
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် နိုင်ငံတော်ဩဝါဒါစရိယ
ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ ဓမ္မသေနာပတိ ပန္နရသမရွှေကျင်သာသနာပိုင် ဘဒ္ဒန္တဝိဇ္ဇောတ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်တော်မြတ်အား
သွားရောက်ဖူးမြော်ကြည်ညို၊ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး
နေပြည်တော် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် အမှတ်(၉)ရပ်ကွက် ဝိဇ္ဇောတာရုံ စာသင်တိုက်၏ ဦးစီးပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင် နိကာယာဓိပတိ ဥက္ကဋ္ဌ ဓမ္မသေနာပတိ ပန္နရသမရွှေကျင်သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဝိဇ္ဇောတ မဟာထေရ် မြတ်ကြီးသည် သက်တော်(၉၃) နှစ်၊ သိက္ခာတော်(၇၃) ဝါအရ ၁၃၈၃ ခုနှစ် တပေါင်းလပြည့်ကျော် ၄ ရက်၊ ခရစ်နှစ် ၂၀၂၂ ခုနှစ် မတ် ၂၀ ရက် (တနင်္ဂနွေနေ့) နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဖူးမြော်ကြည်ညို
ဆရာတော်ဘုရားကြီး၏ ကြွင်းကျန် ရစ်သည့် ရုပ်ကလာပ်တော်မြတ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ဖူးမြော် ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော် များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ တွဲဖက်ရွှေကျင် သာသနာပိုင် သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အန္တိမ အဂ္ဂိဈာပနပူဇော်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆရာတော်ဘုရားကြီး ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်တော် မြတ်အား ဖူးမြော်ကြည်ညိုပြီး အန္တိမ အဂ္ဂိဈာပနပူဇော်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ကို လိုအပ်သည်များ မေးမြန်း ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် သီတဂူဆရာတော်ကြီး ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေကြ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သံဝေဂ မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးသည် ၁၂၉၁ ခုနှစ် တပေါင်းလဆန်း ၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် မွန်ပြည်နယ် မုဒုံမြို့နယ် စာစဉ် ရပ်ကွက်၌ ခမည်းတော် ဦးနု၊ မယ်တော် ဒေါ်ထွားတို့မှ ဖွားမြင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာတော်လောင်းလျာသည် ၁၃၀၄ ခုနှစ် တွင် မုဒုံမြို့ ကျောက်ဝိုင်းစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဇဝနကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ ကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၁ ခုနှစ်တွင် ဗဟန်းမြို့နယ် ကံသာ ကျောင်းသစ်ကျောင်း သီလဝိသောဓနီ သိမ်တော်၌ ရန်ကုန်မြို့ ဦးဖေသိန်း၊ ဒေါ်ကြင်ရန်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ ကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်း ဖြစ်ကြောင်း၊ ဆရာတော်ဘုရားကြီးသည် ပရိယတ္တိ စာပေများကို ကြိုးစားအားထုတ်လေ့လာသင်ယူတော်မူခဲ့ပြီး သာသနဓဇ သိရီပဝရ ဓမ္မာစရိယ သိရောမဏိနှင့် Dip.BD ဘွဲ့တို့ကို ရရှိတော်မူခဲ့ကြောင်း၊ မရမ်း ကုန်းမြို့နယ် ဝိဇ္ဇောတာရုံစာသင်တိုက်၌ စာသင်သား ရဟန်း၊ သာမဏေများအား စာပေကျမ်းဂန်များ သင်ကြားပို့ချတော် မူခဲ့ခြင်း၊ ရေးသားပြုစုတော်မူခဲ့ခြင်း၊ သာသနိက အဆောက်အအုံများ တည်ဆောက်ပြုပြင်မွမ်းမံခဲ့ခြင်းနှင့် သီရိ မင်္ဂလာကမ္ဘာအေးစေတီတော်၊ စွယ်တော် မြတ်စေတီတော် ဂေါပကအဖွဲ့တို့၏ ဩဝါဒါစရိယ ဆရာတော်အဖြစ် လည်းကောင်း၊ သံဃာအဖွဲ့အစည်း အဆင့်ဆင့်တွင် မြို့နယ်သံဃနာယက အဖွဲ့ (ရွှေကျင်)ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော်ဝိနည်းဓိုရ် အဖြစ်လည်းကောင်း၊ ပန္နရသမ ရွှေကျင် သာသနာပိုင်အဖြစ် လည်းကောင်း၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် အဖြစ်လည်းကောင်း သာသနာ့တာဝန် များကို ထမ်းဆောင်တော်မူခဲ့ကြောင်း၊ ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင် ရွက်တော်မူခဲ့သောကြောင့် နိုင်ငံတော် အစိုးရက ၁၃၇၉ ခုနှစ်တွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့၊ ၁၃၈၂ ခုနှစ်တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ် တော်မြတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း၊ ဆရာတော်ဘုရားကြီးသည် သာသနာတော်အကျိုးကို သယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော်(၉၃) နှစ် သိက္ခာတော် (၇၃)ဝါအရ ၁၃၈၃ ခုနှစ် တပေါင်းလပြည့်ကျော် ၄ ရက်၊ ၂၀၂၂ ခုနှစ် မတ် ၂၀ ရက် (တနင်္ဂနွေနေ့) နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန် တော်မူခဲ့ကြောင်းနှင့် မတ် ၂၂ ရက် (အင်္ဂါနေ့) မွန်းလွဲ ၁ နာရီတွင် ကိုဗစ်-၁၉ စည်းမျဉ်းများနှင့်အညီ အန္တိမအဂ္ဂိ ဈာပန ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်