နိုင်ငံတော်၏ ဂုဏ်ဒြပ်နှင့် အမျိုးသားရေးတာဝန်အား ဦးထိပ်ပန်ဆင် ပြိုင်ပွဲဝင်ကြမည့် အားကစားမောင်မယ်များအားလုံး ကြိုးပမ်းစွမ်းဆောင် အောင်မြင်ကြပါစေ

Type
77

 

ကိုဌေး(ကနောင်)

 

ပြိုင်ပွဲဝင်ရန် အသင့်ဖြစ်နေကြပြီ
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊   မေ  ၅   ရက် မှ  ၁၇    ရက်အထိ  ကျင်းပတော့မည့် (၃၂) ကြိမ် မြောက်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်      အားကစားသမား မောင်မယ်များအားလုံး ပြိုင်ပွဲ ရက်နီးကပ်လာသည်နှင့်အမျှ  ပြိုင်ပွဲဝင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ အသင့်၊  စိတ်ပိုင်းဆိုင်ရာ  အသင့်၊   အာကစားနည်းပညာပိုင်းဆိုင်ရာ အသင့်၊ စိတ်ဓာတ် ပိုင်းဆိုင်ရာ    အသင့်၊ အစစအရာရာအသင့်   ဖြစ်နေ ကြပြီဖြစ်သည်။   ပြိုင်ပွဲကျင်းပရန်လည်း ရက်ပိုင်း သာ လိုပါတော့သည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများ
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးအတွက်     ၂၀၂၂ ခုနှစ်  ဇူလိုင်  ၁  ရက်မှစတင်၍ အားကစားသမား အားလုံး     နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်းနှင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ  အားကစား အဖွဲ့ချုပ်အသီးသီးတွင် ၁၀ လခန့်  ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်ခဲ့ကြပြီး ဖြစ်သည်။ ပြိုင်ပွဲတွင်    အောင်မြင်မှုရရှိစေရေးအတွက်လည်း     ဘော်လီ ဘော၊  ဝူရှူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့အားကစားအဖွဲ့ များမှ    အားကစားသမား စုစုပေါင်း  ၁၀၁ ဦးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သုံးလကြာ စေလွှတ် ၍ ပူးတွဲလေ့ကျင့်မှုများ ဆောင်ရွက်စေခဲ့သည်။ 
ထို့ပြင်     နိုင်ငံတကာက   အဆင့်မီနည်းပြများ ငှားရမ်းလေ့ကျင့်မှုအနေဖြင့်လည်း      တိုက်ကွမ်ဒို အားကစားနည်းအတွက်       ကိုရီးယားနိုင်ငံသား နည်းပြတစ်ဦး၊  ဂျူဒိုအားကစားနည်းအတွက်  ဂျပန် နိုင်ငံသား  နည်းပြတစ်ဦး၊ အားနစ်အားကစားနည်း အတွက် ဖိလစ်ပိုင်နိုင်ငံသား နည်းပြတစ်ဦး၊  KUN Bokator အားကစားနည်းအတွက်  ကမ္ဘောဒီးယား နိုင်ငံသား နည်းပြတစ်ဦးတို့ကို   ငှားရမ်းလေ့ကျင့် စေခဲ့သည်။    စခန်းသွင်းလေ့ကျင့်နေစဉ်   ကာလ အတွင်း နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိစေရေး အတွက်လည်း ဘိလိယက်နှင့်  စနူကာအားကစား သမားများအား မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဒိုဟာနိုင်ငံတို့သို့ ပြိုင်ပွဲသုံးကြိမ်၊ ပီတန်း၊ လှေလှော်၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒိုအားကစားသမားများအား ထိုင်းနိုင်ငံသို့       ပြိုင်ပွဲတစ်ကြိမ်စီ၊   တင်းနစ် အားကစားသမားများအား     သီရိလင်္ကာနိုင်ငံသို့ ပြိုင်ပွဲတစ်ကြိမ် စေလွှတ်ယှဉ်ပြိုင်စေခဲ့သည်။
တာဝန်ရှိသူများက မပြတ်ကြည့်ရှုစစ်ဆေး
အားပေးဆောင်ရွက်
ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်  လေ့ကျင့်နေစဉ် ကာလအတွင်း     အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာနမှ  အားကစားနည်းအလိုက် လေ့ကျင့်မှု ကြပ်မတ်စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် ခဲ့ကြပြီး     ပြည်ထောင်စုဝန်ကြီး၊   ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့်  ဒုတိယညွှန်ကြားရေးမှူး ချုပ်များအပါအဝင်    မြန်မာနိုင်ငံအားကစားအဖွဲ့ ချုပ်များမှ အဖွဲ့ချုပ်ဥက္ကဋ္ဌများ၊   ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ ကိုယ်တိုင် မကြာခဏ     သွားရောက်တွေ့ဆုံ    အားပေးစကား ပြောကြားခြင်း၊ လိုအပ်ချက်မှန်သမျှ   ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ စိတ်ဓာတ်ခွန်အား   မြှင့်တင် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။   ပြိုင်ပွဲ ဝင်အားကစားသမားများ အားလုံးအနေဖြင့်လည်း ပြိုင်ပွဲဝင်ရန်         အသင့်ဖြစ်နေကြပြီဖြစ်သည်။ တစ်နည်းအားဖြင့်         နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး စိတ်အားထက်သန်လျက်ရှိနေကြပြီဖြစ်သည်။
သွားရောက်ကြမည့်အင်အား
ယခုအခါ ပြိုင်ပွဲသို့ အားကစားနည်း   ၁၉  နည်း ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစား နည်းအလိုက် အုပ်ချုပ်/နည်းပြ/ အားကစားသမား  ၄၄၅ ဦး၊  အုပ်ချုပ်မှုအဖွဲ့  ၅၆ ဦး စုစုပေါင်း  ၅၀၁ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားရှိပြီးလည်း ဖြစ်သည်။
အောင်နိုင်ရေးအလံ အပ်နှင်းခြင်း
ဧပြီ ၂၅ ရက်တွင်  ဝဏ္ဏသိဒ္ဓိအားကစားရုံ  (B) ၌     ကျင်းပပြုလုပ်ခဲ့သည့်    အောင်နိုင်ရေးအလံ အပ်နှင်းပွဲအခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး     မင်းအောင်လှိုင်ကိုယ်တိုင်     တက်ရောက် အမှာစကားပြောကြားပြီး   အောင်နိုင်ရေးအလံကို နိုင်ငံတော်အကြီးအကဲက   အားကစားနှင့်   လူငယ် ရေးရာဝန်ကြီးဌာန          ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံ ပေးအပ်ခဲ့သည်။ 
နိုင်ငံတော်အကြီးအကဲ၏ 
လမ်းညွှန်ချက်များ
နိုင်ငံတော်အကြီးအကဲက  “(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့်    မြန်မာအားကစားအဖွဲ့ကို   ယခု အပ်နှင်းလိုက်မည့်   ပြည်ထောင်စုသမ္မတ   မြန်မာ နိုင်ငံတော်၏    အလံတော်သည်   အားကစားအဖွဲ့ အတွက် ဂုဏ်ဒြပ်ရော အမျိုးသားရေး တာဝန်ကိုပါ  နိုင်ငံတော်၏   ကိုယ်စားပြုနေသည်ဆိုသည့်  ခံယူ ချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏ အောင်လံ တလူလူ     လွင့်ပျံနေစေရေး      ရေကုန်ရေခန်းအစွမ်းကုန်ကြိုးပမ်း        ယှဉ်ပြိုင်သွားကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင်  နိုင်ငံတော်အကြီးအကဲ က “ နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများအားလုံး ကလည်း     အားကစားမောင်မယ်များ၏    ဇွဲ၊ စိတ်ဓာတ်အပြည့်နှင့်  ‘ပွဲမဝင်ခင် အပြင်က ကျင်းပ’ ဆိုသည့်အတိုင်း     ပြင်းပြင်းထန်ထန်    လေ့ကျင့် ပြင်ဆင်နေမှုများကို       တွေ့မြင်သိရှိကြပြီးဖြစ် ကြောင်း၊ ‘လေ့ကျင့်မှ  ကျွမ်းကျင်၊   ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊   