
မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များဆောင်ရွက်ချိန်တွင် အလုပ်ကိုအလေးထားခြင်း၊ အချိန်ကိုလေးစားခြင်းများဖြင့် သတ်မှတ်ချိန်အတွင်း လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်နိုင်ပြီး တိုးတက်မှုများရရှိနိုင်မည်
နေပြည်တော် ဇန်နဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ပညာရေးကို အလေးထားဆောင်ရွက်
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိအနေ ဖြင့် ပညာရေးကိုအလေးထားပြီး မိမိတို့နိုင်ငံ၏ ပညာရေးကို တိုးတက်စေလိုကြောင်း၊ ပညာရေးကဏ္ဍ သည် နိုင်ငံတစ်ခုတိုးတက်ရေးအတွက် အရေးကြီး ကြောင်း၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ အားလုံးတွင် ပညာရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဟု သတ်မှတ် ခံထားရကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုလိုနီနယ်ချဲ့များမှ အုပ်ချုပ်ခဲ့သည့်အချိန်ကာလတွင် ပညာရေးနိမ့်ကျ ခဲ့ရပြီး လွတ်လပ်ရေးရရှိချိန်တွင်လည်း ပြည်တွင်း သောင်းကျန်းမှုများကြောင့် ပညာသင်ကြားရေး အတွက် အခက်အခဲများဖြစ်ပေါ်ခဲ့သဖြင့် ပညာရေး နိမ့်ကျမှုများ ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်နယ် များနှင့် တိုင်းရင်းသားဒေသများတွင် ဘာသာစကား အခက်အခဲများနှင့် အခြားသောသွားလာရေး အခက် အခဲများကြောင့် ကျေးလက်ပညာရေးသည် အားနည်း ခဲ့ရကြောင်း၊ အစိုးရအဆက်ဆက် တာဝန်ယူ ဆောင်ရွက်ခဲ့ချိန်များတွင်လည်း ဆရာ၊ ဆရာမများ မပြည့်စုံမှုနှင့် အခြားသော အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအားနည်းခဲ့မှုများရှိခဲ့ကြောင်း။
နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်း
ဆိုရှယ်လစ်ခေတ်ပညာသင်ကြားရေးစနစ်တွင် အားနည်းချက်နှင့် အားသာချက်များရှိခဲ့ပြီး အဓိက အားဖြင့် အင်္ဂလိပ်စာသင်ကြားမှုများတွင် အားနည်း ခဲ့သဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် အဆင့်မြင့်ပညာများ သင်ကြားရန်အတွက် အခက် အခဲများဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလနောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းများအား သုံးနှစ်ခန့် ပိတ်ထားခဲ့ရကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ် ချိန်တွင် ပညာသင်ကြားမှုများအား အခြေခံပညာ စနစ်နှင့် အဆင့်မြင့်ပညာစနစ်များ အမှန်တကယ် တတ်မြောက်ရေးထက် အတန်းတက်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သည့်အတွက် အခြေခံပညာ တွင် အားနည်းခဲ့သကဲ့သို့ အဆင့်မြင့်ပညာသင်ကြား မှုများလည်း အားနည်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခု အခါ နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်းဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာ တတ်များပေါများရန်လိုအပ်သဖြင့် ပညာတတ်များ ပေါများစေရေး ပညာရေးကဏ္ဍမှ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ ၅၅ သန်းတွင် ၃ သန်းခန့်သာ ဘွဲ့ရရှိသည်ကို တွေ့ရှိရသဖြင့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ အဆင့်မြင့်ပညာကို သင်ကြားနိုင်သည်ကို တွေ့ရှိရ ကြောင်း၊ အလားတူ လူဦးရေ ၁၈ သန်းကျော်ခန့်သည် အခြေခံပညာသင်ကြားမှုတွင်လည်း မူလတန်းနှင့် အလယ်တန်းအဆင့်တွင်သာ သင်ကြားနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အရေးကြီးသည့်အတွက် မိမိတာဝန် ယူချိန်ကာလအတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။
