
နေပြည်တော် ဇူလိုင် ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေဖြန့်ချိသည်။
အဆိုပါမိန့်ခွန်းစာအုပ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သည့် မိန့်ခွန်းများ စုစုပေါင်း(၈)ပုဒ်ကို စုစည်းဖော်ပြပေးထားသည်။
ဇွန်လ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၁၂/၂၀၂၁) အခမ်းအနားတွင် “သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်း များအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများက ချက်ချင်း အရေးယူဆောင်ရွက်ရန်လို၊ အဂတိလိုက်စားမှုများ နှင့် ပတ်သက်ပြီး လုပ်ပိုင်ခွင့်ကျော်လွန် ဆောင်ရွက်ခဲ့ သည့် အဂတိမှုများကို ပြန်လည်စိစစ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုကိစ္စများကို ဥပဒေနှင့်အညီ ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ရန် ဆောင်ရွက်နေကြောင်း” ပြောကြားသည့် အမှာစကား။
ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး (၉/၂၀၂၁)အခမ်းအနားတွင် “နိုင်ငံ၏ကျေးလက်စီးပွားရေးကို အထောက်အကူပြု နေသည့်လုပ်ငန်းများတွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များသည် အဓိကအရေးကြီးကြောင်း၊ မိမိတို့နိုင်ငံမှ ပြည်ပသို့ နွားများတင်ပို့လျက်ရှိသဖြင့် ပြည်တွင်းမှ လယ်ယာကဏ္ဍစိုက်ပျိုးရေးအတွက် အသုံးဝင်သည့် ခိုင်းနွားများ လျော့နည်းမသွားရန် လိုသကဲ့သို့ စက်မှုလယ်ယာကဏ္ဍကိုလည်း အားပေး ဆောင်ရွက်ရန်လိုကြောင်း” ပြောကြားသည့် အမှာစကား စသည့်အကြောင်းအရာများအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းများကို စုစည်း ထုတ်နုတ်ထားသည်။
ယင်းစာအုပ်ကို အမြို့မြို့အနယ်နယ်ရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနှင့် ရန်ကုန်မြို့ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်း ဆိုင်တို့တွင် တစ်အုပ်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူရရှိနိုင်သည်။
သတင်းစဉ်