
သူရိန်
ပြည်ထောင်စုမြန်မာနိုင်ငံရှိ နိုင်ငံသား အများပြည်သူတို့အတွင်း ပဒေသရာဇ်စနစ်နှင့် ကိုလိုနီနယ်ချဲ့စနစ်၏ ဆိုးမွေတစ်ရပ်အဖြစ် လွတ်လပ်ရေး မရမီကာလ တိုင်အောင် စာမတတ်သူဦးရေ ထုထည်ကြီးမားစွာ ရှိနေခဲ့ကြသည်။ ဤဆိုးမွေကြောင့်ပင် မြို့ပြဒေသများထက် ကျေးလက်ဒေသ တို့၌ စာမတတ်သူဦးရေ ပိုမိုများပြားပြီး အမျိုးသားဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက အမျိုးသမီးဦးရေသည် ပိုမိုများပြားနေကြောင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွင် လေ့လာသိရှိခဲ့ရပါသည်။ နိုင်ငံတစ်နိုင်ငံအတွင်း စာမတတ်သူဦးရေ ထုထည်ကြီးမားစွာ ရှိနေခြင်း သည် ထိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအဟန့်အတားဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်ကြောင်း တွေ့ရှိရပါသည်။
နိုင်ငံသားတိုင်းအတွက် အမျိုးသားရေးတာဝန်
ထိုသို့သောအကြောင်းကြောင့်လည်း “အခြေခံပညာကို လူတိုင်း သင်ယူနိုင်ခွင့်ရရှိစေရမည်” ဟူသော နိုင်ငံတော်၏ ပညာရေးမူဝါဒနှင့် အညီ အခြေခံပညာ၏ အရင်းခံပဓာနဖြစ်သော စာဖတ်တတ်မှု၊ စာရေး တတ်မှုနှင့် တွက်ချက်တတ်မှု (Reading, Writing and Arithmetic – 3 Rs) ဟူသည့် “အ” သုံးလုံးကျေရေး (သို့မဟုတ်) အခြေခံစာတတ် မြောက်ရေးသည် နိုင်ငံသားတိုင်းအတွက် အမျိုးသားရေးတာဝန် တစ်ရပ်ပင် ဖြစ်လာပေတော့သည်။
မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးလှုပ်ရှားမှုများကို ပြန်ပြောင်း ကြည့်မည်ဆိုပါက လွတ်လပ်ရေးရပြီးစအခါက လူထုပညာရေး အက်ဥပဒေကို ပြဋ္ဌာန်းပြီး “အ”သုံးလုံးကျေသင်တန်းများ ဆောင်ရွက် ခဲ့ကြသည်။ ၁၉၅၂ ခုနှစ်မှစ၍ ဘုန်းတော်ကြီးကျောင်းပညာရေး စီမံကိန်းကိုဖော်ဆောင်ပြီး အစိုးရမူလတန်းကျောင်းမရှိသော ဒေသ များတွင် ကလေးငယ်များ ကျောင်းနေနိုင်ရေးနှင့် အခြေခံစာတတ် မြောက်ရေးအတွက် ပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ကြသည်ကိုလည်း မြန်မာနိုင်ငံစာတတ်မြောက်ရေး မော်ကွန်းမှတ်တမ်းများအရ တွေ့ရှိခဲ့ ရပါသည်။
အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ သည့်အပြင် ၁၉၆၄ ခုနှစ်တွင် မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် အရှေ့ စံပြကျေးရွာ၌ နွေရာသီ “အ” သုံးလုံးကျေ မျက်ဖွင့်သင်တန်းကို စေတနာ့ဝန်ထမ်း လုပ်အားပေးများဖြင့် ဖွင့်လှစ်ပို့ချခဲ့ကြမှုအပေါ် စာတတ်မြောက်ရေးလုပ်ငန်းဖော်ဆောင်မှု၏ ပဏာမရှေ့ပြေး ဆောင်ရွက်မှုတစ်ရပ်အဖြစ် စံနမူနာပြုခဲ့ကြရသည်။
“ကိုလိုနီ ထိုစနစ်က
ချန်ရစ်တဲ့ ဆိုးအမွေ
ဒို့တတွေ အကျေဆပ်
စာတတ်ပြီလေး။” ဟူ၍ မိတ္ထီလာခရိုင်သားတို့၏ ကြွေးကြော်သံ များဖြင့် သိုက်သိုက်ဝန်းဝန်း ဆောင်ရွက်ခဲ့ကြသလို ပြည်ခရိုင်အနေ ဖြင့်လည်း-
“တစ်အိမ်လုံး စာတတ်
တစ်ရပ်လုံး ကူညီ
တစ်ပြည်လုံး နိုးကြား