ရဲရင့်မှ   အောင်ပွဲခံ’ ဆိုသည့်အတိုင်း လေ့ကျင့်သားပြည့်ဝပြီး ယုံကြည်မှု ခိုင်မာစွာဖြစ်အောင် စိတ်တံခွန်များ တလူလူလွင့်ပျံ နေကြပြီဟုလည်း ယုံကြည်ထားပါကြောင်း၊  ယခု ပြိုင်ပွဲကြီးသည်     အားကစားမောင်မယ်များအဖို့ နိုင်ငံတော်အတွက် အားကစားလူချွန်  လူကောင်း များဖြစ်ကြောင်း ပြသနိုင်မည့် အခွင့်အလမ်းကောင်း ကြီးတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ယခု   (၃၂)  ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး တွင်    မြန်မာအားကစားအဖွဲ့အနေဖြင့်    ယခင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်      အကြိမ်များကထက် ဆုတံဆိပ်များ ပိုမိုရရှိအောင်   စွမ်းဆောင်ပေးနိုင် ကြမည်ဆိုပါက         မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းအား ပိုမိုပြောင်းလဲမှတ်တမ်း တင်နိုင်ကြမည်ဖြစ်ပါကြောင်း။ 
အရှေ့တောင်အာရှ     အားကစားပြိုင်ပွဲသည် အာဆီယံတွင် အမြင့်မားဆုံးသော အိုလံပစ်ပြိုင်ပွဲ တစ်ခုဖြစ်ပြီး   ယခုပြိုင်ပွဲမှာပင်   ကျေနပ်မနေဘဲ အာရှအိုလံပစ်နှင့်   ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ    မျှော်မှန်းကြိုးစား သွားကြစေလိုကြောင်း၊ အားကစားဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏    ကျန်းမာကြံ့ခိုင်မှု၊  ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့်  စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ပြီး   အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့်      စွမ်းရည်ယှဉ်ပြိုင်မှုမျိုးဖြစ် ကြောင်း၊ အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက်        ယခုကဲ့သို့ နိုင်ငံတကာ   အားကစားပြိုင်ပွဲတစ်ရပ်ကို    နိုင်ငံ ကိုယ်စားပြု         သွားရောက်ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသည့်ဂုဏ်ဒြပ်နှင့် အခွင့်အလမ်းဖြစ်သည်ကို အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ အားလုံး သတိချပ်ကြစေလိုကြောင်း။ 
ထို့ပြင် အမိမြန်မာနိုင်ငံတော်နှင့် မြန်မာလူမျိုး၏ ဂုဏ်သိက္ခာနှင့်        ပတ်သက်ဆက်နွှယ်နေသည့် အတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးသည် အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ်     မြန်မာအားကစား အဖွဲ့ဝင်အားလုံး၏      ပခုံးထက်တွင်ရှိနေသည်ကို သတိပြု    နှလုံးသွင်းထားကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတိုင်းတွင်     နိုင်ငံကြီးသားစိတ်ဓာတ်နှင့် တရားမျှတသန့်ရှင်းစွာ  ယှဉ်ပြိုင်ပြီး အရှေ့တောင် အာရှဒေသ ညီနောင်နိုင်ငံများအကြား   ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို     ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစားချစ်ကြည်ရေး သံတမန်ကောင်းတာဝန် များကို ကျေပွန်ခဲ့ကြရန်” မှာကြားသွားခဲ့သည်။ 
နိုင်ငံတော်အကြီးအကဲ၏    လေးနက်သည့် မှာကြားချက်များအပေါ် မြန်မာအားကစား  အဖွဲ့ များအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်သွား ကြရမည်ဖြစ်သည်။
နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီး
များအရေး အလေးထားဆောင်ရွက်ပေးလျက်ရှိ
လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီ အစိုးရလက်ထက်တွင်  နိုင်ငံအနေဖြင့်  နိုင်ငံတကာ နှင့်   ရင်ပေါင်တန်းနိုင်စေရေးအတွက်    နယ်ပယ်စုံ၊ ကဏ္ဍစုံမှ    အားထုတ်ကြိုးပမ်းလျက်ရှိရာတွင်   အားကစား ကဏ္ဍကိုလည်း      တစ်ခန်းတစ်ကဏ္ဍထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီ    ဖွံ့ဖြိုးတိုးတက်စေရေး    စီမံ ဆောင်ရွက်ပေးလျက်ရှိသည်။ 
ထို့ပြင်  ခေတ်အဆက်ဆက် အားကစားပြိုင်ပွဲ များတွင် အောင်မြင်မှုရရှိခဲ့သူများနှင့် အရှေ့တောင် အာရှ   အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များရယူပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း အသက် ၆၀   ပြည့် မြောက်သည့်  အချိန်မှစ၍ (နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာကဲ့သို့) သက်ရှိထင်ရှားရှိနေသမျှ ကာလ ပတ်လုံး လစဉ်ချီးမြှင့် ထောက်ပံ့ငွေများ  ချီးမြှင့်ပေး လျက်ရှိသည်။ နိုင်ငံတော်က လစဉ်ချီးမြှင့် ထောက်ပံ့ ငွေ ပေးအပ်မှုအခြေအနေအား ဖော်ပြရလျှင်  အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်တစ်ခု  ရယူ ပေးနိုင်ပါက   လစဉ်ချီးမြှင့်ငွေကျပ်     ၂၀၀၀၀၀၊ ငွေတံဆိပ်တစ်ခု    ရယူပေးနိုင်ပါက   လစဉ်ချီးမြှင့် ငွေကျပ်  ၁၅၀၀၀၀၊   ကြေးတံဆိပ်တစ်ခု     ရယူ ပေးနိုင်ပါက    လစဉ်ချီးမြှင့်ငွေကျပ်       ၁၀၀၀၀၀  ချီးမြှင့်ပေးအပ်လျက်ရှိပြီး၊      အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်  ၁၀ ခု အထက် ရရှိခဲ့သူဖြစ်ပါက   လစဉ်ချီးမြှင့်ငွေကျပ် ၁၅၀၀၀၀၊  ရွှေတံဆိပ်ငါးခုမှ ကိုးခုအထိ  ရရှိခဲ့သူဖြစ် ပါက လစဉ်ချီးမြှင့်ငွေကျပ်  ၁၀၀၀၀၀၊  ရွှေတံဆိပ် တစ်ခုမှ  လေးခုအထိ ရရှိခဲ့သူဖြစ်ပါက    လစဉ် ချီးမြှင့်ငွေကျပ်  ၇၀၀၀၀၊ ငွေတံဆိပ်တစ်ခု ရရှိခဲ့သူ ဖြစ်ပါက      လစဉ်ချီးမြှင့်ငွေကျပ်     ၅၀၀၀၀၊  ကြေးတံဆိပ်တစ်ခုရရှိခဲ့သူဖြစ်ပါက     လစဉ်ချီးမြှင့် ငွေကျပ်  ၃၀၀၀၀ အား ပေးအပ်ချီးမြှင့်လျက်ရှိသည်။ 
ယနေ့အထိ    နိုင်ငံ့ဂုဏ်ဆောင်   အားကစားသမား ဟောင်းကြီး     ၂၃၀   အား   လစဉ်   ၁၅၅၁၀၀၀၀  (ကျပ်တစ်ရာ့ငါးဆယ်          ငါးသိန်းတစ်သောင်း တိတိ)      အား     ပုံမှန်ထောက်ပံ့ပေးအပ်လျက်ရှိ သည်။
၂၀၂၃  ခုနှစ် ဇန်နဝါရီ  ၄ ရက်တွင်  ကျရောက် သည့် (၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း        နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအနက်မှ ဝဏ္ဏကျော်ထင်ဘွဲ့  ၂၁ ဦး၊ လူမှုထူးချွန် ပထမအဆင့်  ၃၆ ဦး၊ လူမှုထူးချွန် ဒုတိယအဆင့်  ၃၉ ဦး၊ လူမှုထူးချွန် တတိယအဆင့်  ၆၉ ဦးအား ပေးအပ်ချီးမြှင့်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် (၇၇) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား တွင်လည်း အာရှအားကစားပြိုင်ပွဲ၌  ဆုတံဆိပ်ရရှိခဲ့ သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ၁၂  ဦးနှင့် အရှေ့တောင်အာရှ        အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ငါးခုအထက်    ရရှိခဲ့ကြသူ   အားကစား သမားများအနက်မှ  ၂၄ ဦးကို “လူမှုထူးချွန် ပထမ အဆင့်” ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။
