နည်းပညာများတိုးတက်လာသည်နှင့်အမျှ လူငယ်များရဲ့ စာဖတ်မှုအားနည်းလာတယ်လို့ တွေ့မြင်နေရပါတယ်။ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ စာဖတ်ခြင်းပဲ ဖြစ်ပါတယ်။ စာမဖတ်ခြင်းဟာ ကျရှုံးခြင်းသာဖြစ်ပါလိမ့်မယ်

 

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ် များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ ဆုရရှိသူများအား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်းမှုများကို ဆက်လက်ဖော်ပြလိုက်ပါသည်။

ဘာသာရပ်     -    စာပဒေသာ 
စာရေးသူ    -    ဝေလွင်မောင်
စာအုပ်အမည်    -     ကိုယ်နှင့် သက်ကို နှင်းဆက်လို၍...
‘‘၂၀၂၁ ခုနှစ် ဇူလိုင်လ Home Stay နေရတဲ့အချိန်မှာ ယခုစာအုပ် ကို စတင်ရေးသားဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဘဝအတွေ့အကြုံတွေကို နောင်မျိုးဆက်သစ်တွေ  အသုံးချနိုင်ဖို့ အတွက် ရည်ရွယ်ရေးသားခဲ့တာပါ။ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်မှာ တတိယအဆင့် မူကြမ်းအထိပြီးစီးခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ မြဝတီစာပေတိုက်ကနေ ထုတ်ဝေခဲ့ပါတယ်။  ကိုယ်ရေးအတ္ထုပ္ပတ္တိကို မွေးဖွားချိန်မှ လက်ရှိအချိန်ကာလအထိ  Timeline အစဉ်အတိုင်း သမားရိုးကျရေးသားခြင်းမဟုတ်ပါဘူး။    ဘဝရဲ့ဇာတ်အတက်လို့ ဆိုနိုင်တဲ့ ရန်ကုန်မှာ ဒုတိယတိုင်းမှူး တာဝန်ထမ်းဆောင်ရတဲ့ အပိုင်း မှ စတင်ရေးသားထားပါတယ်။ စာအုပ်မှာ အရေးပါသောဤနေရာ (ဒုတိယတိုင်းမှူးဘဝ)၊ ဇာတိချက်ကြွေမွေးရပ်မြေ၊ နောင်တစ်ခေတ်၏ အောင်စစ်သည်(ဗိုလ်လောင်းဘ၀)၊ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း (စစ်မြေပြင် အတွေ့အကြုံ)၊ ဦးစီးတာဝန်၊ ထနောင်ဝေစည်ပန်းချယ်ရီ၊ (တပ်ရင်းမှူးဘဝ)ရာဇဌာနီ တို့နေပြည် (တိုင်းမှူး၊ စစ်ထောက်ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်မှုများ)၊    ငယ်ကျွမ်းဆွေ (မိသားစုအကြောင်း)၊ ဘဝဆိုသည်မှာ ချီ၊ တိုက်၊ ခံ၊ ခွာလို့ အပိုင်းကိုးပိုင်း ခွဲခြားရေးသားထားပါတယ်။ အပိုင်းများအလိုက် ထူးခြားတဲ့ဖြစ်စဉ် တွေ၊ မေ့မရတဲ့ဖြစ်ရပ်တွေကို ရုပ်ရှင်ဇာတ်ကားပုံစံမျိုး ထုတ်နုတ်တင်ပြ ထားပါတယ်။ ဒါ့အပြင် အတူလက်တွဲဖော် ရဲဘော်ရဲဘက်လေးဦးက လည်း ကျွန်တော့်အပေါ် တွေ့ရှိရတဲ့အမြင်တွေကို အားဖြည့်ရေးသား ထားရှိပါတယ်။ ၂၀၀၁ ခုနှစ်မှစပြီး စစ်ပညာဂျာနယ်နဲ့ နွယ်နီမဂ္ဂဇင်းမှာ နိုင်ငံတကာရေးရာဆောင်းပါးတွေ လစဉ်ရေးသားခြင်းဖြင့် စာပေ နယ်သို့ ရောက်ရှိခဲ့ပါတယ်။   သုတစာပေကို    အရေးများပါတယ်။ ထွက်ရှိတဲ့ လုံးချင်းစာအုပ် ၁၁ အုပ် ရှိပြီဖြစ်ပါတယ်။
