နန်းတက်ပွဲနီးကပ်လာချိန်၌ ဘာကင်ဟမ်နန်းတော်အတွင်းသို့ ကျည်တောင့်များ ပစ်သွင်းခဲ့သည့်အတွက် အမျိုးသားတစ်ဦး အဖမ်းခံရ

 

လန်ဒန်    မေ    ၃


ဘာကင်ဟမ်နန်းတော်မြေပြင်သို့ သေနတ်ကျည်ဆန်တောင့်များ ပစ်သွင်းသည့်အတွက်  အမျိုးသားတစ်ဦး ကို ဖမ်းဆီးထားကြောင်း ဗြိတိန်ရဲများက ပြောသည်။ တတိယမြောက်ချားလ်ဘုရင် နန်းတက်ပွဲမတိုင်မီ လေးရက်အလိုတွင် ယခုလိုအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

 


အဆိုပါ   အမျိုးသားမှာ    နန်းတော်ဂိတ်သို့ ချဉ်းကပ်လာပြီး မေ  ၂  ရက်  ညပိုင်းက  သေနတ် ကျည်ဆန်တောင့်များကို   နန်းတော်မြေပြင်ပေါ်သို့ ပစ်သွင်းခဲ့ခြင်းဖြစ်သည်ဟု    ရဲက    ပြောသည်။  ပြင်းထန်သည့် လက်နက်ကိုင်ဆောင်မှုသံသယဖြင့်  ၎င်းကို ဖမ်းဆီးခဲ့သည်။ 

 


၎င်းနှင့်အတူ   လွယ်အိတ်တစ်အိတ်နှင့်     ဓား တစ်လက်ကိုပါ တွေ့ရှိခဲ့သည်။ ချားလ်ဘုရင်သည် မိဖုရား ကင်မီလာနှင့်အတူ  လာမည့်  စနေနေ့တွင် နန်းတက်ပွဲကျင်းပမည်ဖြစ်သည်။ ယင်းကဲ့သို့ အခင်း ဖြစ်ပွားချိန်က ဘုရင်နှင့်မိဖုရားတို့မှာ နန်းတော်တွင် မရှိဟု တော်ဝင်မိသားစုက ပြောသည်။  နန်းတော် အစောင့်များနှင့် နန်းတက်ပွဲတွင်ပါဝင်မည့်  အခြား သောသူများသည်  နန်းတက်ပွဲ    ချီတက်ပွဲအတွက် အစမ်းလေ့ကျင့်နေကြသည်။ တော်ဝင်မိသားစုကိုလာရောက်ကြည့်ရှုကြသည့်    ပရိသတ်များသည် လည်း အနီးအနားတွင် ရှိနေကြသည်။ 

 


နန်းတော်သို့သွားရာ လမ်းဘေးဝဲယာတစ်ဖက် တစ်ချက်စီတွင်    ပြည်သူများက   စောင့်ဆိုင်းကာ ဂုဏ်ယူကြောင်း    ပြောကြားနေကြသည်။   အဆိုပါ ဖြစ်ရပ်ကြောင့်     မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိဟု  ရဲများကပြောသည်။

 


ယခုအခါ အဆိုပါနေရာကို အာဏာပိုင်များကလုံခြုံရေးတင်းကျပ်ထားသည်။   နယ်မြေနှင့်နိုင်ငံ ပေါင်း ၂၀၀ ကျော်တို့မှ ဂုဏ်သရေရှိလူကြီးများသည် နန်းတက်ပွဲအခမ်းအနားကို  တက်ရောက်ဆင်နွှဲကြ မည်ဖြစ်သည်။ 

အင်န်အိတ်ချ်ကေ