နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မိန့်ကြားတော်မူသော သာရဏီယသြဝါဒကထာ

 

(၇၅) ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲအခမ်းအနား၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ 
အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မိန့်ကြားတော်မူသော သာရဏီယသြဝါဒကထာ
 

(၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ( ၅ ) ရက်၊ (၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်၊ အင်္ဂါနေ့)

 

(၇၅)  ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်  ရေးစာမေးပွဲကြီးတွင် မူလအာဘိဓမ္မိက၊ ဒီဃဘာဏက၊ ဝိနယဓရ၊ ဥဘတောဝိဘင်္ဂဓရ၊     ဒီဃနိကာယကောဝိဒ၊      ဝိနယကောဝိဒ၊ ဥဘတောဝိဘင်္ဂကောဝိဒ စသည် ခန်းခန်းအောင်ပွင့်ပန်းကို လန်းလန်း ရွှင်ရွှင် ပန်ဆင်ကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များနှင့်တကွ သာသနာ့ဒါယကာ၊  ဒါယိကာမများ၊  ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ  အမှူးပြုသည့် ဥပါသကာ ဥပါသိကာမအပေါင်း  သူတော်ကောင်းတို့အား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကိုယ်စား အမှတ်ရဖွယ် အောက်မေ့ဖွယ်ရာဖြစ်သော သာရဏီယဩဝါဒစကား မြွက်ကြားလိုပါသည် ဘုရား။
ယင်းဒေသနာတော်အရ မြတ်စွာဘုရားရှင်သည် သာသနာတော် တွင် ပိဋကတ်ကျမ်းဂန်များကို သင်အံကျက်ဆောင်၍ ပရိသတ်ဘောင် အတွင်း ကြောက်ရွံ့ခြင်းကင်းကာ ရဲဝံ့စွာဖြင့် သင်ကြားပို့ချ ဟောပြ နိုင်ပြီး  သာသနာတော်အတွင်း  ချင်းနင်းဝင်ရောက်  ပေါ်ပေါက်ဖြစ် ရှိလာသည့် သူတစ်ပါး၏ မိစ္ဆာဝါဒများကိုလည်း သုတ်သင်ပယ်ရှင်း နှိမ်နင်းနိုင်သည့် အရည်အချင်းပြည့်ရဟန်းတော်များ ထင်ရှားဖြစ်ပေါ် လာစေလိုသော  ဆန္ဒတော်မြတ်  ရှိတော်မူသည်ကို  ကြည်ညိုသိရှိ နိုင်ပါသည် ဘုရား။
ဤသို့အရည်အချင်းပြည့်ရဟန်းတော်များ ထင်ရှားဖြစ်ပေါ်လာ မှသာ သာသနာတော်မြတ်ကြီး အရှည်ခံ့၍ တည်တံ့မည် ဖြစ်ပါသည် ဘုရား။ (၇၅) ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် အောင်မြင်တော်မူကြသည့် အရှင်မြတ် တို့အနေဖြင့် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊  ဓမ္မာစရိယ စာချတန်း စသည်တို့တွင် ဗုဒ္ဓမြတ်စွာဟောမိန့်မှာသည့် ပိဋကတ်ကျမ်းစာများကို အခြေခံအနေဖြင့် သုတ်, ဝိနည်း, အဘိဓမ္မာ တို့မှ  ခွဲခြားသတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း  လေ့လာခဲ့ရသည့် အပြင် (၇၅) ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် ပိဋကတ်ပုံဝက်ကိုသော်လည်းကောင်း၊  