
အပန်းဖြေစခန်းအတွင်း ရေတံခွန်သုံးခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့်
ထည့်သွင်းဆောက်လုပ်ထားကာ မှန်တံတားအောက်ခြေရှုခင်းများကို ရင်ခုန်စိတ်လှုပ်ရှားစွာခံစားနိုင်မည်
နေပြည်တော် ဒီဇင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေး မြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
စက်ခလုတ်နှိပ် ဖွင့်လှစ်
ဦးစွာ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း အဆင့်် မြှင့်တင် ဖွင့်လှစ်ခြင်းအခမ်းအနားကို မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း မုခ်ဦးဆိုင်းဘုတ် ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ဂုဏ်ပြုဆုငွေများ ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား မြဝတီတေးဂီတအဖွဲ့က တေးသံသာများဖြင့် ကပြဖျော်ဖြေပြီး ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း ဖြစ်ပေါ်လာပုံနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့မှုများကို ရိုက်ကူးတင်ဆက်ထားသည့် Documentary ကို ပြသသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့ဝင် များနှင့် ရိုက်ကူးရေးအဖွဲ့ဝင်များကို ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်သည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြပြီး ပွဲကောက် ရေတံခွန်အပန်းဖြေစခန်းအတွင်း လှည့်လည်၍ နိုင်ငံ တကာအဆင့်မီ LED မှန်တံတားပေါ်မှ ဖြတ်သန်း ကြည့်ရှုပြီး ရှေးခေတ်က ပြင်ဦးလွင်ဒေသတွင် အသုံး ပြုခဲ့သည့် မော်တော်ယာဉ်များ၊ ကြိုးတံတားနှင့် သစ်လုံးအိမ်တို့ ထည့်သွင်းတည်ဆောက်ထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး ဆင်ကလေးများကို အစာ ကျွေးသည်။ ထို့နောက် ရေတံခွန်လာရောက် လည်ပတ်သူများ လှည့်လည်ကြည့်ရှုနိုင်ရန် ဖောက် လုပ်ထားသည့် တောတွင်းလျှောက်လမ်းအတိုင်း လှည့်လည်ကြည့်ရှုကြသည်။
လှည့်လည်ကြည့်ရှုအားပေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းအတွင်း အမိုးပါ ကလေးအားကစားကွင်းတွင် နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ဖွဲ့မှ မျက်လှည့်ပြသမှု ပြကွက်များကို ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ဒေသထွက်ပစ္စည်း အရောင်းဆိုင်များ၊ Smart P ရှပ်အင်္ကျီအရောင်းဆိုင်၊ နေရောင်ခြည် စွမ်းအင်သုံး စိုက်ပျိုးရေးရေသုံး ဆိုလာနည်းစနစ်နှင့် စိုက်ခင်းများ အား ဆိုလာနည်းစနစ်ဖြင့် ရေဖျန်းနေမှုများအား လှည့်လည်ကြည့်ရှုအားပေးသည်။
အပန်းဖြေစခန်းတစ်ခုပေါ်ပေါက်
အဆိုပါ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း သည် ပွဲကောက်ကျေးရွာအနီး မန္တလေး-လားရှိုး မီးရထားလမ်းနှင့် ကားလမ်းတို့အကြားတွင် တည်ရှိ ပြီး ၁၉၄၉ ခုနှစ်တွင် ပြင်ဦးလွင်မြို့အား သောင်းကျန်း သူများသိမ်းပိုက်ထားချိန်၌ ယခုပွဲကောက်ရေတံခွန် တည်ရှိရာနေရာတွင် လေ့ကျင့်ရေး အင်ဂျင်နီယာ တပ်ရင်းမှ တပ်စွဲ၍ သောင်းကျန်းမှုများကို နှိမ်နင်း ခဲ့သည့်အတွက် နောင်လာနောက်သားများ အမှတ် တရရှိစေရေး အပန်းဖြေစခန်းတစ်ခုတည်ဆောက် ရာမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း။
ပြုပြင်ထိန်းသိမ်းဆောင်ရွက်
ပွဲကောက်ရေတံခွန်သည် ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင်ခန်းများ များပြားလာ ခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် စစ်ဆေးစဉ် လမ်းညွှန်ချက်များအရ ယခုကဲ့သို့ အဆင့် မြှင့်တင် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ရေတံခွန်အတွင်း ရေသန့်စင်စေရေး သဘာဝရေသန့်စင်စနစ်ကို အသုံးပြုထားသဖြင့် ရေကစားလိုသူများအနေဖြင့်လည်း သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ရေကစားမှုပြုနိုင်မည် ဖြစ်ကြောင်း၊ အပန်းဖြေစခန်းအတွင်း ရေတံခွန်သုံးခု ရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကို လည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ် ထားကာ မှန်တံတားအောက်ခြေရှုခင်းများကို ရင်ခုန် စိတ်လှုပ်ရှားစွာခံစားနိုင်မည်ဖြစ်ကြောင်း၊ ပန်းမြို့တော်၊ ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လာရောက် လည်ပတ်သူများ စိတ်အပန်းပြေစေရန် ရည်ရွယ် ၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်းအဆင့်မြှင့်တင်ထားရှိသည့်အပြင် လုံခြုံ ရေးနှင့် ကူညီကယ်ဆယ်ရေးအတွက်လည်း အသေး စိတ် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်