နိုင်ငံတော်စီမံကိန်းများနှင့် ပြည်သူလူထု၏ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ပြည့်စုံလုံလောက်စေရန် ကြိုးစားလျက်ရှိ

 

နေပြည်တော်   မတ်   ၂၀


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်းအတွင်းဝန် ဦးသန်း နိုင်ဦးနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ   ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲ မြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော် ရေးဦးစီးဌာန အမှတ်(၄)တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအား လျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
 

 

ရှေးဦးစွာ    သူဌေးရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက   စီမံကိန်း ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လျှပ်စစ်ကဏ္ဍသည် အဓိကကျသည့်ကဏ္ဍမှ ပါဝင်နေ သဖြင့် နိုင်ငံတော်စီမံကိန်းများနှင့် ပြည်သူလူထု၏ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို       ပြည့်စုံ လုံလောက်စေရန် ကြိုးစားလျက်ရှိကြောင်း၊  လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင်   စွမ်းအင်အရင်းအမြစ် မျိုးစုံကိုအခြေခံ၍       ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိအချိန် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင်    အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်း၍ ပြည်သူလူထု၏    လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အခက်အခဲများ လက်တွေ့ ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ်  ပြည်သူလူထုမှ နားလည်သဘောပေါက်၍ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်   စည်းရုံးပြောဆိုကြရန်  လိုအပ်ပါကြောင်း၊ ဓာတ်အားရောင်းချမှုမှရရှိသည့် ဓာတ်အားခဝင်ငွေများအပါအဝင် နိုင်ငံတော်မှ ခွင့်ပြု ရရှိသည့်  ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း    ပြီးစီးအောင် ဆောင် ရွက်သွားရန် လိုအပ်ပါကြောင်း၊   လုပ်ငန်းခွင် ဘေး အန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင်   တပ်ဆင် အသုံးပြုမည့် စက်ပစ္စည်းများကို စနစ်တကျ အသုံးပြု စေရေးနှင့်  လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင် ရွက်သွားကြရန်လိုအပ်ပါကြောင်း၊     ပြည်သူများ   လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးရရှိသုံးစွဲနိုင်စေရေးအတွက် စီမံကိန်းအား  ဆောလျင်စွာပြီးစီးရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်သွားရန်နှင့် စီမံကိန်း ပြီးစီးပါကလည်း ဒေသခံများ      အလုပ်အကိုင်အခွင့် အလမ်းများစွာရရှိပြီး ဒေသအခြေခံခရီးသွားလုပ်ငန်း များကို အထောက်အကူဖြစ်စေမည်  ဖြစ်ပါသဖြင့်   မိမိတို့ဝန်ထမ်းများအနေဖြင့်    သတ်မှတ်ရက်   သတ်မှတ်ကာလအတွင်း အရည်အသွေးများ   ပြည့်ဝ စွာဖြင့် အားသွန်ခွန်စိုက်     ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။ 

 


၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တမံဝဲဘက်ကမ်းရှုရပ်မှနေ၍ စီမံကိန်းဧရိယာအတွင်း ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေယူအဆောက်အဦ ဆောက်လုပ်နေမှု၊ ဓာတ်အားပေးစက်ရုံတည်ဆောက် တပ်ဆင်နေမှု၊ သိုလှောင်ရုံဝင်းအတွင်း စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်မှု၊   လျှပ်စစ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို   လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်မတမံရေဝပ်ဧရိယာအတွင်း   ကျရောက်သော ပုရစ်ကျေးရွာနှင့် ရေကောက်ကျေးရွာများ ရွှေ့ပြောင်း နိုင်ရေး ပြန်လည်နေရာချထားသည့် မြေနေရာအား အသေးစိတ်ကြည့်ရှု၍   ဒေသခံရွှေ့ပြောင်းမိသားစု များကို ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို အမြန်ဆုံး   ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် တည်ဆောက်ပြီးဖြစ်သော ကျေးရွာများ လျှပ်စစ်မီး ရရှိရေး၊   လမ်းပန်းဆက်သွယ်ရေး၊    ရေရရှိရေး၊ သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်း များအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

 

အဆိုပါ သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင်  ရေလှောင် တမံတည်ဆောက်ပြီး        စက်တပ်ဆင်အင်အား ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက် သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၁၁မဂ္ဂါဝပ်ရှိ ဓာတ်အားပေး စက်ရုံတည်ဆောက် ၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ် ဓာတ်အား ကီလိုဝပ်  နာရီသန်းပေါင်း   ၃၈၆ သန်း ထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား      တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး နှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့         ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍    အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိကြောင်း    သိရ သည်။

သတင်းစဉ်