စာပေဆုရရှိခြင်းအတွက် ဝမ်းသာဂုဏ်ယူမိသလို   ကျွန်တော့် အတွက် စာပေခွန်အား ဖြစ်ရပါတယ်။ စာပေယုံကြည်ချက်တွေ ပိုပြီး ထက်သန်လာပါတယ်။ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် ဖြစ်တဲ့အတွက် ကျွန်တော့်ဘဝကို   ဖန်တီးဖြည့်ဆည်းပေးခဲ့ကြတဲ့     ကျေးဇူးရှင် မိဘဆရာများ ကျွန်တော်မိသားစုဝင်များ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ ကြတဲ့ ရဲ‌ဘော်ရဲဘက်များ၊ ကျဆုံး/ဒဏ်ရာရရှိခဲ့ကြတဲ့ စစ်သည်တော် များရဲ့ အသွေးအသားဝိညာဉ်များအတွက် နိုင်ငံတော်က ချီးမြှင့်ပေးတဲ့ ဆုကြီးတစ်ဆုအဖြစ် ခံစားပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့ သမိုင်း ကြောင်းဖြစ်စဉ်များကို ၆၀၀ ဘီစီမှ ယနေ့မျက်မှောက်ခေတ်အထိ အားနည်းချက် အားသာချက်များကို ဖော်ထုတ်လေ့လာပြီး ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ တိုက်တွန်းရေးသားထားတဲ့ စာအုပ် တစ်အုပ် ရေးသားပြီးစီးပါပြီ။ ၂၀၂၄ ခုနှစ် ဧပြီလလောက်မှာ မြဝတီ စာပေတိုက်မှ ထုတ်ဝေနိုင်မယ်လို့ စီစဉ်ထားပါတယ်။ စာအုပ်အမည် ကတော့ ‘‘အမှားတော်များ၏  အမှာတော်ပုံ’’လို့  ပေးထားပါတယ်။
နိုင်ငံတစ်နိုင်ငံ၊ ထိုနိုင်ငံမှာရှိတဲ့လူမျိုးတွေရဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်၊ ဇာတိသွေးဇာတိမာန်ထက်သန်မှု၊ သွေးစည်းညီညွတ်မှု၊ ယဉ်ကျေး မှုစရိုက်လက္ခဏာတွေ ထိန်းသိမ်းနိုင်ရန်အတွက် အလွန်အရေးကြီး ပါတယ်။    ထိုထိုသောတာဝန်တွေကို     ထမ်းဆောင်နိုင်ရန်မှာ စာပေ လောကတွင် စွမ်းရည်ပြည့်ဝနေရန်   လိုအပ်ပါတယ်။ အမျိုးသားရေး တာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်ရန်   စာရေးသူတိုင်း စာဖတ်သူတိုင်း၊ နိုင်ငံသားတိုင်းကိုယ်စီ တာဝန်ရှိတယ်လို့  ခံယူရန် လိုအပ်တယ်လို့   ရှုမြင်ပါတယ်။ နည်းပညာများတိုးတက်လာသည် နှင့်အမျှ  လူငယ်များရဲ့  စာဖတ်မှုအားနည်းလာတယ်လို့ တွေ့မြင်နေရ ပါတယ်။ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ စာဖတ်ခြင်းပဲ ဖြစ်ပါ တယ်။ စာမဖတ်ခြင်းဟာ ကျရှုံးခြင်းသာဖြစ်ပါလိမ့်မယ်။   Not all Readers are Leaders, But all Leaders are Readers လို့ အဆို ရှိပါတယ်။ ဒါကြောင့် အနာဂတ်ခေါင်းဆောင်ဖြစ်မယ့်   လူငယ်များ အတွက် စာဖတ်ပါ။ မှတ်သားပါ၊ ရရှိလာမယ့်ဗဟုသုတ  (Knowledge)စာသိများကို  အခြေခံပြီး ကိုယ်ပိုင်အသိ၊      ဖန်တီးတီထွင်နိုင်တဲ့ အတွေးအခေါ်ပညာ(Wisdom)အထိရရှိအောင် ကြိုးစားဆောင်ရွက် ပါ။ စာကိုဖတ်ရုံသာမက မိမိဘဝအတွက် အကျိုးရှိရှိအောင်မြင်အောင် အသုံးချနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်’’ဟု ပြော သည်။
