအဝင်   တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအလိုက် အသက် (၁၈)နှစ်ပြည့်ပြီးသူ၊ အသက် (၅၀)နှစ်ထက်မကြီးသူ   ပြိုင်ပွဲဝင်သုံးဦးစီအား  သက်ဆိုင်ရာဒေသ အစီအစဉ်ဖြင့် ရွေးချယ်စေလွှတ်ယှဉ်ပြိုင်စေပြီး စုစုပေါင်း ၄၅ ဦးဖြင့် ဆောင်ရွက်မည်ဖြစ်ကာ နိုဝင်ဘာ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁၁ ရက် အထိ အပတ်စဉ်တစ်ပတ်လျှင်  တစ်ပွဲနှုန်းဖြင့်  ပွဲစဉ်(၁၂)ပွဲ  ယှဉ်ပြိုင်မည် ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် ပြန်ကြားရေးဝန်ကြီးဌာနမှ ရွေးချယ်ပေး သည့် ပြည်ထောင်စုနေ့ သီချင်းများအနက်မှ မဲနှိုက်၍ ကျရာသီချင်း တစ်ပုဒ်၊ ယှဉ်ပြိုင်သူမှ စိတ်ကြိုက်တစ်ပုဒ် သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 


ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)