ပိဋကတ်တစ်ပုံကို   သော်လည်းကောင်း၊  ပိဋကတ်နှစ်ပုံကို   သော် လည်းကောင်း အာဂုံအရ ကျက်မှတ်ပြန်ဆို အောင်မြင်တော်မူခြင်းသည် ဗုဒ္ဓမြတ်စွာ  လိုလားတော်မူသည့်  အရည်အချင်းရှိ  ပုဂ္ဂိုလ်များတွင် ပါဝင်လျက်ရှိခြင်းကြောင့် အရှင်မြတ်တို့၏ အောင်မြင်မှုကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အနေဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်လျက် ရှိပါသည် ဘုရား။
အရှင်မြတ်တို့အတွက်    အားတက်ဖွယ်ရာ   စစွာအဦး    အထူး လျှောက်ထားလိုသည်မှာ  လူနတ်ဗြဟ္မာသတ္တဝါတို့၏  ဆရာသခင် မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိတော် မူကာ သတ္တသတ္တာဟစံတော်ပြီးနောက် ဥရုဝေလတော အဇပါလ  ညောင်ပင်ရင်း၌ သီတင်းသုံးစံနေတော်မူစဉ် စရိုက်ညံ့ဖျင်း မာရ်နတ် မင်းသည် “ပရိနိဗ္ဗာတု ဒါနိ ဘန္တေ ဘဂဝါ” အစဖြာလျက် လောက ထိပ်တင် မြတ်စွာဘုရားရှင်ကို ပရိနိဗ္ဗာန်စံတော်မူရန် လျှောက်ထား ခဲ့ရာ မြတ်စွာဘုရားရှင်က-
“နတာဝါဟံ  ပါပိမ  ပရိနိဗ္ဗာယိဿာမိ၊  ယာဝ မေ ဘိက္ခူ န သာဝကာ ဘဝိဿန္တိ ဝိယတ္တာ ဝိနီတာ”  အစဖြာလျက်  ယုတ်မာစွာ လတ် ဟယ်မာရ်နတ်၊ ငါဘုရား၏ တပည့်ဖြစ်ကြသော ရဟန်းတို့သည် အထူးထူးသော အရာတို့၌ လိမ္မာမှုမရှိကြသေးသမျှ ဆုံးမအပ်ပြီး သည်  မဖြစ်ကြသေးသမျှ၊  ရဲဝံ့ခြင်းမရှိသေးသမျှ၊  ပိဋကတ်သုံးပုံ ဟူသော ဘုရားဟော စကားတော်ကို များစွာမသင်ကြား မနာကြား အပ်သေးသမျှ၊ ပိဋကတ်သုံးပုံဟူသော တရားတော်ကို မဆောင်နိုင် သေးသမျှ၊ လောကုတ္တရာတရားကိုးပါးအားလျော်သော အကျင့်ကို  မကျင့်နိုင်ကြသေးသမျှ၊     ဝိပဿနာဝိသုဒ္ဓိအကျင့်အားလျော်သော တရားများကို  မကျင့်နိုင်သေးသမျှ၊  မိမိဆရာ  (မြတ်စွာဘုရား)  ၏ ဝါဒကို သင်ကြား၍ မဟောပြ မပို့ချ မသင်ပြနိုင်သေးသမျှ၊ မဝေဖန် နိုင် ပေါ်လွင်ထင်ရှားအောင် မပြုလုပ်နိုင်သေးသမျှ၊ ဖြစ်ပေါ်လာသည့် သူတစ်ပါးတို့  အယူဝါဒကို  အကြောင်းနှင့်တကွသော  စကားဖြင့် နှိမ်နင်းသည်မည်လောက်အောင် နှိမ်နင်း၍ မဟောပြနိုင်သေးသမျှ ငါဘုရားပရိနိဗ္ဗာန်မစံသေး” ဟု သုတ္တန္တပိဋက၊ မဟာဝဂ္ဂပါဠိ၊ မဟာ ပရိနိဗ္ဗာနသုတ်တော် စာမျက်နှာ (၈၇)တွင် လာရှိပါသည် ဘုရား။
အရှင်မြတ်တို့အနေဖြင့်လည်း  “ငါတို့သည်  မြတ်စွာဘုရားရှင် လိုလားအပ်သည့်     ဗဟုသုတဓမ္မဓရ    ပုဂ္ဂိုလ်အမျိုးအစားတွင် ပါဝင်လျက်ရှိကြပြီ” ဟု နှလုံးသွင်းကာ ဝမ်းမြောက်ကြရမည် ဖြစ်ပါ သည် ဘုရား။