ဒို့အင် ဒို့အား ပြည်ထွန်းကား။” ဖို့ ဟူသော လှုံ့ဆော်မှုများဖြင့် ဆော်သြဆောင်ရွက်ခဲ့ကြသည်မှာလည်း ကြည်နူးစရာများအဖြစ် သိရှိခဲ့ရပါသည်။ ထို့နောက် ၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အတွင်း သက်ကြီးစာမတတ်သူ ပပျောက်ရေးလုပ်ငန်း “အ” သုံးလုံးကျေ သင်တန်းများကို စေတနာ့ဝန်ထမ်းများဖြင့်ပင် နိုင်ငံနှင့်အဝန်း စမ်းသပ်ဆောင်ရွက်ခဲ့ကြပြန်သည်။
ထိုသို့သော နမူနာကောင်းများကို အခြေခံပြီး နွေရာသီ “အ” သုံးလုံးသင်တန်းများ၊ နယ်စပ်ဒေသ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများနှင့် ပြည်နယ်လုံးကျွတ်၊ ခရိုင်လုံးကျွတ် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန် မြှင့်ကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်ကို လည်း တွေ့မြင်ခဲ့ရပါသည်။
ဤသို့ဆောင်ရွက်ခဲ့ကြရာတွင် စာမတတ်သူ (စာသင်သား)များ လေ့လာသင်ယူနိုင်ရေးအတွက် သက်ကြီးမြန်မာဖတ်စာ ဖတ်စာအုပ် များ အသုံးပြု၍လည်းကောင်း၊ သက်ကြီးမြန်မာဖတ်စာကို အခြေပြုပြီး ဖြည့်စွက်ပြုစုထားသော အခြေခံစာတတ်မြောက်ရေး အခြေခံစာစဉ် အဆင့်(၁)၊ အဆင့် (၂)နှင့် အဆင့် (၃)တို့ဖြင့် အသုံးပြု၍လည်းကောင်း၊ အဆင့်ဆင့်ပြောင်းလဲပြင်ဆင်ကာ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း အထောက်အကူပြု သင်ခန်းစာဖတ်စာများအဖြစ် အသုံးပြုခဲ့ ကြပါသည်။ ထိုမှတစ်ဆင့် ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ အဆိုပါ အခြေခံစာစဉ်များ အဆင့် (၁)၊ (၂)နှင့် (၃) တို့ကို ပေါင်းစည်း မွမ်းမံပြီး အခြေခံစာတတ်မြောက်ရေး “မြန်မာစာစာစဉ်” နှင့် “အခြေခံသင်္ချာစာစဉ်”အဖြစ် စာတတ်မြောက်ရေးစာစဉ်များကို ခွဲခြားပြုစုကာ ယနေ့ထက်တိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ရာ တွင် အသုံးပြုသင်ကြားပေးလျက်ရှိကြောင်း တွေ့ရှိ ရပေသည်။
မြန်မာစာသင်ပြမှုအတွက် စာဖတ်စာရေးကို မြန်မြန်နှင့် မြဲမြဲစွဲ သွားအောင် သင်ယူနိုင်စေရန်နှင့် စာဖတ်စာရေးခြင်း “အရေး၊ အဖတ်” သင်ယူလေ့ကျင့်စဉ်၌ပင် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ အတွေးအခေါ် တိုးပွားစေရန် ရည်ရွယ်သတ်မှတ်ပြီး ပြုစုထားခြင်း ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အခြေခံစာစဉ်များပြုစုရာတွင် သင်စာပိုင်းနှင့် လုပ်ငန်းစာပိုင်းဟူ၍ ကဏ္ဍခွဲခြားပြုစုထားသည်။ စာမတတ်ကြသူများဖြစ်သော်လည်း လက်တွေ့ဘဝတွင် ဂဏန်းသင်္ချာ များကို အနည်းနှင့် အများအသုံးပြုနေရသည့်အတွက် သင်ယူသူများ၏ “စိတ်တွက်” ဖြင့် တွက်ချက်မှုမှသည် “ရေးတွက်” လေ့ကျင့် တတ်ကျွမ်းမှုကိုပါ ကျွမ်းကျင်စေရန်အလို့ငှာ ကိန်းရေးကိန်းဖတ် “အရေး”“အဖတ်” လေ့ကျင့်ခြင်း၊ ကိန်းစနစ်လေ့ကျင့်ခြင်းနှင့် အခြေခံတွက်ချက်မှု “အတွက်”များပါဝင်သော “အခြေခံသင်္ချာစာစဉ်” ကို တစ်ပါတည်း သင်ယူစေခြင်းဖြစ်ပါသည်။ အဆိုပါစာစဉ်များအပြင် “အခြေခံစာစဉ်များသင်နည်း လမ်းညွှန်” စာအုပ်ကိုပါ ပြုစုထုတ်ဝေ ထားပြီး နည်းပြသင်တန်းပို့ချရာတွင် အသုံးပြုဆောင်ရွက်လျက် ရှိနေကြောင်း တွေ့ရှိရပါသည်။
