နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂၀၂၁) အစည်းအဝေးတွင် ပြောကြားသည့် အဖွင့်အမှာစကား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂၀၂၁) အစည်းအဝေးတွင် ပြောကြားသည့် အဖွင့်အမှာစကား

=============================================================================================================

 

(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်)

 

ဒီနေ့ကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ ဧည့်သည်တော်တွေအားလုံးကို ကျန်းမာ၊ ချမ်းသာကြပါ စေလို့ ဆုတောင်းမေတ္တာပို့ရင်းနဲ့ နှုတ်ခွန်းဆက်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ တဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းမှာ COVID-19 သက်ရောက် မှုတွေ ကုစားရေးကိုပါ ထည့်သွင်းထားတဲ့ မြန်မာ့စီးပွားရေး နာလန်ထူရေးနဲ့ ပြုပြင်ပြောင်းလဲရေးစီမံချက်ကို မကြာခင် ထုတ်ပြန်သွားဖို့ရှိပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီတို့ရဲ့ အကြံပြု ချက်တွေနဲ့အတူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန က လုပ်ငန်းအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီး ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံကို ရေးဆွဲခဲ့ပါတယ်။ ကာလတို၊ ကာလလတ်၊ ကာလရှည် မဟာဗျူဟာရည်မှန်းချက်တွေ ပါဝင်ရေးဆွဲထားတဲ့ ဒီလမ်းပြမြေပုံကို COVID-19 ကာလ မြန်မာ့စီးပွားရေး လုပ်ငန်း ပြန်လည်ကုစားရေးအစီအစဉ်နဲ့ ချိတ်ဆက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

 

ပြန်လည်ရှင်သန်ရေးလုပ်ငန်းစဉ်မှာ အရေးအကြီး ဆုံးကိစ္စကတော့ ခရီးသွားတွေနဲ့ ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေးပဲဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ COVID-19 ကပ်ရောဂါ ထိန်းသိမ်းကာကွယ်ရေး လမ်းညွှန် ချက်တွေနဲ့ ပေါင်းစည်းပြီး COVID-19 ရောဂါ ကင်းစင်ရေး ဆိုင်ရာ အမျိုးသားခရီးသွားလုပ်ငန်းလမ်းညွှန်ကို လက်စွဲ အဖြစ် ထုတ်ပြန်ဖို့ ဆောင်ရွက်နေပါတယ်။

 

လုံခြုံစိတ်ချရတဲ့ မြန်မာ့ခရီးသွားအမှတ်တံဆိပ် အတွက် “စွဲမက်ဖွယ်ရာ ပြည်မြန်မာ”၊ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်း၊ လုပ်ငန်း စဉ်တွေကိုလည်း အတည်ပြုထားပြီးဖြစ်ပါတယ်။ ဒီလုပ်ထုံး လုပ်နည်းတွေကို လက်တွေ့အကောင်အထည်ဖော်တဲ့အခါ မှာ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ အသိအမှတ်ပြု အမှတ်တံဆိပ် ရရှိရေးအတွက် သက်သက်သာမဟုတ်ဘဲ အလေ့အထတစ်ရပ်လို စနစ်တကျ လိုက်နာဆောင်ရွက် နိုင်တဲ့အထိ လေ့ကျင့်သွားကြရမှာ ဖြစ်ပါတယ်။ အခါအား လျော်စွာ စစ်ဆေးတာတွေ၊ ကြပ်မတ်တာတွေ လုပ်ဆောင် သွားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ ကောက်ရိုးမီးလိုမျိုး တစ်ခဏတာ မဟုတ်ဘဲ စနစ်တစ်ခုအဖြစ် အမြဲတမ်း တည်ရှိနေအောင် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။

 

အခုအချိန်မှာ ဒီလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အပျော်စီးလေယာဉ်ခရီးစဉ်တွေ၊ မြစ်တွင်းရေယာဉ်ခရီးစဉ် တွေ စတင်ပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဆက်လက်ပြီး လည်း ကမ်းခြေဒေသတွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီမံချက်တွေလည်း ရေးဆွဲနေပါ တယ်။ ခရီးသွားလုပ်ငန်းဟာ ကမ္ဘာနဲ့ချီပြီး အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေဖို့ဆိုရင် ကျွန်မတို့ရဲ့ ရှေးအစဉ် အလာတွေ၊ တိုင်းရင်းသားယဉ်ကျေးမှုတွေအပြင် ပြည်သူ တွေရဲ့ နေ့စဉ်လူမှုဘဝတွေကိုပါ ဖော်ကျူးပြသနိုင်တဲ့ လူထုအခြေခံခရီးသွားလုပ်ငန်းတွေကို ဆက်ပြီး အားပေး မြှင့်တင်သွားကြစေချင်ပါတယ်။

