နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် ဆောင်ရွက်နေသူ မိုးညှင်းမြို့နယ် NLD ပါတီဝင် သက်ထားနှောင်း (ခ) သက်သူဇာခိုင်အား ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့၌ ဖမ်းဆီးရမိ

နေပြည်တော်   ဩဂုတ်   ၂၄


တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားရေးဆောင်ရွက်နေသူ ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသော မိုးညှင်းမြို့နယ် NLD ပါတီဝင် သက်ထားနှောင်း(ခ)သက်သူဇာခိုင်ကို ဩဂုတ် ၄ ရက်တွင် မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ကုန်းရပ်ကွက် အိမ်အမှတ်(၁၄)ရှိ သစ္စာရှင်အထည်ဆိုင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူ   သက်ထားနှောင်း၏    ထွက်ဆိုချက်အရ KIA သောင်းကျန်းသူအဖွဲ့ထံသို့ ဆန်နှင့်စားသောက်ကုန်များ ပို့ဆောင်ပေး သူများဖြစ်သည့် KIA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ တူးမိုင်နှင့် သန်းကြိုင်တို့ နှစ်ဦးကို ဩဂုတ် ၁၄ ရက်တွင်  ဟိုပင်မြို့  နတ်ကြီးကုန်းရပ်ကွက်ရှိ သန်းကြိုင်၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
သက်ထားနှောင်း၏ ထွက်ဆိုချက်အရ ၎င်းသည် ပူတာအိုမြို့နယ် NLD ပါတီဝင် ဒိန်ခန်ဖုန်(ခ)ခန်လင်နှင့်အတူ တရားမဝင် အဖွဲ့အစည်း ဖြစ်သည့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing of Kachin State Hluttaw-CRKH)အဖွဲ့ကို ဖေဖော်ဝါရီ  ၈ ရက်တွင်   အဖွဲ့ဝင် ၂၁ ဦးဖြင့်  လည်းကောင်း၊    မိုးညှင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို    မတ် ၄ ရက်တွင်    အဖွဲ့ဝင် ၂၇ ဦးဖြင့် လည်းကောင်း၊ မိုးညှင်းမြို့နယ်အတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ရန် KIA တပ်မဟာ(၈)ထောက်ပံ့ ရေးအဖွဲ့(TMH-8 Support Team)အဖွဲ့ကို အဖွဲ့ဝင် ၁၀ ဦးဖြင့် လည်း ကောင်း ဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH တို့၏ ပံ့ပိုးကူညီမှုဖြင့်   KIA   သောင်းကျန်းသူနယ်မြေအတွင်း အကြမ်းဖက်သင်တန်းဖွင့်လှစ်နိုင်ရန် ဆောက်ရွက်ခဲ့ကြောင်း။


သက်ထားနှောင်းသည် KIA သောင်းကျန်းသူအဖွဲ့နယ်မြေအတွင်း ရှိ PDF အဖွဲ့များ သင်တန်းတက်ရောက်နိုင်ရန်နှင့် အကြမ်းဖက်လုပ်ငန်း များအား ဆောင်ရွက်နိုင်စေရန် လိုအပ်သောရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများကို ချိတ်ဆက်ဝယ်ယူပို့ဆောင်ခြင်းအား အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့ပြီး လိုအပ်သောငွေကြေးထောက်ပံ့မှုအား NLD ပါတီဝင် များဖြစ်သည့် အကြမ်းဖက်အဖွဲ့အစည်း CRPH အဖွဲ့ဝင် ဖြူဖြူသင်း (၂၀၁၂ ခုနှစ် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ NUG အဖွဲ့ဝင် ရွှေပုံ(၂၀၁၅ ခုနှစ် ပဲခူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ တင်အေး(၂၀၁၅ ခုနှစ် မိုးညှင်း မြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ မင်းဆွေနိုင်(၂၀၁၅ ခုနှစ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၆) အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ကျော်စွာဝင်း (ကသာမြို့နယ် NLD ပါတီဝင်)၊ ဝင်းဇော် (၂၀၁၅ ခုနှစ် ကသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၇)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊   မျိုးကျော် (မိုးညှင်း မြို့နယ် NLD ပါတီဝင်)၊ ခင်နှင်းထွေး (မိုးညှင်းမြို့နယ် NLD ပါတီဝင်)၊ ခင်မကြီး(၂၀၁၅ ခုနှစ် မဲဆန္ဒနယ်အမှတ်(၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ မိုးညှင်းမြို့နေ ကျော်ခိုင်ဝင်း၊ ‌ဝေယံနှင့် ဟိုပင် မြို့နေ မချိုတို့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း။


