နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်  ဇန်နဝါရီ  ၂၅


(၂၃) ကြိမ်မြောက်  ဝိဇ္ဇာနှင့်သိပ္ပံ  သုတေသန ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  Naypyitaw State Academy ၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်      တက်ရောက်အမှာစကားပြော ကြားသည်။


အဆိုပါ  အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များ၊      ပြည်ထောင်စုဝန်ကြီးများ၊    အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊    ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊     ပါမောက္ခများ၊   မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့်    အဖွဲ့ဝင်များ၊ စာတမ်းရှင်များ၊  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်  အခမ်း အနားကျင်းပမည့်နေရာသို့  ရောက်ရှိကြရာ  ဆရာ၊ ဆရာမများ၊  ကျောင်းသား၊  ကျောင်းသူများနှင့် တာဝန်ရှိသူများက     လှိုက်လှဲနွေးထွေးစွာ   ကြိုဆို နှုတ်ဆက်ကြသည်။ 

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး


ထို့နောက်   အခမ်းအနားအစီအစဉ်   ပထမပိုင်း အဖြစ်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ    ကောင်စီတွဲဖက်အတွင်းရေးမှူး    ဒုတိယ ဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊      ကောင်စီဝင်များဖြစ်ကြ သည့်   ဗိုလ်ချုပ်ကြီး  မြထွန်းဦးနှင့်         ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာညွန့်ဖေတို့က    (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသန ညီလာခံဖွင့်ပွဲ အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ယင်းနောက်  အခမ်းအနားအစီအစဉ်ဒုတိယပိုင်း ကို Naypyitaw State Academy   စုပေါင်းခန်းမကြီး၌ ဆက်လက်ကျင်းပပြုလုပ်ပြီး    ဦးစွာ    ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံသီချင်းဖြင့် ဖျော်ဖြေသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က  (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသန ညီလာခံဖွင့်ပွဲ အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် တိုင်းပြည်တစ်ခုဖွံ့ဖြိုး တိုးတက်ခြင်း၏  အခြေခံအုတ်မြစ်သည် ပညာတတ် အရင်းအမြစ်ပေါများခြင်းပင်ဖြစ်ပါကြောင်း၊  ထို့ကြောင့် နိုင်ငံတော်အနေဖြင့်   အသိပညာ၊    အတတ်ပညာ ပြည့်စုံသည့် ပညာတတ်များနှင့်  သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို         တည်ဆောက်ရန် ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊  ပညာတတ်များ မွေးထုတ်ရာ   ဦးဆောင်တက္ကသိုလ်ကြီးဖြစ်လာရန် မျှော်မှန်းချက်ဖြင့်  ဖွင့်လှစ်ခဲ့သည့် Naypyitaw State Academy တွင် နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်များက ဝိဇ္ဇာနှင့်သိပ္ပံ  ပညာရပ်များ၏  မီးရှူးတန်ဆောင် ဖြစ်သည့်    ဤသုတေသနညီလာခံကြီးကို  ယနေ့မှ စပြီး သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်သည့်အတွက် အလေးအနက် ချီးကျူးဂုဏ်ပြုအပ်ကြောင်း။


မျက်မှောက်ခေတ်ကို “ပညာခေတ်” ဟု တင်စား သတ်မှတ်ထားသည်နှင့်အညီ  ကမ္ဘာပေါ်တွင် တန်ဖိုး အရှိဆုံးဟုခံယူထားသည့်အရာသည် “ပညာ” သာ ဖြစ်ကြောင်း၊   “ပညာရဲရင့် ပွဲလယ်တင့်”   ဟူသည့် အင်းဝခေတ်စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ စကား သည်     ယနေ့တိုင်    မှန်ကန်နေဆဲဖြစ်ကြောင်း၊ မည်သည့်ခေတ်တွင်မဆို  နိုင်ငံသားတိုင်း  ပညာရည် မြင့်မှ  ကမ္ဘာ့အလယ်တွင်  နိုင်ငံနှင့်လူမျိုး  တင့်တယ် မည်ဖြစ်ကြောင်း။


ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်း


ပညာသည် ဖွံ့ဖြိုးတိုးတက်မှု၏ အရင်းခံဖြစ်သည့် အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး  စစ်မှန်စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊    ပင်ကိုအရည်အသွေး၊  စွမ်းရည်များ နှင့်  ပြည့်စုံသည့်      လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့်      ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရေးသည်    အရေးကြီး ကြောင်း၊   ထိုကဲ့သို့ မြှင့်တင်ဆောင်ရွက်ရာတွင် ယခု ကဲ့သို့ သုတေသနညီလာခံများ၊ စာတမ်းဖတ်ပွဲများက များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

သုတေသနဆိုသည်မှာ ပါဠိဘာသာစကား “သုတ” ဟူသည့်    အကြားအမြင်နှင့်    “ဧသန”    ဟူသည့် “ရှာမှီးခြင်း”  တို့  ပေါင်းစပ်ထားခြင်းဖြစ်သည့်အတွက် ကြောင်းကျိုးတရားကို    ရှာမှီးခြင်းဟု    အဓိပ္ပာယ်ရ ကြောင်း၊   “ပညာဖြင့်   ကြောင်းကျိုးတရားကိုသိ၏” ဆိုသကဲ့သို့     သုတေသီတို့သည်      အရာခပ်သိမ်းကို ပြေးကြည့်ရန်မလိုဘဲ    အတွေ့အကြုံ၊    အမြော်အမြင် နှင့် ခြေခြေမြစ်မြစ်   နှစ်နှစ်ကာကာ   တွေးတောရုံမျှ၊ သုတေသနအသိအမြင်ကို  အသုံးချကာ စူးစမ်းရှာဖွေ ရုံမျှဖြင့် သမ္မာဒိဋ္ဌိ- မှန်ကန်သော  အမြင်၊ မှန်ကန်သော ရလဒ်ကို ရရှိစေကြောင်း။ 


ဖန်တီးမှုအသစ်များ ထွက်ပေါ်လာစေနိုင်


သုတေသနဟူသည်မှာ       ဖန်တီးနိုင်မှုစွမ်းရည် မြင့်မားလှသည့်  စွမ်းဆောင်ချက်တစ်ခု  (Research is a highly creative activity)  ဟု   ဆိုကြကြောင်း၊ အရည်အသွေးရှိသည့်   သုတေသနစွမ်းဆောင်ချက် (Quality Research)  တစ်ခုသည်  ထုတ်ကုန်သစ်များ ထုတ်လုပ်ပေးနိုင်စွမ်း၊  အလုပ်အကိုင်သစ်များ ဖန်တီး ပေးနိုင်စွမ်းရရှိစေပြီး  စက်ရုံအသစ်များကို  ပေါ်ထွန်း လာစေနိုင်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကို     သက်သာစေနိုင်ပြီး  နည်းပညာသစ်များနှင့်   တီထွင်ဖန်တီးမှုအသစ်များကို ထွက်ပေါ်လာစေနိုင်ကြောင်း၊ ထို့ကြောင့်    အရည် အသွေးရှိသည့်     သုတေသနစွမ်းဆောင်ချက်တစ်ခု သည်  နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို    များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။


သုတေသနစင်တာများကိုလည်း တိုးချဲ့ဖွင့်လှစ်ခဲ့


သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေး ဖြစ်သည်ဟု သတ်မှတ်ထားသည်နှင့်အညီ သုတေသန ဆောင်ရွက်နေသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  မိမိတို့ သင်ယူလေ့လာနေ သည့်   ပညာရပ်နယ်ပယ်များတွင်    ပိုမိုတတ်ကျွမ်း ထူးချွန်လာကြမည်ဖြစ်ကြောင်း၊   တွေ့ရှိချက်အသစ် များမှတစ်ဆင့်  ဆန်းသစ်တီထွင်မှုများကို ဆက်လက် လုပ်ဆောင်ကြခြင်းသည်          လူမှုအသိုင်းအဝိုင်းကို အကျိုးပြုနိုင်သည့်  အသိပညာရှင်၊ အတတ်ပညာရှင် များ ပေါ်ထွန်းလာကြမည်မှာ အသေအချာဖြစ်ကြောင်း၊ ထို့ကြောင့်     နိုင်ငံတော်က  တက္ကသိုလ်များအတွက် သုတေသနအသုံးစရိတ်များ၊ သုတေသနဓာတ်ခွဲခန်းသုံး ပစ္စည်းများကို     နှစ်စဉ်   တိုးမြှင့်ခွင့်ပြုပေးခဲ့သည့် အပြင် သုတေသနစင်တာများကိုလည်း တိုးချဲ့ဖွင့်လှစ် ပေးခဲ့ကြောင်း။