 

ဒါ့အပြင် ကျေးလက်ဒေသရဲ့ အငွေ့အသက်တွေ၊ ဒေသတစ်ခုစီရဲ့ ထူးခြားမှုတွေ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကို ခရီးသွားတွေ စိတ်ပါဝင်စားအောင် စီစဉ် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ကျေးလက်ဒေသတွေမှာ သန့်ရှင်းမှု၊ လုံခြုံမှု၊ ကျန်းမာရေးနဲ့ညီညွတ်မှု၊ ဈေးနှုန်း သင့်တင့်မှု၊ ရှေးရိုးလည်းမပျက်ဘဲ တီထွင်ဆန်းသစ်မှုတွေ ပေါ်ထွက်လာစေမယ့် အသေးစားလုပ်ငန်းလေးတွေ၊ ဒေသခံစားသောက်ဖွယ်ရာတွေ၊ တည်းခိုခန်းလေးတွေ၊ ဟိုတယ်လေးတွေ ထွန်းကားလာအောင်လည်း အားထုတ် ကြရမှာဖြစ်ပါတယ်။

 

လုံခြုံစိတ်ချရပြီး နှစ်လိုဖွယ်ရာကောင်းတဲ့ ခရီးသွား ဒေသတစ်ခု ဖြစ်လာဖို့ဆိုရင် ပြည်ထောင်စုနဲ့ တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရတွေ၊ ဝန်ကြီးဌာနတွေ၊ ပုဂ္ဂလိက အသင်းအဖွဲ့တွေ၊ ဒေသခံပြည်သူတွေ အားလုံးပူးပေါင်းပြီး ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ဒေသအလိုက် ရှိရင်းစွဲ အားသာချက်တွေကို အကောင်းဆုံးဖြစ်အောင် ဖော်ထုတ် ပြီး ဆွဲဆောင်နိုင်ဖို့အတွက် အတွေးသစ်၊ အမြင်သစ်၊ စိတ်ကူးအသစ်တွေနဲ့ ဆောင်ရွက်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ခရီးသွားဈေးကွက် မြှင့်တင်ကြရာမှာလည်း ခေတ်နဲ့အညီ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ပလက်ဖောင်း တွေကို ထိုးဖောက်နိုင်ကြဖို့လည်း လိုပါတယ်။ တီထွင် ဆန်းသစ်မှု၊ နည်းပညာနဲ့ ဈေးကွက်မြှင့်တင်မှုတွေကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ဆောင်ရွက်သွားကြနိုင်မှ ခရီးသွားလုပ်ငန်းစျေးကွက်မှာ တိုးနိုင်မှာဖြစ်ပါတယ်။

 

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ခရီးသွားလုပ်ငန်းနဲ့ ပြည်ထောင်စုရဲ့အကျိုးပဲ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ တည်ထောင်ထားတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ဘာလုပ်ငန်းပဲလုပ်လုပ်၊ ပြည်ထောင်စု အကျိုးကို နှလုံးသွင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ခရီးသွားလုပ်ငန်းကို မြှင့်တင်ကြရာမှာလည်း နေရာဒေသ တစ်ခုတည်းကို ကွက်ကွက်လေးမကြည့်ဘဲ ပြည်ထောင်စု ကြီးတစ်ခုလုံး ဆက်စပ်အကျိုးဖြစ်ထွန်းစေမယ့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြဖို့ကိစ္စဟာ အင်မတန်မှ အရေးကြီးပါတယ်။ ခရီးသွားတွေအတွက် ခရီးစဉ် လမ်းကြောင်းတွေကို စိတ်ဝင်စားစရာကောင်းအောင် ဒေသတစ်ခုနဲ့တစ်ခု ချိတ်ဆက်စဉ်းစားဖော်ဆောင်ခြင်းနဲ့ ခရီးသွားလုပ်ငန်းကြောင့် တိုင်းရင်းသားပြည်သူတွေအကြား ပိုပြီးနီးစပ်၊ ပိုပြီးညီညွတ်လာနိုင်စေမှာဖြစ်ပါတယ်။

 

စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်နေရတဲ့ မြန်မာ့ ခရီးသွားလုပ်ငန်းတွေ အမြန်ဆုံး ပြန်လည်ရှင်သန်ပြီး ဘေးကင်းလုံခြုံစွာ ပြန်လည်လည်ပတ်နိုင်ဖို့ အားလုံးက ညီညီညွတ်ညွတ်နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြ ဖို့ အလေးအနက် တိုက်တွန်းပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျန်းမာ၊ ချမ်းသာ ကြပါစေ။