
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့
တက်ရောက်အားပေး၊ ဆုများပေးအပ်ချီးမြှင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံးအသင်း ထိုက်ထိုက်တန်တန် အနိုင်ရဗိုလ်စွဲ
နေပြည်တော် နိုဝင်ဘာ ၂၄
အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု ဘောလုံးအသင်းနှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။
ပြိုင်ပွဲမစတင်မီ ဗိုလ်လုပွဲသို့ လာရောက်ကြည့်ရှု အားပေးကြသည့် နှစ်ဖက်အသင်း ပရိသတ်များနှင့် အားကစားဝါသနာရှင် ပရိသတ်များအား ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေ ကြသည်။
တစ်ခဲနက်ကြည့်ရှုအားပေး
အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး၊ ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံး အကယ်ဒမီမှ သင်တန်းသားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစား ဝါသနာရှင် ပရိသတ်များ တစ်ခဲနက် တက်ရောက်ကြည့်ရှု အားပေးကြသည်။
အကြိတ်အနယ် ယှဉ်ပြိုင်ကစား
အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြရာတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုဘောလုံး အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံး ကိုယ်စားပြုဘောလုံးအသင်းတို့သည် ပွဲစတင်ကစားချိန်မှစ၍ ဗိုလ်လုပွဲသို့ အကြိတ်အနယ် ယှဉ်ပြိုင်တက်ရောက်လာသည့် အသင်းများဖြစ်သည် နှင့်အညီ ခြေရည်တူစွာဖြင့် တစ်ဖက်နှင့် တစ်ဖက် ဦးဆောင်ဂိုးရရှိနိုင်ရေးအတွက် အင်နှင့် အားနှင့် ယှဉ်ပြိုင်ကစားခဲ့ကာ ပွဲကစားချိန် ၄ မိနစ်တွင် အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက ဦးဆောင်ဂိုးစတင် ရရှိခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံးအသင်းမှ ဘောလုံးကို ပိုမို ထိန်းသိမ်းကစားနိုင်ခဲ့ပြီး ပွဲကိုစိုးမိုးထားခဲ့ကာ ပွဲချိန် ၁၆ မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက် တစ်ဂိုးစီဖြင့် အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ယင်းနောက် တစ်ဖက်နှင့်တစ်ဖက် ဂိုးရရှိနိုင် သည့် အခွင့်အရေးများ အပြန်အလှန် ရရှိခဲ့ကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းမှ ပွဲချိန် ၃၉ မိနစ် နှင့် ၄၆ မိနစ်တို့တွင် တိကျသည့် ကန်ချက်များဖြင့် ဦးဆောင်ဂိုးများ ထပ်မံရယူနိုင်ခဲ့သဖြင့် ပထမပိုင်း ပြီးဆုံးချိန်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်း က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံး အသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
အချိန်ပိုဆက်လက်ယှဉ်ပြိုင်
ဒုတိယပိုင်း ပွဲကစားချိန်တွင် တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစား ခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူး ရုံးအသင်းက ပွဲချိန် ၆၆ မိနစ်တွင် ချေပဂိုး တစ်ဂိုးနှင့် သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံး၍ နာကျင် အချိန်ပိုပေးထားသည့် ၉၃ မိနစ်တွင် အဖိုးတန်ချေပဂိုး တစ်ဂိုးတို့ကို ထပ်မံ သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲကစားချိန်ပြီးဆုံးချိန်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံးအသင်းတို့သည် တစ်ဖက် သုံးဂိုးစီဖြင့် သရေကျခဲ့ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။
အချိန်ပိုပွဲစဉ်များအတွင်း၌လည်း တစ်ဖက်နှင့် တစ်ဖက် အနိုင်မခံ၊ အရှုံးမပေး ရေကုန်ရေခန်းအားကစား စိတ်ဓာတ်အပြည့်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစား ခဲ့ကြပြီး နှစ်ဖက်အသင်း ဂိုးသမားများ၏ လက်စွမ်းပြ မှုများနှင့်အတူ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင် ခဲ့ခြင်းမရှိသည့်အတွက် အချိန်ပို ပွဲချိန်ပြီးဆုံးချိန်တွင် သုံးဂိုးစီဖြင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံးအသင်းက အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းကို ၆ ဂိုး ၅ ဂိုးဖြင့် ထိုက်တန်စွာ အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆုပေးအပ်ချီးမြှင့်
ယင်းနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တပ်မတော် (ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံး ဆုရရှိသည့် အနောက်တောင်တိုင်း စစ်ဌာနချုပ် အသင်းနှင့် (က) အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံး ဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်က ဆုဖလားနှင့် ငွေသားဆုများကို လည်းကောင်း၊ (ခ) အဆင့်ပြိုင်ပွဲတွင် တတိယဆု ရရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းနှင့် (က) အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ရန်ကုန် တိုင်းစစ်ဌာနချုပ်အသင်းတို့ကို စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အနောက် တောင်တိုင်းစစ်ဌာနချုပ်အသင်းနှင့် (က) အဆင့် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းတို့ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ် ကြီး စိုးမင်းဦးက ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ (ခ) အဆင့်ပြိုင်ပွဲတွင် နေရာ အလိုက် အကောင်းဆုံး အားကစားသမားဆုရရှိသူ များကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော် က တစ်ဦးချင်း ဆုတံဆိပ် နှင့် ငွေသားဆုများကိုလည်းကောင်း၊ (က) အဆင့် ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး အားကစား သမားဆုရရှိသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက တစ်ဦးချင်းဆုတံဆိပ် နှင့် ငွေသားဆုများကိုလည်းကောင်း၊ (ခ) အဆင့် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်အသင်းမှ အားကစားသမားများကို ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ (က) အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံးအသင်းမှ အားကစား သမားများကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီး မိုးအောင်က တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲ တွင် ပထမဆုရရှိသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသား ဆုများ ပေးအပ်ချီးမြှင့်သည်။
တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ (က) အဆင့်ပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း)၊ စခန်းမှူးရုံးအသင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ဆင့်ပွား ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အကြိမ် (၆၀) မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲကို (က) အဆင့်ပြိုင်ပွဲနှင့် (ခ)အဆင့် ပြိုင်ပွဲဟူ၍ ပြိုင်ပွဲ နှစ်မျိုးခွဲခြားကာ (က) အဆင့်တွင် ပြိုင်ပွဲဝင်အသင်း ၁၆ သင်း၊ (ခ) အဆင့် တွင် ပြိုင်ပွဲဝင်အသင်း ၈ သင်း စုစုပေါင်း ၂၄ သင်း ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲများကို တိုင်းစစ်ဌာနချုပ်များ အလိုက် ဇုန်များခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ကြပြီး နေပြည် တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့် ရှုံး/ထွက် ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှစတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်၍ ယနေ့တွင် ဗိုလ်လု ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်