ဦးတည်ကြိုးပမ်းရန် ပံ့ပိုးပေးလျက်ရှိ


နိုင်ငံတော်အနေဖြင့်   တိုင်းပြည်သာယာဝပြော ရေးနှင့်     စားရေရိက္ခာဖူလုံရေးကို   အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ရပ်အဖြစ်   ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊          အသေးစား၊ အငယ်စားနှင့် အလတ်စား  စက်မှုလုပ်ငန်း (MSME)များကို   အားပေးရင်း   ဒေသတစ်ခု၊  ထုတ်ကုန်တစ်မျိုး (One  Region,   One  Product)      ထုတ်လုပ်ရန် တိုက်တွန်းလျက်ရှိသကဲ့သို့ အရည်အသွေးမြင့် ကုန်ချော များ (Value-added Products)   ထုတ်လုပ်ခြင်း မှတစ်ဆင့်     စိုက်ပျိုးရေးကိုအခြေခံသည့်   စက်မှု လုပ်ငန်းများ  (Agro-based  Industries)   ကို ဦးတည်ကြိုးပမ်းရန်       ပံ့ပိုးပေးလျက်ရှိကြောင်း၊ အဆိုပါ အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ် အောင်မြင် ရေးအတွက် တက္ကသိုလ်များ၏ သုတေသနအားကောင်း မှုဖြင့်လည်း ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း။


သုတေသနများဆောင်ရွက်ရာတွင်  တစ်ဦးချင်း သုတေသနနှင့် အဖွဲ့လိုက်သုတေသနများ ဆောင်ရွက် ကြသကဲ့သို့  ပူးတွဲသုတေသန  (Joint Research) များကိုလည်း ဘာသာရပ်အချင်းချင်း၊    ပြည်တွင်း တက္ကသိုလ်များအချင်းချင်း၊     ပြည်တွင်းပြည်ပ တက္ကသိုလ်အချင်းချင်း  ပူးပေါင်းလုပ်ဆောင်ကြမည် ဆိုပါက အဖိုးတန်သည့်  သုတေသနကောင်းများစွာ ပေါ်ထွက်လာနိုင်ကြောင်းကို ပြောကြားလိုကြောင်း။


ဖွံ့ဖြိုးတိုးတက်လာအောင် ပံ့ပိုးပေးနိုင်


တက္ကသိုလ်သုတေသနများမှ  ထုတ်ကုန်အသစ် များထုတ်လုပ်နိုင်သည့်  နည်းပညာသစ်များကို စက်ရုံ များသို့ နည်းပညာလွှဲပြောင်းပေးခြင်း (Technology Transfer)  ပြုလုပ်သကဲ့သို့  သုတေသနတွေ့ရှိချက် အသစ်များကို လိုအပ်သည့် အဖွဲ့အစည်းများသို့ ပညာ ဗဟုသုတမျှဝေပေးခြင်း    (Knowledge  Sharing) ပြုလုပ်ကာ နိုင်ငံ့စီးပွားရေးလုပ်ငန်းများကို အချိန်တို အတွင်း ဖွံ့ဖြိုးတိုးတက်လာအောင်  ပံ့ပိုးပေးနိုင်ခြင်း ဖြင့်      နိုင်ငံတော်က   အားကိုးအားထားပြုရသည့် တက္ကသိုလ်များ ဖြစ်လာကြမည်ဖြစ်ကြောင်း။