ဗုဒ္ဓမြတ်စွာ   သာသနာတော်တွင်   ဗဟုသုတ    ဓမ္မဓရပုဂ္ဂိုလ် သက်သက်မျှသာ ဖြစ်စေလိုသည်မဟုတ်ဘဲ ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ် စစ်စစ်အဖြစ်ရောက်အောင်   ကျင့်ဆောင်ကြိုးကုတ်  အားထုတ်ကြ စေလိုသော ဆန္ဒတော်ရှိသည်ကိုလည်း မာရ်နတ်အား မိန့်ကြားတော် မူသော စကားအရပင် သိရှိနိုင်ပါသည် ဘုရား။
ထို့ကြောင့် အရှင်မြတ်တို့သည် မြတ်စွာဘုရားရှင်လိုလားအပ် သော  ပုဂ္ဂိုလ်အမျိုးအစားတွင် ဓမ္မဓရအရည်အချင်းလောက်ဖြင့် ပါဝင်ရသော ပုဂ္ဂိုလ်အဖြစ်သာ မရပ်တည်ကြဘဲ သင်ကြားအပ်ပြီးသော ပရိယတ်ထဲတွင် ပါရှိသည့် သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးတို့ကို အရှင်မြတ်တို့ ခန္ဓာကိုယ်တွင် ပဋိပတ်အဖြစ်ဖြင့် ရောက်ရှိလာအောင် လုံ့လကြိုးကုတ်  အားထုတ်တော်မူကြခြင်းဖြင့် မြတ်စွာဘုရားရှင် လိုလားအပ်သော    ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်အဖြစ်   ပါဝင်ကြစေလို ပါသည် ဘုရား။
ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်အဖြစ်  ရပ်တည်မှသာ  အရှင်မြတ်တို့၏ ပရိယတ်သည်လည်း မွန်မြတ်လှသော နိဿရဏတ္ထပရိယတ္တိ ဖြစ်ရှိ ကြကာ သာသနာတော်သို့ ဝင်ရောက်ကြသော အမျိုးကောင်းသား ရဟန်းတော်မြတ်တို့၏ ရည်ရွယ်ချက်ဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အမြတ်ဆုံးအကျိုးကို ရရှိသုံးဆောင်ခံစားကြရမည် ဖြစ်ပါသည် ဘုရား။
သာသနာ့ဒါယကာ    ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော် အစိုးရ အမှူးပြုသော ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်း တို့ကလည်း ပရိယတ္တိဘက်မှာရော ပဋိပတ္တိဘက်မှာပါ လေးဖြာပစ္စယ ပြည့်ဝစေရန်  ပြည့်လျှံသော စေတနာ သဒ္ဓါတရားတို့ဖြင့် လေးစား ကော်ရော် ပူဇော်လှူဒါန်းလျက် အထက်တန်းကျသော သာသနာပြု ကုသိုလ်မှုများကို ပွားများအားထုတ် ပြုလုပ်နေကြသည်ကို အရှင်မြတ် တို့လည်း တွေ့မြင်နိုင်ပါသည် ဘုရား။
၄၅ - ဝါကာလပတ်လုံး မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ပရိယတ္တိ တရားတော်များသည် လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာ ကို ပေးစွမ်းနိုင်သဖြင့် ထိုတရားတော်များ မဆိတ်သုဉ်း မကွယ်ပျောက် ရလေအောင်  ဆရာတော်  သံဃာတော်    အရှင်မြတ်များအနေဖြင့် ဆက်လက်၍ သင်ကြားပို့ချ ဟောပြပေးတော်မူကြပါဟု တိုက်တွန်းရင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏   ကိုယ်စား    တပည့်တော်၏ သာရဏီယဩဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသတည်း။

    ဘဒ္ဒန္တစန္ဒိမာဘိဝံသ 
    အကျိုးတော်ဆောင် 
    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့