အလားတူ အခွင့်အရေး 
ရရှိကြမည်
နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်    မြှင့်တင်ပေးခဲ့ ကြသည့်    နိုင်ငံ့ဂုဏ်ဆောင်   အားကစားသမား ဟောင်းကြီးများကို   နိုင်ငံတော်က   အားပေးချီးမြှင့် ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိသည့်နည်းတူ ယခုပြိုင်ပွဲတွင်  နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးကြမည့်    အားကစားသမားမောင်မယ်များ အနေဖြင့်လည်း အလားတူအခွင့်အရေးများ   ရရှိ လာကြမည်ဖြစ်သည်။ 
အောင်မြင်မှုရယူပေးမည့် အားကစားမောင်မယ် များအား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည်
နိုင်ငံတော်အကြီးအကဲက အောင်နိုင်ရေးအလံ အပ်နှင်းပွဲအခမ်းအနားတွင်     (၃၂)  ကြိမ်မြောက် အရှေ့တောင်အာရှ    အားကစားပြိုင်ပွဲ၌   နိုင်ငံ့ ကိုယ်စားပြု        သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ်များအနက် အောင်မြင်မှုရရှိခဲ့ သူများအား နိုင်ငံတော်အနေဖြင့် ထိုက်ထိုက်တန်တန်      ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း   ထည့်သွင်း    ပြောကြားသွားခဲ့သည်။ သို့ဖြစ်၍ ပြိုင်ပွဲဝင်အားကစား သမားမောင်မယ်များအနေဖြင့်       နိုင်ငံတော်၏ အောင်လံတလူလူ         လွင့်ပျံစေရေးတာဝန်ကို   အစွမ်းကုန်ကြိုးပမ်းကြရန်သာ လိုအပ်ပါတော့ကြောင်း      ရေးသားတိုက်တွန်း အားပေးလိုက်ရပါသည်။     
အမျိုးသားရေးတာဝန်အား ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြရန်
နိုင်ငံတကာ   အားကစားပြိုင်ပွဲများတွင် အမိ မြန်မာနိုင်ငံတော်၏    အလံတော်အား   လွှင့်ထူပြီး ပြိုင်ဘက်နိုင်ငံများက ဦးညွှတ်အလေးပြုကြရသည့် မြင်ကွင်းမျိုးကို   နိုင်ငံသားတိုင်းက လိုလားကြ သည်ဖြစ်ရာ       ပြိုင်ပွဲဝင်အားကစားသမားများ အားလုံးက နိုင်ငံသားပြည်သူတစ်ရပ်လုံး၏ လိုအင် ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည်ဟုလည်း    ယုံကြည် မျှော်လင့်မိပါသည်။
သို့ဖြစ်၍   မြန်မာအားကစား  အဖွဲ့ဝင်များအားလုံး “နိုင်ငံနှင့်    လူမျိုးဂုဏ်ကို   မြှင့်တင်နိုင်ရေးဟူသည့် အမျိုးသားရေး သန္နိဋ္ဌာန်”၊  “တုံးတိုက်တိုက်   ကျား ကိုက်ကိုက်    စိတ်ဓာတ်”၊   “လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်”  တို့ဖြင့် ကြိုးစားယှဉ်ပြိုင် သွားကြရမည်ဖြစ်သည်။      
အနှစ်ချုပ်ဆိုရသော်    ပြိုင်ပွဲဝင်  အားကစား သမားမောင်မယ်များအားလုံး    အနိုင်မခံ    အရှုံး မပေးသည့် ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျော့သော  ဇွဲ၊ လုံ့လတို့ဖြင့် ရင်ဆိုင်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ကာ နိုင်ငံတော်၏ ဂုဏ်ဒြပ်နှင့် အမျိုးသားရေးတာဝန်အား ကျေပွန်စွာ  ထမ်းဆောင် ခဲ့ကြရန်  တိုက်တွန်းအပ်ပါကြောင်း…။      ။