နိုင်ငံတော်ကို အကျိုးပြုမည့် သုတေသနလုပ်ငန်း များ ဆောင်ရွက်ရန်နှင့်  သုတေသနလမ်းညွှန်မှုများ ပေးရန်ဟူသည်မှာ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့၏ ရည်ရွယ်ချက်တစ်ခုဖြစ်ကြောင်း၊  မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ  ပညာရှင်အဖွဲ့အနေဖြင့်    နိုင်ငံတော် အစိုးရက ၁၉၉၉ ခုနှစ်၊ သြဂုတ်လ စတင်ဖွဲ့စည်းပေး ချိန်မှစပြီး ချမှတ်ပေးထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိရာ သုတေသနလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ၂၀၀၁ ခုနှစ်မှစတင်ပြီး  ဝိဇ္ဇာ၊ သိပ္ပံ နှင့်  လူမှုရေးပညာရပ်များဆိုင်ရာ  ဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများနှင့်    ညီလာခံများကို နှစ်စဉ်   ကျင်းပပေးလျက်ရှိကြောင်း၊  ၂၀၂၃  ခုနှစ် အတွက် (၂၃)ကြိမ်မြောက်   ဝိဇ္ဇာနှင့်သိပ္ပံ သုတေသန ညီလာခံကို    ပညာရေးဝန်ကြီးဌာနက   အမျိုးသား အဆင့်အဖြစ်  Naypyitaw  State  Academy  တွင် ဇန်နဝါရီလ ၂၅  ရက်မှ  ၂၇  ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း။


စာတမ်းပေါင်း ၃၁၄ စောင် ဖတ်ကြားမည်


ယခုညီလာခံတွင် ဂုဏ်ယူဖွယ်ရာ အချက်တစ်ချက် အဖြစ်  နိုင်ငံတစ်ဝန်းက  ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ စစ်တက္ကသိုလ်အပါအဝင် အခြားဝန်ကြီးဌာန(၆)ခု တို့မှ ပညာရေးဝန်ကြီးဌာန၌ ပါရဂူကျမ်း လာရောက် ပြုစုနေသူ    သုတေသီများက     သုတေသနစာတမ်း ပေါင်း ၃၁၄ စောင်ကို ဖတ်ကြားဆွေးနွေးကြမည်ဖြစ် သည့်အတွက်    တက္ကသိုလ်   ဆရာ၊     ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  သုတေသန တွင်  လွန်စွာစိတ်ဝင်စားမှုရှိကြောင်း  တွေ့ရသဖြင့် အားရကျေနပ်မိကြောင်းကို ပြောကြားလိုကြောင်း။

ထိုသို့  သုတေသနစာတမ်းများ  ဖတ်ကြားသည့် အပြင် ပညာရေးဝန်ကြီးဌာန၊  တက္ကသိုလ်အသီးသီးမှ သုတေသနပိုစတာပေါင်း ၆၀ ခန့်ပြသထားသကဲ့သို့ သုတေသနပြကွက်  ၂၀  ကျော်ကို ခင်းကျင်းပြသထား သည်ဟု သိရကြောင်း၊ တက္ကသိုလ်အသီးသီး၏ မတူ ကွဲပြားသည့်     ဘာသာရပ်အသီးသီးက   သုတေသန ပညာရှင်များ၏ တီထွင်ဆန်းသစ်မှုများ၊  သုတေသန တွေ့ရှိချက်များကို   လာရောက်ကြည့်ရှုကြသူများက တွေ့မြင်သိရှိခွင့်ရရှိကြသကဲ့သို့  အပြုသဘောဆောင် သည့်  အကြံပြုချက်များကို ပေးအပ်နိုင်မည်ဖြစ်သည့် အတွက် နှစ်ဦးနှစ်ဖက်အသိအမြင်ဖလှယ်ခွင့် ရရှိကြ မည်ဖြစ်ကြောင်း။

 

ပညာရေးဝန်ကြီးဌာန၏  (၂၃)  ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ    သုတေသနညီလာခံတွင်    တင်သွင်း ဖတ်ကြားသည့်      သုတေသနစာတမ်းများအနက် အကောင်းဆုံးသုတေသနဆု၊   ဘာသာရပ်နယ်ပယ် အလိုက် အကောင်းဆုံးစာတမ်းဆုများ  ချီးမြှင့်သွား မည်ဖြစ်သည့်အပြင်  သုတေသနညီလာခံမှ အဆင့်မီ သည့်သုတေသနစာတမ်းများကို စုစည်းပြီး သုတေ သနဂျာနယ်များ  ထုတ်ဝေမည်ဟုလည်း ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ သိရှိရကြောင်း။ 


