
ရန်ကုန် နိုဝင်ဘာ ၂
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) ၁၃၈၃-၈၄(၂၀၂၁-၂၀၂၂) ခု၊ ပညာသင်နှစ်အတွက် သာသနတက္ကသီလ ဓမ္မာစရိယတန်း(ပထမ)နှစ်သို့ တက်ရောက်လိုသော ရဟန်း/သာမဏေများသည် အစိုးရပထမကြီးတန်း၊ စေတီယင်္ဂဏစာသင်တန်း၊ သကျသီဟစာသင်တန်းတစ်ခုခု အောင်မြင်ပြီး သက်တော် (၃၀)နှစ်၊ သိက္ခာ(၁၀)ဝါအောက်ရှိရမည်။
သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်)သို့ တက် ရောက်လိုသော ရဟန်း/သာမဏေများသည် သာသနတက္ကသီလဓမ္မာ စရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့၊ စေတီယင်္ဂဏဓမ္မာစရိယဘွဲ့တစ်ခုခုရရှိပြီး သက်တော်(၃၅)နှစ်၊ သိက္ခာ (၁၅)ဝါအောက်ရှိ အရှင်မြတ်များ လျှောက်ထားနိုင်ပါကြောင်း သိရသည်။
ဖြေဆိုကြရမည်
သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမ)နှစ် ဝင်ခွင့်လျှောက် ထားသော ရဟန်း/သာမဏေများသည် အစိုးရပထမကြီးတန်းနှင့် ညီမျှသော ဝိနည်းဆိုင်ရာ (၅) ပုစ္ဆာနှင့် အဘိဓမ္မာဆိုင်ရာ(၅)ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခု၊ ပါဠိဆိုင်ရာ (၅) ပုစ္ဆာနှင့် အထွေထွေဗဟုသုတ (၅) ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခုကို တစ်ရက်စီ စုစုပေါင်းနှစ်ရက် ဖြေဆို ကြရမည်ဖြစ်သည်။
သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမ)နှစ် ဝင်ခွင့်လျှောက် ထားသော ရဟန်း/သာမဏေများသည် သာသနတက္ကသီလဓမ္မာစရိယ တန်း(စတုတ္ထနှစ်)နှင့်ညီမျှသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့ တွင် (က)အတ္ထယောဇနာ (ခ)ဝါကျသဒ္ဒါ (ဂ)အဓိပ္ပါယတ္တ (ဃ) ခေတ် လေ့လာနည်းအားဖြင့် (၁၀)ပုစ္ဆာဖြေဆိုရမည်။ ဒုတိယနေ့တွင် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန့်ပွားဘာသာအားဖြင့် (၁၀)ပုစ္ဆာ ဖြေဆိုရမည်။
ဆက်သွယ်စုံစမ်းနိုင်
သာသနတက္ကသီလဝင်ခွင့် လျှောက်ထားလွှာများကို ၁၃၈၃-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁)ရက်၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ(၄)ရက်၊ ကြာသပတေးနေ့မှ စတင်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ ၁၃၈၃-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၁၆)ရက်၊ အင်္ဂါနေ့နောက်ဆုံးထား၍ လျှောက်လွှာပုံစံများကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်ပြီး အသေးစိတ်သိရှိလိုသော အချက်များကို နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းရုံး(ဖုန်း-၀၉-၅၄၀၀၈၂၈၊ ၀၉-၄၂၅၀၀၈၇၂၈)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်းရုံး (ဖုန်း- ၀၉-၂၀၃၅၅၇၂၊ ၀၉-၂၅၀၂၃၀၇၉၁) တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာတော်ထွန်းကားပြန့်ပွား ရေးဦးစီးဌာနမှ သတင်းရရှိသည်။ သတင်းစဉ်