ကူညီလမ်းညွှန်သင်ကြားပေး
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် “လုံးဝ စာမတတ်သူများ” နှင့် “အနည်းအကျဉ်း ရေးတတ်ဖတ်တတ်သူများ” ဟူ၍ နှစ်မျိုးပိုင်းခြားနိုင်ပြီး ၎င်းတို့ကို “အရေး” “အဖတ်” “အတွက် အချက်” ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ အသက် ၁၅ နှစ်မှ ၄၅ နှစ်အရွယ်အထိ အသက်အရွယ်အပိုင်းအခြားတွင် လူငယ် လူလတ်ပိုင်း အရွယ်များအပါအဝင် သက်ကြီးများကို အဓိကသင်ကြား ပေးနေကြောင်းနှင့် ထိုသို့ကွဲပြားခြားနားသော သင်ယူသူများကို စာဖတ်ဝိုင်း၊ စာသင်ဝိုင်းဖွဲ့ရာတွင် အခြေခံသဘောသဘာဝ တူရာ အုပ်စုခွဲ၍ သင်ပြခြင်းဖြင့် သင်ပြမှုပို၍ ထိရောက်နိုင်ကြောင်းကိုလည်း တွေ့ရှိရပါသည်။ လုံးဝ စာမတတ်သေးသောသူများကို စာတတ် သွားစေရန်နှင့် အနည်းအကျဉ်း ရေးတတ်ဖတ်တတ်သူများကို ပို၍ တတ်မြောက်သွားစေရန်၊ ပို၍ ကျွမ်းကျင်စေရန် ကူညီပံ့ပိုးသူ (သင်ပြ သူ ဆရာဆရာမများ)က ကူညီလမ်းညွှန်သင်ကြားပေးရန် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် သင်ယူ သူများသည် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ၃ နာရီနှုန်းဖြင့် ရက်ပေါင်း ၄၀ အတွင်း၊ အနည်းဆုံးစာသင်ချိန် နာရီပေါင်း ၁၂၀ ခန့်မျှ မဖြစ် မနေ သင်ယူရမည်ဖြစ်ပေသည်။ ထိုသို့သင်ယူရာတွင် သာမန်ဉာဏ်ရည် ရှိသူဆိုပါက အဆိုပါနာရီပေါင်း ၁၂၀ ခန့်တွင် မြန်မာစာအရေးအဖတ်နှင့် အခြေခံသင်္ချာအတွက်အချက်တို့ကို သင်ယူတတ်မြောက်နိုင်သည့် သာဓကများရှိခဲ့သော်လည်း စာကိုစွဲစွဲမြဲမြဲ ဖတ်တတ်စေရန်နှင့် ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်စေရန်၊ တွက်ချက်တတ်စေရန်အလို့ငှာ ပိုမိုအချိန်ယူ သင်ကြားစေသင့်သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။
သို့ရာတွင် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါပိုး ကူးစက်ခံရမှုများ စတင်တွေ့ရှိလာခဲ့ရာမှ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လာခဲ့ကြသော အခြေခံစာတတ် မြောက်ရေးလုပ်ငန်းသည် ယခင်ကလို မြို့ပြကျေးလက်ဒေသများသို့ ကွင်းဆင်းသွားရောက်ကာ သင်ကြားသူများနှင့် သင်ယူသူများအကြား လက်ပွန်းတတီးဖြင့် နီးနီးကပ်ကပ် သင်ကြားပို့ချခြင်းများ မဖြစ် နိုင်တော့ဘဲ တစ်ဦးနှင့်တစ်ဦးကြား သတ်မှတ်အကွာအဝေးတစ်ခုမှ တွေ့ဆုံဆက်ဆံရသည့်အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပေတော့ သည်။ ယခုအခါ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်း ၁ ဒသမ ၅၃ ရာခိုင်နှုန်းအထိ လျော့ကျလာသည်ကို တော့ မြင်တွေ့နေကြရပြီဖြစ်သော်ငြားလည်း ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအရ ဆက်လက်ကျင့်သုံးရန် လိုအပ်နေဆဲ ဖြစ်ပါသည်။