သက်ထားနှောင်းသည် ဇူလိုင် ၂၅ ရက်တွင် NLD ပါတီမှ ဝင်းနိုင် (၂၀၁၅ ခုနှစ် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် ဖြူဖြူသင်း အပါအဝင် NLD ကိုယ်စားလှယ်များနှင့် တရားမဝင်ဖွဲ့စည်းထားသော ကချင်အမျိုးသားနိုင်ငံရေး ညှိနှိုင်းဖြေရှင်း ရေးအဖွဲ့(Kachin Political Interim Coordination Team-KPICT) တို့ဖြင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Zoom Meeting ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ပြင် ဇွန် ၂၉ ရက်တွင် Signal Application မှတစ်ဆင့် ကချင် ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် တရားမဝင်ဖွဲ့စည်းထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ မြို့နယ်အလိုက် တပ်မတော်၏ ထိန်းချုပ်ထားရှိမှု၊    ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် မြို့နယ်အလိုက် PDF အဖွဲ့များ ဖွဲ့စည်းထားမှု၊ နယ်မြေအလိုက် KIA သောင်းကျန်းသူအဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားမှုနှင့် ပတ်သက်သည့်အချက်များကို NUG အဖွဲ့ထံသို့ ပေးပို့ဖြန့်ဝေခဲ့ကြောင်း။ 


ဖမ်းဆီးရမိသူ တူးမိုင်၏   ထွက်ဆိုချက်အရ   ၎င်းသည် KIA သောင်းကျန်းသူအဖွဲ့မှ တပ်မဟာ(၈) ဒုတပ်မဟာမှူးအဆင့်ရှိ အောင်ဂျာ ၏ စေခိုင်းချက်အရ ဟိုပင်နှင့် မိုးညှင်းမြို့နယ်များရှိ NLD ပါတီဝင် များနှင့်ချိတ်ဆက်၍ သင်တန်းတက်ရောက်နေသည့် PDF အဖွဲ့များ အတွက် ရိက္ခာသယ်ယူပို့ဆောင်ရေးတာဝန်ကို ဆောင်ရွက်လျက်ရှိသည့် အပြင် KIA သောင်းကျန်းသူနယ်မြေအတွင်းသို့ အကြမ်းဖက်သင်တန်း တက်ရောက်မည့် အစွန်းရောက်လူငယ်များကို ပို့ဆောင်ပေးရကြောင်း။
ဖမ်းဆီးရမိသူ သန်းကြိုင်၏ ထွက်ဆိုချက်အရ PDF သင်တန်း တက်ရောက်နေသူများနှင့် KIA သောင်းကျန်းသူအဖွဲ့အတွက် ရိက္ခာ သယ်ယူပို့ဆောင်ရာတွင် တူးမိုင်နှင့်အတူ ဆောင်ရွက်ရပြီး ဟိုပင်မြို့ မြို့မမြောက်ရပ်ကွက် အောင်နန်းရပ်ရှိ ဌေးလွင်၏ ဆန်စက်တွင် KIA သောင်းကျန်းသူအဖွဲ့ထံသို့ ပေးပို့မည့် ဆန်အိတ်များ ဝယ်ယူသိုလှောင် ထားကြောင်း ဖော်ထုတ်ရရှိသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဆန်အိတ် ၄၀၀ ကို သိမ်းဆည်းရမိခဲ့သည်။


ထို့ပြင် တူးမိုင်၏ ထွက်ဆိုချက်အရ KIA သောင်းကျန်းသူအဖွဲ့ အနေဖြင့် ဩဂုတ်လမှစတင်၍ သင်တန်းဆင်းလူငယ်များကို နေရပ်သို့ ပြန်လည်စေလွှတ်ခြင်းမပြုဘဲ     KIA   သောင်းကျန်းသူအဖွဲ့၏ လက်အောက်စခန်းများတွင် ဖြန့်ခွဲထားရှိကြောင်းနှင့်   ၎င်းတို့အား KIA သောင်းကျန်းသူအဖွဲ့နှင့်ပူးပေါင်း၍ မြို့/ရွာများကို ဖောက်ခွဲဖျက်ဆီး ခိုင်းထားကြောင်း ဖော်ထုတ်သိရှိရသည်။


သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH ၊ NUG နှင့် KIA သောင်းကျန်းသူအဖွဲ့တို့၏ လုပ်ဆောင်ချက်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ၏ အကျိုးစီးပွားများအား  ပျက်စီးစေရန်     ရည်ရွယ်ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရသဖြင့် အဆိုပါ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေသူများအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။      


သတင်းစဉ်