ကြိုတင်စဉ်းစားဆောင်ရွက်
တက္ကသိုလ်များသည် အသိပညာနှင့် အတတ် ပညာများကို တွေးတောကြံစည်နိုင်ရန်နှင့် လေ့လာ သင်ကြားပေးသည့် ကျောင်းများဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ကျောင်းများသည် အဆင့် တစ်ခုရှိရန်လိုကြောင်း၊ တက္ကသိုလ်များ၏ ဥပဓိရုပ်နှင့် ကျောင်းများ၏မြင်ကွင်းများကောင်းရန်၊ လူသွား လမ်းများကောင်းရန်နှင့် သာယာလှပသည့် ပတ်ဝန်း ကျင်ကောင်းများဖြစ်စေရေး ဖန်တီးပေးရန်လိုကြောင်း၊ အလားတူ အဆောက်အဦများနှင့် ကျောင်းပရိဝုဏ် များ ကောင်းမွန်စေရေး ကြိုတင်စဉ်းစားဆောင်ရွက်၍ တည်ဆောက်ရန်လိုကြောင်း၊ ကျောင်းသားများ သင်ယူရာတွင် အခက်အခဲမရှိစေရေးနှင့် သင်ကြားမှု များ ထိရောက်စေရေးအတွက် စာသင်ခန်းများနှင့် လက်တွေ့ခန်းများ စနစ်တကျရှိရန်လိုကြောင်း၊ သင်ကြားပေးသည့် ဆရာ၊ ဆရာမများ၏ သင်ကြားမှု အတတ်ပညာသည်လည်း အရေးကြီးသဖြင့် မိမိတို့ ကိုယ်တိုင် စာပေပညာ တတ်ကျွမ်းရုံသာမက ကျောင်းသား၊ ကျောင်းသူများ နားလည်စေရေး သင်ကြားပေးနိုင်ရန်လိုကြောင်း။
ပတ်ဝန်းကျင်ကောင်းများ ဖန်တီး
ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ် နိုင်စေရန်အတွက် အားကစားကွင်းများနှင့် အားကစား ရုံများအား စနစ်တကျဖြင့် တည်ဆောက်ပေးထားရန် လိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို အလေ့အကျင့်ကောင်းများ၊ စိတ်ဓာတ်ကောင်းများ၊ အတတ်ပညာကောင်းများနှင့် တွေးတောကြံဆမှုများရှိစေရန် လေ့ကျင့်သင်ကြား ပေးရန်လိုကြောင်း၊ တက္ကသိုလ်ပညာသင်ကြားနေစဉ် အတွင်း စာပေပညာသင်ကြားခြင်းကိုသာမက ဘဝ အတွက် အတွေ့အကြုံများရရှိရေးအတွက်လည်း လေ့ကျင့်ဆောင်ရွက်ပေးရန်လိုသဖြင့် ပတ်ဝန်းကျင် ကောင်းများ ဖန်တီး၍ ကျောင်းသား၊ ကျောင်းသူများ အမြင်ကျယ်လာစေရေး ဖန်တီးဆောင်ရွက်ပေးရန် လိုကြောင်း။
အပြန်အလှန် ဆွေးနွေးပေး
သင်ကြားရေးနှင့်ပတ်သက်၍ တက္ကသိုလ်ပညာ ရေးသည် အလွတ်ကျက်သည့် ပညာရေးမဟုတ်ဘဲ လေ့လာခြင်း၊ တွေးခေါ်ခြင်းများဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာများ အပြန်အလှန် ဆွေးနွေးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ တွေးခေါ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း သင်ကြားမှုကဏ္ဍတိုးတက်စေရန် အတွက် အမြဲမပြတ်လေ့လာနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံ များနှင့် အာဆီယံနိုင်ငံများတွင် အောက်ဆုံး၌ရှိနေ ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတိုးတက် ရေးအတွက် အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့်လည်း အမြဲမပြတ် ကြိုးစားလေ့လာ သင်ကြား၊ သင်ယူနေမည်ဆိုပါက ပညာရေးကဏ္ဍနှင့် ပတ်သက်၍ တိုးတက်မှုများရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်အောင် ဆောင်ရွက် ပေးလျက်ရှိကြောင်း။
အလုပ်ကို အချိန်ပေး၍စူးစိုက်