နည်းပညာအကူအညီရယူ
ယခုလို ကမ္ဘာ့ကပ်ဘေးကြုံနေစဉ်ကာလနှင့် ကပ်ဘေးအလွန် ကာလများတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ခုဖြစ်သော အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကို ပြန်လည်အသက်သွင်း လုပ်ဆောင်နိုင် ရန်အတွက် နည်းပညာအကူအညီရယူလျက် Online အသုံးပြု သင်ကြားသင်ယူမှုများကို ပိုမိုထိရောက်လာစေရန်အလို့ငှာ လက်ရှိ အသုံးပြုသင်ကြားနေသော အခြေခံစာတတ်မြောက်ရေး မြန်မာစာနှင့် အခြေခံသင်္ချာဖတ်စာအုပ်ပါ သင်ခန်းစာများကို ရုပ်မြင်သံကြားသင်ခန်း စာများအဖြစ်လည်းကောင်း၊ YouTube, Website များတွင် သင်ခန်းစာ (Video Clip) များအား လွှင့်တင်ခြင်းဖြင့်လည်းကောင်း အသွင်သစ် ဖန်တီးကာ ရိုက်ကူးထုတ်လုပ်ခြင်းများကို သတ်မှတ်အသုံးပြုလျက်ရှိ သော သင်ကြားရေးနည်းစနစ် (Teaching Methodology) များနှင့် အညီ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက စမ်းသပ် ဆောင်ရွက်နေကြပြီ ဖြစ်ပေသည်။
ထိုသို့ စမ်းသပ်ရိုက်ကူးပြီးဖြစ်သော အခြေခံစာတတ်မြောက်ရေး မြန်မာစာနှင့် အခြေခံသင်္ချာသင်ခန်းစာအပိုင်းများကို ပညာရေး ဝန်ကြီးဌာန မြန်မာ့ပညာရေးရုပ်သံလိုင်း (Myanmar Education Channel) အစီအစဉ်များတွင် ထုတ်လွှင့်ပြသခြင်းဖြင့်လည်း ကောင်း၊ YouTube Channel မှ DAE - Myanmar School Education Lessons (https://www.youtube.com/DAE-MyanmarSchool EducationLessons) တွင် ဖော်ပြပေးထားခြင်းဖြင့်လည်းကောင်း သင်ယူလေ့လာနိုင်မှု အခွင့်အလမ်းသစ်များ ဖန်တီးလုပ်ဆောင်နေကြ ပြီလည်း ဖြစ်ပေသည်။
ကိုယ်ထူကိုယ်ထ သင်ယူနိုင်ကြမည်
အဆိုပါသင်ခန်းစာများကို ရုပ်သံလိုင်းများက ထုတ်လွှင့်ပြသရုံမျှ မက YouTube Channel တွင်ပါ အချိန်မရွေး ဝင်ရောက်လေ့လာနိုင် မည်ဖြစ်သည့်အတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် ပါဝင်လုပ်အားပေးဆောင်ရွက်ကြမည့် Facilitators (ကူညီပံ့ပိုးသူ ဆရာဆရာမများ) အနေဖြင့်လည်း သင်ကြားမှုအထောက်အကူပြုသင်ခန်းစာများကို ကိုယ်တိုင်လေ့လာပြီး ပြန်လည်အသုံးချနိုင်မည် ဖြစ်ပေရာ မိမိတို့မျှော်မှန်းထားသည့် ရပ်ရွာလူထုအခြေပြု စာတတ် မြောက်ရေး (Community-Based Literacy)၊ လုပ်ငန်းခွင်အခြေပြု စာတတ်မြောက်ရေး (Factory-Based Literacy)နှင့် မိသားစုအခြေပြု စာတတ်မြောက်ရေး (Family-Based Literacy) ပုံစံများ အသုံးပြု၍ မိမိတို့အသိုက်အဝန်းအတွင်း ကိုယ်ထူကိုယ်ထ သင်ယူနိုင်ကြတော့မည် ဖြစ်ပေသည်။
ယခင်က မျက်နှာချင်းဆိုင် (Face-to-Face) တွေ့ဆုံသင်ကြားခြင်း မှသည် ယခုလို Online နည်းပညာအသုံးပြုသင်ကြားပေးခြင်းဖြင့် သင်ယူသူများသည် အသက်အရွယ်မရွေး မိမိတို့ အဆင်ပြေမည့် မည်သည့်နေရာတွင်မဆို၊ မည်သည့်အချိန်တွင်မဆို၊ လေ့လာသင်ယူနိုင်ကြမည်ဖြစ်ပေရာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုအန္တရာယ်မှလည်း ကာကွယ်ရာရောက် သလို အချို့သော စာမတတ်သူများအနေဖြင့် မိမိအလိုဆန္ဒအရ ကိုယ်တိုင်လေ့လာခြင်းအားဖြင့် ရပ်ရွာအတွင်းနှင့် မိတ်ဆွေများ အချင်းချင်း အခြားသူများက မိမိအား စာမတတ်သူအဖြစ် ထင်မြင်ခံရ ခြင်းမှလည်း အထိုက်အလျောက် အကာအကွယ်ရရှိနိုင်ခြင်းတို့ ကြောင့် များစွာထိရောက်အကျိုးများမည်ဟု ယုံကြည်မိသည်။
