
ကျောက်ကပ်အစားထိုးသည့် ခွဲစိတ်ကုသမှုများ ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နိုင်မည့် အခြေအနေများကြိုးပမ်းဆောင်ရွက်
နေပြည်တော် ဇွန် ၁
နှလုံးရောဂါနှင့် ဆီးနှင့် ကျောက်ကပ်ရောဂါ ဆေးကုသမှုလုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက် နံနက် ၉ နာရီက နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေး မှူးချုပ် ဦးစိန်ဝင်း၊ ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်ထွန်း၊ ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များမှ နှလုံးရောဂါဆေးပညာ၊ နှလုံးခွဲစိတ် ကုသမှုဆေးပညာ၊ ဆီးနှင့် ကျောက်ကပ်ဆေးပညာ၊ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုသမှု ဆေးပညာရပ် ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ တက် ရောက်ကြသည်။
ခွဲစိတ်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်ရေး
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါလူနာများ လျော့နည်းလာခြင်းကြောင့် ပြည်သူ့ဆေးရုံများ၏ ကုသရေးလုပ်ငန်းများအားလုံး ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်ရေး၊ အထူးကု ဘာသာရပ်များ ပြန်လည်အားဖြည့် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်အတွင်း ပိုမိုဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အထူးကုဘာသာရပ်များ၏ ပါမောက္ခ/ဌာနမှူးများ၊ တာဝန်ခံအထူးကုဆရာဝန်ကြီးများကို ဘာသာရပ်အလိုက် တွေ့ဆုံ၍ လက်ရှိဆောင်ရွက် နိုင်မှုအခြေအနေနှင့် အားဖြည့်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုများ၊ ကင်ဆာ ရောဂါ ဓာတ်ရောင်ခြည် ကုသမှုများ၊ အဏုမြူ ရောင်ခြည်ကုသမှုများအတွက် ဆောင်ရွက်ပြီးဖြစ်ကာ ယနေ့တွင် နှလုံးရောဂါနှင့် ဆီးနှင့် ကျောက်ကပ်ရောဂါ ဆိုင်ရာ ဆေးကုသမှုများ၊ ခွဲစိတ်ကုသမှုများ ပိုမို ဆောင်ရွက်နိုင်စေရေးအတွက် ညှိနှိုင်းဆွေးနွေးကြရန် ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပါကြောင်း။
စက်ပစ္စည်းရန်ပုံငွေနှင့် လူအင်အား
ဆောင်ရွက်ပေးမည်
ပြည်သူ့ဆေးရုံများ၌ နှလုံးနှင့် သွေးကြောဆိုင်ရာ ကုသမှုများ၊ နှလုံးရောဂါ ခွဲစိတ်ကုသမှုများနှင့်အတူ နှလုံး အထူးကြပ်မတ်ကုသခန်းများ၊ ကျောက်ကပ် သန့်စင်ခြင်း လုပ်ငန်းများ၊ ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်ကုသမှုများ အင်အား ပြည့်ဆောင်ရွက်နိုင်ရန်၊ ကျောက်ကပ်အစားထိုး သည့် ခွဲစိတ်ကုသမှုများ ပြန်လည်စတင်နိုင်ရန် အတွက် ဆေးရုံ၊ ဌာနအချင်းချင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ ညှိနှိုင်းကာ အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ်မည့် စက်ပစ္စည်း၊ ရန်ပုံငွေနှင့် လူအင်အားကို ရရှိနိုင်မည့် နည်းလမ်း များဖြင့် အားဖြည့်ဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း။
ဆေးတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် လက်ထောက်ဆရာဝန်များ လေ့ကျင့်မွေးထုတ်ပေးခြင်း၊ ဆေးပညာဘွဲ့ ရရှိပြီးသူ များကို လက်ထောက်ဆရာဝန် လျှောက်လွှာများ ခေါ်ယူခြင်း၊ ဘွဲ့လွန်သင်ကြားရေး လုပ်ငန်းများ ဖွင့်လှစ်ခြင်းဖြင့် အထူးကုဆရာဝန်များ ပိုမိုမွေးထုတ် ခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သူနာပြုအင်အား လိုအပ်ချက်အတွက် အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေကြောင့် ယာယီရပ်ဆိုင်းခဲ့သော ကျောက်ကပ်သန့်စင်ခြင်းသင်တန်းနှင့် အရေးပေါ် နှလုံးအထူးကြပ်မတ်ကုသမှုဆိုင်ရာ ပုံမှန်သင်တန်း များကို ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ကြရန်ဖြစ်ပါ ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှလည်း လိုအပ် သည့် အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများကို ကူညီဆောင်ရွက်ပေးနေ ပါကြောင်း။
မိမိတို့ဘာသာရပ်အလိုက် ရေရှည်ဖွံ့ဖြိုးတိုးတက် အောင် လက်ရှိတာဝန်ယူဆောင်ရွက်နေသူများ၏ ဆောင်ရွက်ချက် အရေးကြီးပါကြောင်း၊ ဆေးရုံ၊ ဌာနအလိုက် ဦးဆောင်သူများ၏ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းဖြင့် အခက်အခဲများကို ကျော်လွှား နိုင်မည် ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေးအတွက် ပါမောက္ခ/ဌာနမှူးများအနေ ဖြင့် အလေးထား ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ပြည်တွင်း ပြည်ပ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်း များကိုလည်း ချိတ်ဆက်ဆောင်ရွက်ကြရန် လိုပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လူ့စွမ်းအား အရင်းအမြစ်နှင့် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာ အထူးကုဘာသာရပ်အလိုက် ပြည်ပနိုင်ငံများသို့ သင်တန်းများ ရွေးချယ်စေလွှတ် ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ကျန်းမာရေးစောင့်ရှောက်မှု လစ်ဟင်းခြင်းမရှိအောင်
ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက ဆေးရုံအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လိုအပ်ချက် များ၊ လုပ်ငန်းရပ်ဆိုင်းနေသည့် ဆေးရုံများ၌ ပြန်လည်စတင်နိုင်မည့် အစီအစဉ်များကို တင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များက လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အထူးကု ဘာသာရပ်အသီးသီး၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ လူအင်အား နည်းပါးခြင်းကြောင့် ပြည်သူလူထုအတွက် အမှန် တကယ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ လစ်ဟင်းသွားရခြင်းမရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားကြောင်း သတင်း ရရှိသည်။
သတင်းစဉ်