
ရန်ကုန် မတ် ၂၃
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဩဝါဒကထာ မြွက်ကြား
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဆရာတော်၊ သာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရက ရန်ကုန်နှင့် မန္တလေးရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တည်ထောင် ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်း ၃၅ နှစ်ရှိပြီး ယနေ့အထိ ရှင်သန်ရပ်တည် တိုးတက်နေခြင်းမှာ ဆရာဒကာ ဘက်နှစ်ခုလုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ မိမိကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြ၍ ဖြစ်ပါ ကြောင်း၊ မိဘ ဆရာသမားတို့၏ အဆုံးအမဩဝါဒ ကို ခံယူနိုင်ခွင့်ရကြသည့် သားသမီးတပည့်တို့သာ လူ့လောကအလယ်၌ မျက်နှာမငယ် တင့်တင့် တယ်တယ် နေနိုင်သကဲ့သို့ ယခုတက္ကသိုလ်ကြီးများ သည်လည်း ဆရာနှင့်တူသည့် သံဃာတော်အရှင် မြတ်များ၊ မိဘနှင့်တူသည့် ဒကာများ၏ ဓမ္မဝိနယနှင့် လျော်ညီသည့် အဆုံးအမအထောက်အပံ့များကို ခံယူ ရရှိနေကြ၍သာ ယခုလိုအခြေအနေအထိ ရပ်တည် ရှင်သန်နေနိုင်ကြခြင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ကြီး များ၏ ရည်မှန်းဦးတည်ချက်ထဲ၌ အကျင့်သိက္ခာ မြင့်မားစေခြင်းကို အလေးပေးဖော်ပြထားသကဲ့သို့ လက်တွေ့လိုက်နာကျင့်သုံးမှု အပိုင်းမှာလည်း မချို့ယွင်းကြစေရန် အထူးကြပ်မတ်ဆောင်ရွက် သင့်ပါကြောင်း၊ “ပညာရှိ သတိဖြစ်ခဲမို့” သတိပေး တိုက်တွန်းပါကြောင်း ဩဝါဒကထာ မြွက်ကြား သည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟို အဖွဲ့ အတွင်းရေးမှူး သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ တက္ကသိုလ် များ ဗဟိုပညာရေးအဖွဲ့ (၁/၂၀၂၂) အစည်းအဝေး တင်ပြချက်များကိုလည်းကောင်း လျှောက်ထား သည်။
ထို့နောက် တက်ရောက်လာသည့် ဆရာတော် များနှင့် ပညာရှင်လူပုဂ္ဂိုလ်များက တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့(၁/၂၀၂၂)နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေး၍ ဆုံးဖြတ်ချက်(၄) ရပ်ကို ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက်အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ဆရာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
သတင်းစဉ်