သို့ပါ၍ စာမတတ်သူများအနေဖြင့် ယခင်ကလို အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများကို မိမိတို့ဒေသသို့ ကွင်းဆင်းအကောင် အထည်ဖော်ဆောင်ချိန် ကြုံကြိုက်မှသာ သင်ယူခွင့်ရခြင်း မဟုတ် တော့ဘဲ မိမိအိမ်တွင်ပင် အချိန်မရွေး သင်ယူလာနိုင်တော့ကြမည်ဖြစ် ပေသည်။ အလားတူပင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသုံး မြန်မာစာနှင့် အခြေခံသင်္ချာစာစဉ်များ၊ အခြေခံစာစဉ်များ သင်ပြ နည်း စာအုပ်များကိုလည်း သင်ခန်းစာ Video များတွင် ဖော်ပြပါရှိသော လိပ်စာဖုန်းနံပါတ်များသို့ ဆက်သွယ်၍ လွယ်ကူစွာ တောင်းခံရရှိနိုင် မည်ဖြစ်ရာ Online မှလည်းကောင်း၊ Myanmar Education Channel မှလည်းကောင်း ထုတ်လွှင့်မည့် သင်ကြားရေးအထောက်အကူပြု Video Clip များနှင့် ဆက်စပ်၍ ရပ်ရွာလူထုအတွင်း၊ လုပ်ငန်းခွင်အတွင်း နှင့် မိသားစုအတွင်း လွယ်ကူစွာ သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်မည့် အခြေအနေကောင်းတစ်ရပ်အဖြစ် ဖန်တီးထားကြောင်း တွေ့ရှိရမည် ဖြစ်ပေသည်။
အဆိုပါ မြန်မာစာနှင့် အခြေခံသင်္ချာစာစဉ်များဖြင့် သတ်မှတ်ထား သော “အရေး”“အဖတ်” “အတွက်အချက်” ဆိုင်ရာစံနှုန်းများ သင်ယူ တတ်မြောက်သွားပါက စဉ်ဆက်ပညာရေးအစီအစဉ် (Continuing Education – CE)အရ စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ် (Post Literacy Programme) ကို မဖြစ်မနေ ဆက်လက်သင်ယူရမှာဖြစ်သည့် အပြင် ဝင်ငွေတိုးပွားရေးအစီအစဉ် (Income Generation Program) (၁)၊ (၂) နှင့် ဘဝသာယာရေးအစီအစဉ် (Quality of Life Improve-ment Programme) (၁)၊ (၂) တို့ကို ဆက်လက်သင်ယူရန် လိုအပ်မည် ဖြစ်ပါသည်။ သို့ပါ၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအစီအစဉ် များကို နည်းပညာအကူအညီရယူလျက် Online အသုံးပြု သင်ကြား နည်းစနစ်များကို ဆောင်ရွက်ခြင်းဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေနိုင်ခြင်း မရှိခဲ့၍ စာတတ်မြောက်ခြင်း မရှိခဲ့ကြသူများ၊ ကျောင်းနေခဲ့ဖူးသော်လည်း ကျောင်းစောထွက်ခဲ့ရ၍ စာရေးစာဖတ် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခြင်းမရှိခဲ့ကြသူများနှင့် လုံးဝ စာမတတ်သူများ ဧကန်အမှန် ပပျောက်လျက် မိသားစုအကျိုး၊ ရပ်ရွာအကျိုးနှင့် နိုင်ငံ့အကျိုးကို ပို၍ပို၍ ဆောင်ရွက်နိုင်ကြမည် ဟု ယုံကြည်မျှော်လင့်မိပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။ ။
- Log in to post comments