
နေပြည်တော် နိုဝင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၆/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နောက်ခံအကြောင်းအရင်းများနှင့် အပစ်အခတ်ရပ်စဲရေးကို အခွင့်အရေးယူ၍
အင်အားတိုးချဲ့စုဆောင်းခြင်းများ ပြုလုပ်လာမှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက် ၍ ပြောကြားရာ၌ KIA အဖွဲ့အနေဖြင့် ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါ သဘောတူစာချုပ်တွင် တပ်မဟာ ၄ ခုနှင့်အခြေပြု စခန်း ၉၄ ခုကို သတ်မှတ်ပေးခဲ့ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် နောက်ပိုင်းတွင် ငြိမ်းချမ်းရေးကို အကြောင်းပြ၍ မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်း၊ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများအား တစ်ဖက်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ခြင်းများ ပြုလုပ်၍ အင်အားတိုးချဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင်လိုင်ဇာ၊ လိုင်စင်ပို့(စ်)တို့၌လည်း လက်နက် ခဲယမ်းစက်ရုံများ တည်ဆောက်ခြင်းနှင့် လူအင်အား တိုးချဲ့ခြင်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း။
၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေ အနေအရ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့မှ အစွန်းရောက်သည့် လူငယ်များကို KIA စခန်းများ၌ စစ်ရေးလေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်ခြင်း၊ တပ်များဖွဲ့စည်းပေးခြင်းနှင့် လက်နက်ခဲယမ်းများ တပ်ဆင်ပေးခြင်းများကိုအသစ် ဖွဲ့စည်းသည့် KIA တပ်မဟာ(၈) က အဓိကဆောင်ရွက် ခဲ့ကြောင်း၊ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ယခုအချိန်အထိ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိ ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသ တွင် တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေချိန်၌ KIA အဖွဲ့အနေဖြင့် ကချင် ပြည်နယ်အတွင်းရှိ တပ်မတော်စခန်းငယ်တစ်ခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် လက်တုံ့ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသ ကြီးအတွင်း၌ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက် ရာတွင် KIA နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများသာမက AA အဖွဲ့များပါ ပူးပေါင်း ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထီးချိုင့်၊ ကန့်ဘလူ၊ ကောလင်း၊ တမူး၊ ခမ်းပတ်မြို့များကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ သကဲ့သို့ ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ လိုင်လင်းပီ မြို့များကိုလည်း ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့သည်ကို တွေ့ရကြောင်း၊ အဆိုပါဒေသမှ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်နှင့်လက်တွဲ၍ ပူးပေါင်းတိုက်ခိုက်မှုများကို ဆောင်ရွက်ခဲ့သကဲ့သို့ ဒေသခံပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့ များ၏ သတင်းများကို တပ်မတော်သို့ပေးပို့ခြင်း ကြောင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့သည် ကို တွေ့ရကြောင်း။
အလားတူ UWSA အဖွဲ့နှင့်ပတ်သက်၍ ၁၉၈၉ ခုနှစ်တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၍ ငြိမ်းချမ်းရေးယူခဲ့ပြီး နိုင်ငံတော်အနေဖြင့် “ဝ” ဒေသ ကို အထူးဒေသ (၂) အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊ ရိက္ခာဖူလုံမှုမရှိသဖြင့် အဆိုပါ “ဝ” ဒေသအတွက် လိုအပ်သည့် ဆန်များကိုလည်း စဉ်ဆက်မပြတ် ထောက်ပံ့ပေးပို့ခဲ့ကြောင်း၊ UWSA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးယူခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီ ဖြစ်ကြောင်း၊ “ဝ” ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ပေး ခဲ့ကြောင်း၊ သို့သော်လွန်ခဲ့သည့် ၁၀ စုနှစ်မှစ၍ “ဝ” ဒေသသည် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာခဲ့ ကြောင်း၊ ခေတ်မီမြို့ပြအဆင့်သို့ပင် ရောက်ရှိခဲ့သည် ကို တွေ့ရှိရကြောင်း၊ ထိုသို့တိုးတက်လာမှုနှင့်အတူ ကိုယ်ပိုင်လက်နက်ထုတ်လုပ်မှုများကို တွင်တွင် ကျယ်ကျယ် လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း။