လေ့လာမှုနှင့် ပတ်သက်၍ ယနေ့ခေတ်သည် သတင်းနှင့်နည်းပညာခေတ်ဖြစ်သဖြင့် အင်တာနက် မှတစ်ဆင့် များစွာလေ့လာသင်ယူနိုင်ကြောင်း၊ လေ့လာမှုများ ဆောင်ရွက်ရာတွင်လည်း ထဲထဲဝင်ဝင်၊ ထိထိရောက်ရောက် လေ့လာနိုင်ရန်လိုကြောင်း၊ မိမိကိုယ်တိုင် တန်ဖိုးရှိရန်အတွက် မိမိတို့အလုပ်ကို အလေးထားရန်နှင့် မိမိတို့ တတ်ကျွမ်းသည့်ပညာရပ် များကို အလေးထားရန်လိုကြောင်း၊ အလေးထားခြင်း နှင့် လေးစားခြင်း နှစ်မျိုးရှိကြောင်း၊ ငွေကိုအလေး ထားသူများက ငွေနောက်ကိုလိုက်ကြပြီး ပညာ အလေးထားသူများက ပညာနောက်ကိုလိုက်ကြ ကြောင်း၊ အလုပ်ကို အလေးထားပါက အလုပ်ကို အချိန်ပေး၍ စူးစိုက်ပြီး ဆောင်ရွက်ရကြောင်း၊
အလားတူ အချိန်ကိုလည်း လေးစားတန်ဖိုးထားရန် လိုကြောင်း၊ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များ ဆောင်ရွက်ချိန်တွင် အလုပ်ကိုအလေးထားခြင်း၊ အချိန်ကိုလေးစားခြင်းများဖြင့် သတ်မှတ်ချိန်အတွင်း လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်နိုင် ပြီး တိုးတက်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း။
ပညာရေး တိုးတက်လာမည်
ပညာသင်ကြားရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ပညာရပ်များကို အမှန်တကယ် တတ်ကျွမ်းအောင် သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စာများများဖတ်ရှု လေ့လာစေရေး တိုက်တွန်းဆောင်ရွက်ပေးမည် ဆိုပါက ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး တိုးတက်လာမည်ဖြစ်ကြောင်း။
မွမ်းမံသင်တန်းများ ဖွင့်လှစ်
စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ သည် ဝါသနာ၊ စေတနာ၊ အနစ်နာဖြင့် ပညာသင်ကြား ပေးကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆရာ၊ ဆရာမများအား ပညာအရည်အချင်းအလိုက် ခံစားမှုများကို တိုးမြှင့်ပေးခဲ့ပြီး ဆက်လက်၍လည်း တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်ကြား ရေးပိုင်းတွင် တာဝန်ရှိသူများကို သင်ကြားရေးပိုင်း တွင်သာ တာဝန်ပေးအပ်ရန်လိုပြီး အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများကိုသာ တာဝန်ပေးအပ်မည်ဆိုပါက အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲ ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆရာ၊ ဆရာမများကို လည်း တိုးတက်ပြောင်းလဲနေသည့် သင်ခန်းစာ အသစ်များကို လေ့လာနိုင်စေရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန်လိုကြောင်း။
မျှမျှတတသုံးစွဲနိုင်ရေး ဆောင်ရွက်
ဘဏ္ဍာရေးသုံးစွဲမှုနှင့် ပတ်သက်၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများနှင့်အညီ သုံးစွဲ နိုင်ရေး သတိပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ငွေကြေးများသုံးစွဲရာတွင်လည်း မျှမျှတတသုံးစွဲနိုင် ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ များတွင်လည်း မျှတမှုရှိရန်နှင့် မည်သည့်လုပ်ငန်း များကို ဆောင်ရွက်သည်ဖြစ်စေ စေတနာထား၍ ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြား သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တက်ရောက်လာကြသူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်