သုတေသီများကို မွေးထုတ်ပေးကြရမည်


မြန်မာနိုင်ငံတက္ကသိုလ်များ တည်ရှိရာဒေသများ သည် ကြွယ်ဝမှုအသီးသီးကို  ပိုင်ဆိုင်ထားကြကြောင်း၊ သာဓကအားဖြင့်     နိုင်ငံ၏   အနောက်ဘက်ပိုင်း၊ တောင်ဘက်ပိုင်းတွင်တည်ရှိသည့်    တက္ကသိုလ်များ သည် ပင်လယ်ကမ်းရိုးတန်းနှင့်  ရေ၊  မြေ၊ သား၊ ငါး ပေါကြွယ်ဝသည့် မိုးများသည့် ဒေသများတွင် ရှိကြ ကြောင်း၊ အဆိုပါ  တက္ကသိုလ်များက ငါး၊ ပုစွန်၊ ပုလဲ မွေးမြူရေး၊    ကမ်းလွန်ဒေသ     ရေနံနှင့်သဘာဝ ဓာတ်ငွေ့ဆိုင်ရာ   ဒေသအကျိုးပြု   သုတေသနများ ဆောင်ရွက်ပြီး မိမိဒေသ၌ပင်နေထိုင်ကာ  အလုပ်လုပ် ကိုင်မည့်  ဒေသခံဘွဲ့ရပညာတတ်များ၊  ပြောင်မြောက် သည့် သုတေသီများကို မွေးထုတ်ပေးကြရမည်ဖြစ် ကြောင်း၊ အလားတူ  နိုင်ငံတစ်ဝန်း တက္ကသိုလ်များက နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့်     လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရန်      လိုအပ်သည့်နည်းပညာသစ်များနှင့် ကျွမ်းကျင်မှုအဖုံဖုံကို     ဆောင်ကြဉ်းပေးကြရမည် ဖြစ်ကြောင်း။  


ယနေ့ ကျင်းပပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန (၂၃)ကြိမ်မြောက်   ဝိဇ္ဇာနှင့်သိပ္ပံ  သုတေသနညီလာခံ ကြီးတွင်  စာတမ်းများ ဖတ်ကြားတင်သွင်းကြမည့် သုတေသီများနှင့် နိုင်ငံတစ်ဝန်း  တက္ကသိုလ်၊  ဒီဂရီ ကောလိပ်အသီးသီးက      ဆရာ၊     ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘာသာရပ် အကျိုးပြု၊ ဒေသအကျိုးပြု၊  နိုင်ငံအကျိုးပြု အသုံးချ သုတေသနများကို ထိထိရောက်ရောက်  အောင်မြင် အောင် ဆောင်ရွက်ပေးရန်နှင့်  မိမိတို့တတ်ကျွမ်းထား သည့် အသိပညာ၊  အတတ်ပညာနှင့်  ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်  နိုင်ငံတော်ကြီး  တည်ဆောက်ရာတွင် တစ်တပ်တစ်အားပါဝင်ပြီး    အကျိုးပြုပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။   


ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်     အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများသည်  မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၏ ရုရှား၊ တရုတ်၊  ကိုရီးယား၊   ဂျပန်  ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။


 ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်


ဖျော်ဖြေတင်ဆက်မှုများအပြီးတွင်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က    ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်     ကျောင်းသား၊ ကျောင်းသူများအား        ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ  မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ တာဝန်ရှိသူများနှင့်  ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


အခမ်းအနားအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  တက်ရောက်လာကြသည့် မြန်မာ နိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊     စာတမ်းရှင်များ၊   ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။


စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှု


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ တက္ကသိုလ်များ ၏ အချက်အလက်များနှင့်  သုတေသနဆောင်ရွက် မှုတင်ပြခြင်းများအား   ပြသထားသည့် တက္ကသိုလ် အသီးသီးမှ  သုတေသနပိုစတာများနှင့် သုတေသန ပြကွက်များကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါ ဝင်စားစွာဖြင့် လိုက်လံကြည့်ရှုကြရာ ပြကွက်အလိုက် တာဝန်ရှိသူများက   ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်