စာရေးဆရာ ဝေလွင်မောင်သည် အဖ ဦးမြသန်းနှင့် အမိ ဒေါ်တင်တင် တို့၏ မွေးချင်းခြောက်ဦးအနက် သားအကြီးဆုံးဖြစ်သည်။ ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်    ယိုးဒယားတက်ကျေးရွာ၌ ၁၉၅၄ ခုနှစ်  နိုဝင်ဘာလတွင် မွေးဖွားခဲ့သည်။ ငါးသိုင်းချောင်းမြို့နှင့် ဟင်္သာတမြို့ အထက်တန်းကျောင်းများတွင်  အခြေခံပညာရပ်များ သင်ကြားခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ပုသိမ်ကောလိပ်၌ ရုက္ခဗေဒအဓိက ဘာသာရပ်ကို ဆည်းပူးလေ့လာခဲ့သည်။ 
၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၈)သို့ တက်ရောက်ခဲ့ပြီး တပ်မတော် တွင် ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ၁၉၇၇ ခုနှစ်မှစ၍  တပ်မတော်တွင် ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး   ဒုတိယကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ်  ဌာနကြီးမှူး (အုပ်ချုပ်ရေးရာနှင့် စီးပွားရေးရာဌာန)၊   နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် ဒုတိယတိုင်းမှူး၊     ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် စစ်ထောက်ချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာနအသီးသီး တွင် ဒုတိယဗိုလ်မှ အငြိမ်းစားယူသည်အထိ နှစ်ပေါင်း ၄ဝ ကျော်ခန့် တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်  ဇူလိုင်လတွင်     ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ကော်ဟိုလွယ်နယ်မြေအတွင်း ဗမာပြည်ကွန်မြူ နစ် ပါတီအင်အား   ၈၀၀ ခန့်နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် ရဲဘော် ရဲဘက်စိတ်အပြည့်အဝဖြင့် စစ်ကူလိုက်၍ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင် ခဲ့မှုကြောင့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ နိုင်ငံတော်နှင့် တပ်မတော်၏တာဝန်များကို ကျေပွန်စွာထမ်းဆောင် နိုင်ခဲ့သဖြင့် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်က သီရိပျံချီဘွဲ့ ပေးအပ်ချီးမြှင့် ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် B.Sc (D.S.A) နှင့် ၂၀၀၁ ခုနှစ်တွင် M.A (Defence Studies) ပညာရေးဆိုင်ရာဘွဲ့များရရှိခဲ့သည်။  ၂၀၁၅ ခုနှစ်   သြဂုတ်လတွင်   တပ်မတော်မှ   သက်ပြည့်အငြိမ်းစားယူ ခဲ့သည်။ 
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်(ငြိမ်း)  (ဝေလွင်မောင်)သည် ဇနီး  သီရိသုဓမ္မသိင်္ဂီ ဒေါ်ဆွေဆွေဦးနှင့်အတူ သား၊ သမီး၊ မြေးမိသားစုများ ဖြင့် နေပြည်တော်တွင် နေထိုင်လျက်ရှိသည်။

ဝေလွင်မောင်