နိုင်ငံတော်အတွက် အရေးကြီးသည့် ပန်းခင်းစီမံချက် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ ၁၂ 


မြန်မာနိုင်ငံသားများဖြစ်ကြသည့်   တိုင်းရင်းသားများနှင့်   ဥပဒေအရနိုင်ငံသားများကို ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး  ထုတ်ပေးရေးလုပ်ငန်းဖြစ်သည့် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂ ရက်၊ ၅ ရက်၊ ၉ ရက်နှင့် ၁၂ ရက်တို့တွင်   နေပြည်တော်ရှိ   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့     လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ  တက်ရောက်ကြပြီး    တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများသည်    သက်ဆိုင်ရာ   ဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 


ရှင်းလင်းဆွေးနွေးတင်ပြ 


အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရက်သတ်မှတ်  ရှင်းလင်းတင်ပြကြရာတွင် နယ်မြေဒေသအလိုက် ပန်းခင်းစီမံချက်  အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊     တွေ့ကြုံရသည့် အခက်အခဲများ၊       လုပ်ငန်းလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်    အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ 

 


ယင်းသို့ ရှင်းလင်းတင်ပြချက်များအပေါ် ပန်းခင်း စီမံချက်လုပ်ငန်းဆိုင်ရာ      ကော်မတီအသီးသီးမှ တာဝန်ရှိသူများက    ကော်မတီအလိုက်    လုပ်ငန်း ဆောင်ရွက်နေမှုနှင့်  တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်များ  ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမှုအခြေအနေများကိုလည်းကောင်း၊   ဒုတိယဝန်ကြီး ဦးဌေးလှိုင်က    တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရမည့်      လုပ်ငန်းပမာဏ၊     လက်ရှိ ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆိုင်ရာ   အားနည်း ချက်၊ အားသာချက်များကိုလည်းကောင်း  ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။ 

 


အရေးကြီးသည့်လုပ်ငန်းတစ်ခု


ယင်းနောက်   ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက်သည်   နိုင်ငံတော်၏   အနာဂတ် အတွက် အရေးကြီးသည့်    လုပ်ငန်းတစ်ခုဖြစ်ပါ ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည်  သတ်မှတ်ထားသည့် အချိန်ကာလအတွင်းပြီးစီးရမည့်    လုပ်ငန်းပမာဏ အတိုင်း မဖြစ်မနေ ပြီးစီးအောင်   ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊  လက်ရှိအခြေအနေအရ နယ်မြေ ဒေသ အသီးသီး၌ ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက် များ၊ လုံခြုံရေးဆိုင်ရာကန့်သတ်ချက်များ    ရှိကြ သော်လည်း ကန့်သတ်ချက်များ   အခက်အခဲများ ကြားမှ ရည်မှန်းချက်အောင်မြင်အောင် နည်းလမ်း မျိုးစုံဖြင့်    ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ၂၀၂၁ ခုနှစ် မေလမှ စတင်ခဲ့သည့် ပန်းခင်း စီမံချက်သည် ယခု (၆) လတာကာလအတွင်း  အခက် အခဲများကြားမှ အရွေ့တစ်ခုသို့    ရောက်ရှိသည်ကို တွေ့ရသော်လည်း ပြီးစီးရမည့် လုပ်ငန်းပမာဏထက် လျော့နည်းနေသေးသည့်အတွက်   အရှိန်အဟုန်ဖြင့် ထပ်မံကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

 


 ပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်


ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏   စီမံချက် တစ်ခုဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ   ဒေသအာဏာ ပိုင်အဖွဲ့အစည်းများ၊ အခြားသော ဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီမှုများအပြင်   ပြည်သူများ    ပူးပေါင်းပါဝင်မှ သာ    အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊   ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများသည် မိမိတို့၏ ဆောင်ရွက်ချက်တိုင်းကို        ဝန်ကြီးဌာနထံ   တင်ပြ သကဲ့သို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့လည်း အချိန်နှင့်တစ်ပြေးညီ     တင်ပြဆောင်ရွက်ကြရန်လို ကြောင်း၊    သို့မှသာ    လုပ်ငန်းလိုအပ်ချက်များကို အခြားဆက်စပ်ဌာနများနှင့်      ပေါင်းစပ်ညှိနှိုင်း၌ အချိန်မီ     ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်သူ များ    ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်  ပူးပေါင်း ဆောင်ရွက်လာစေရေးအတွက်    မီဒီယာလုပ်ငန်း ဆောင်ရွက်မှုများကို  အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ကြရန်လိုကြောင်း။

 


အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်


ပန်းခင်းစီမံချက်ကို ထိထိရောက်ရောက် ဆောင် ရွက်နိုင်ရန်အတွက်    အသစ်ခန့်အပ်ပေးထားသည့် ဝန်ထမ်းသစ်များကိုလည်း ထိုက်သင့်သည့် လုပ်ငန်း ဆိုင်ရာ ရက်တိုသင်တန်းပေးခြင်း၊  ဌာနနှင့်ပတ်သက် သည်များကို   ရှင်းလင်းပြောကြားခြင်းနှင့်   လိုအပ် ချက်များကို     ပံ့ပိုးကူညီပေးခြင်းဖြင့်     လက်တွဲ ခေါ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊  အသိတူမှ အလုပ်တူမည်ဖြစ်သည့်အတွက်   ဝန်ထမ်းအားလုံး သည်    ပန်းခင်းစီမံချက်၏   အရေးကြီးမှုအပေါ် သိရှိနားလည်ကြပြီး   အားသွန်ခွန်စိုက်ကြိုးပမ်းဆောင် ရွက်ကြရေးအတွက်      တာဝန်ရှိသူအဆင့်ဆင့်က ရှင်းလင်းပြသ      ကြပ်မတ်ဆောင်ရွက်ကြရန်    လို ကြောင်း၊     ပန်းခင်းစီမံချက်အပြင်    အခြားသော မိမိတို့ဌာန၏   ရည်မှန်းချက်လုပ်ငန်းတာဝန်များကို လည်း    စဉ်ဆက်မပြတ်     ဆောင်ရွက်ကြရမည်ဖြစ် သကဲ့သို့ နိုင်ငံတော်အတွက် အရေးကြီးသည့် ပန်းခင်း စီမံချက်အား     သတ်မှတ်ကာလအတွင်း    လုပ်ငန်း ပမာဏလျာထားချက်     ဆောင်ရွက်ပြီးစီးနိုင်ရေး အတွက်  ဝန်ထမ်းအားလုံးက စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ       ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း      တိုက်တွန်းပြောကြားသည်။ 


သတင်းစဉ်