
ပြည် ဇန်နဝါရီ ၁၇
ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရွှေဆံတော်ဗုဒ္ဓပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက အဆိုပါပြတိုက်ရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စေတီတော် ဂေါပက အဖွဲ့များနှင့် စေတနာရှင်ပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေး သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဆံတော်ဗုဒ္ဓပြတိုက်ရှေ့၌ နေရာယူကြပြီး မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ်၍ ရွှေဆံတော်ဗုဒ္ဓ ပြတိုက်အသစ်အား ဖွင့်လှစ်ပေးကြ သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ပည်းမော်ကွန်းအား အမွှေး နံ့သာရည်များ ပက်ဖျန်းခဲ့ကြပြီး ပြတိုက်အတွင်း ခေတ်ကာလ၊ အမျိုးအစားအလိုက် ခွဲခြားပြသထား သည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ပေစာများနှင့် အခြား သာသနိကပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြတိုက်အတွင်း လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ သမိုင်း၊ တင်လှူပူဇော်ထား သည့် ထီးတော်အချက်အလက်များ၊ အခြားသတင်း အချက်အလက်များနှင့် စေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိများအား ကြည့်ရှုနိုင် သည့် Software Program အသုံးပြု၍ Shwe San Taw Digital Information Center တည်ဆောက်ပြသ ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်း/ ပြည်ပ ခရီးသွားများ လည်ပတ်သွားလာသည့် ဘုရား၊ စေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများတွင် တပ်ဆင်နိုင် ရေးနှင့် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ထည့်သွင်း နိုင်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လှူဒါန်းမှုအစုစုအတွက် သာဓု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း ကြပြီး လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကြသည်။
အဆိုပါ ဗုဒ္ဓပြတိုက်အား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၄-၁၀-၂၀၂၂ ရက်နေ့တွင် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လာရောက် ဖူးမြော်စဉ် အသစ်ပြန်လည် ပြုပြင်မွမ်းမံတည်ဆောက် ရန် လမ်းညွှန်မှာကြားချက်အရ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ငွေကျပ်သိန်း ၇၆၅ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ရာ ၂၉-၁၂-၂၀၂၂ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)