
ညောင်ရွှေ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် အတွင်းရှိ စိုက်ပျိုးရေးတောင်သူ များအတွက် ၂၀၂၃ ခုနှစ် မိုးကြို ရာသီသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အတွက် စိုက်ပျိုးစရိတ်ချေးငွေ များထုတ်ပေးခြင်းကို ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးရာတွင် ယခင်စိုက်ပျိုး စရိတ်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသူများကို ထုတ်ချေး ပေးခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်က ရွာမကျေးရွာအုပ်စုနှင့် နန်းသဲကျေးရွာအုပ်စုမှ တောင်သူ ၅၅ ဦး၏ စပါးစိုက်ဧက ၁၅၄ ဧကအတွက် ချေးငွေကျပ် ၂၃၁ သိန်းကို ထုတ်ချေးပေးခဲ့သည်။
ယခုနှစ်အတွက် မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၂၆ စုမှ စပါးနှင့်ကြံစိုက်ပျိုးသည့် စိုက်ပျိုးရေး တောင်သူပေါင်း ၅၀၀၀ ကျော်အား စုစုပေါင်း ချေးငွေ ကျပ်သိန်း ၂၀၇၅၀ ကို သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးရန် စီစဉ်ထားရှိ ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာစိုး၏ ပြောပြချက်အရ သိရသည်။
စိုင်းအယ်ဘဲ