၂၀၀၉ ခုနှစ် လောက်ကိုင်အရေးအခင်းဖြစ်ပွားချိန်တွင် ဖုန်ကြားရှင်နှင့် နောက်လိုက်အဖွဲ့များအနေ ဖြင့် ၎င်း၏သမက်ရှိရာ မိုင်းလားဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး အချို့မှာ တစ်ဖက်နိုင်ငံနှင့် အခြား ဒေသများသို့ တိမ်းရှောင်ခဲ့ကြကြောင်း၊ လက်ရှိတွင် ဖုန်ကြားရှင်၏သား ဖုန်တာရွှင် ဦးစီးသည့်အဖွဲ့သည် MNDAA လက်ကျန်အဖွဲ့နှင့် ကိုးကန့်များကိုစည်းရုံး၍ အထူးဒေသအဖြစ် ပြန်လည်အသက်သွင်းရန်ကြိုးပမ်း ခဲ့ကြောင်း၊ ပြီးခဲ့သည့်လအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ဒေသအတွင်းရှိ တပ်မတော် လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင်TNLA ၊ KIA၊ AA အဖွဲ့တို့အပြင် စုစည်းထားသည့် အခြားတပ်ဖွဲ့များ မှ ကိုးကန့်များ၊ ပြည်ပမှ Drone ပညာရှင်များ စုစု ပေါင်းအင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ ဖုန်တာရွှင် ဦးစီးသည့်အဖွဲ့သည် ၂၀၁၅ ခုနှစ်ကလည်း တပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ၂၀၁၆ ခုနှစ်တွင် လည်း မုန်းကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးခစန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ ၂၀၁၇ ခုနှစ်တွင် ရန်လုံကျိုင်းဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် အာဏာ ပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့် လက်တွဲဆောင်ရွက်နေသည့် TNLA အဖွဲ့ အနေဖြင့်လည်း မန္တလေး-လားရှိုး-သိန္နီလမ်းကြောင်း ပေါ်ရှိ နောင်ချို၊ သိန္နီမြို့များကို တိုက်ခိုက်ခဲ့သကဲ့သို့ လားရှိုးမြို့ကိုလည်း နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ အဓိကအားဖြင့် Drone ကြီးများသုံး၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါတွင် လည်း နယ်စပ်ဒေသကုန်သွယ်ရေးအတွက် အဓိက နေရာဖြစ်သည့် မူဆယ်ကိုလည်း လာရောက်တိုက်ခိုက် လျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း၊ TNLA အဖွဲ့အနေဖြင့် မန္တလေး-လားရှိုးလမ်းကြောင်း ကို ဖြတ်တောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး အဓိက အားဖြင့် လားရှိုး - မူဆယ် - ချင်းရွှေဟော် ဆက်သွယ် သည့် လမ်းကြောင်းပေါ်မှ အဓိကကျသည့် သိန္နီမြို့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ကို တွေ့ရကြောင်း၊ အလား တူ MNDAA တိုက်ခိုက်သည့် ဖြစ်စဉ်များတွင် TNLA အဖွဲ့အနေဖြင့် ထပ်ဖြည့်တိုက်ခိုက်သည်ကို တွေ့ရ ကြောင်း။
TNLA အဖွဲ့အနေဖြင့် ၂၀၀၉ ခုနှစ်တွင် KIA ၏ အကူအညီဖြင့် လိုင်ဇာတွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရှိရကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ရှမ်းပြည်နယ်(မြောက် ပိုင်း) သို့ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ TNLA ၏ ရည်ရွယ်ချက်မှာ ပလောင်ဒေသရရှိရေးပင် ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ၂၀၁၈ ခုနှစ်တွင် မူဆယ် မြို့ရှိ ပြည်သူ့စစ်စခန်းများနှင့် လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့သည်ကို သိရှိ ရသဖြင့် ဝင်ရောက်ရှင်းလင်းစဉ် လက်နက်ခဲယမ်းများ နှင့် ဆက်စပ်ပစ္စည်းများ များစွာသိမ်းဆည်းရမိခဲ့ ကြောင်း။
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များကို သုံးသပ်ကြည့်မည် ဆိုပါက သာလွန်အင်အားများ စုစည်းခြင်းနှင့် နည်းပညာသာလွန်မှုကို အသုံးချ၍ စစ်သုံးအဆင့် Drone များဖြင့် Drop Bomb များ အသုံးပြုတိုက်ခိုက် ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် Drop Bomb အသုံးပြုမှုမှာ ယခုအချိန်အထိ အလုံးပေါင်း ၂၅၀၀၀ ကျော်ခန့် အသုံးပြုခဲ့သကဲ့သို့ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်ကို သိရှိရကြောင်း။
မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်မှ စတင်၍ ဖြစ်ပေါ်ခဲ့သည့် ဆူပူမှုနှင့် အကြမ်းဖက်မှုများ ကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့များပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်ဆင်ရေး ဆောင်ရွက်ချိန်တွင်လည်း အထူးကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရသည့်အတွက် အချို့နေရာများတွင် လုံခြုံရေးအရ တပ်ဖွဲ့ဝင်များ ထားရှိရသည်များ ရှိကြောင်း၊ အဆိုပါနေရာများသို့ MNDAA နှင့်ပူးပေါင်း အဖွဲ့များက Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ သာလွန်အင်အားများဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစုဝင်များ၏ အသက် အန္တရာယ်လုံခြုံရေးအရ အချို့နေရာများကို စွန့်ခွာ ပေးခဲ့ကြောင်း၊ နယ်စပ်ဒေသဖြစ်ခြင်းကြောင့် တစ်ဖက် နိုင်ငံမှအထင်အမြင် မလွဲမှားစေရန် ကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ရပြီး အရပ်သူအရပ်သားအပြစ်မဲ့ပြည်သူ များမထိခိုက်အောင်လည်း ဆောင်ရွက်ခဲ့ရခြင်းများလည်းရှိကြောင်း။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ဒေသ တွင် ယခုကဲ့သို့ ရှုပ်ထွေးမှုများဖြစ်လာခဲ့ခြင်းမှာ ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းလောင်းကစားများမှတစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ယခင် ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် လောင်းကစားဝိုင်းများဖြင့် လုပ်ဆောင်ခဲ့မှုများရှိ ကြောင်း၊ ကိုဗစ် - ၁၉ ဖြစ်ပွားချိန်တွင် အသွားအလာ များ တုံ့ဆိုင်းသွားသဖြင့် အွန်လိုင်းမှ လောင်းကစား များလုပ်ဆောင်ခဲ့ပြီး လုပ်ငန်းအတွက်လိုအပ်သည့် ကျွမ်းကျင်သူများနှင့် အထောက်အကူပြုဝန်ထမ်းများ ကို ခေါ်ယူ၍လုပ်ဆောင်ခဲ့ရာ တရားမဝင်နိုင်ငံခြား သားများပါ လောက်ကိုင်ဒေသသို့ ဝင်ရောက်ခဲ့ ကြောင်း၊ ဖော်ထုတ်ရမိသည့် နိုင်ငံခြားသားများအနက် နိုဝင်ဘာ ၂၈ ရက်အထိ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေး သူ ၂၀၃၅ ဦး၊ ရှာဖွေဖမ်းဆီးလွှဲပြောင်းသူ ၃၇၃၈ ဦး၊ မိမိအစီအစဉ်ဖြင့် ထွက်ခွာသူ ၃၇၉၃၆ ဦး၊ စုစုပေါင်း ၄၃၇၀၉ ဦးရှိပြီဖြစ်ပြီး အချို့မှာ လွှဲပြောင်းပေးရန် ကျန်ရှိနေသေးကြောင်း။
AA အဖွဲ့အနေဖြင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် KIA နယ်မြေတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ စတင်ဝင်ရောက် ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကျောက်တော်မြို့နယ်အတွင်း၌ ဒေသခံပြည်သူများအား အတင်းအဓမ္မလူသစ် စုဆောင်းခြင်းနှင့် တပ်တည်ဆောက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အတွက် တပ်မတော်မှ ရှင်းလင်း ဆောင်ရွက်ခဲ့ရကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ်တွင် လည်း နယ်စပ်ကင်းစခန်းများကို တိုက်ခိုက်ခဲ့သကဲ့ သို့ ပလက်ဝမြို့နယ်မှ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၁၁၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုအချိန်မှစ၍ ရခိုင်ပြည်နယ်အတွင်း AA နှင့် တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် မတ် ၁ ရက်တွင် နီပွန်ဖောင်ဒေးရှင်းမှ စေ့စပ်စီစဉ်ပေးမှုဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲပေးခဲ့ပြီး တစ်ဖက်မှလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ရုပ်သိမ်းပေးခဲ့ကြောင်း၊ ထိုအချိန်မှစ၍ AA အဖွဲ့ အနေဖြင့် လူသစ်စုခြင်း၊ ပြန်ပေးဆွဲခြင်း၊ အုပ်ချုပ်မှု ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် တပ်စခန်း များ တိုးချဲ့ဆောက်လုပ်လာခြင်းကြောင့် မိမိတို့ အနေဖြင့် အကြိမ်ကြိမ် သတိပေးဆောင်ရွက်ခဲ့ရ ကြောင်း၊ မိုခါမုန်တိုင်းဝင်ရောက်ချိန်တွင် ရခိုင် ပြည်နယ်အတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြီးမား စွာဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ မိမိကိုယ်တိုင်သွားရောက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်အရာရှိကြီးများကို မြို့နယ် တစ်ခုချင်းစီအလိုက်တာဝန်များပေးအပ်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ရေရှည်အကျိုးကို ကြည့်၍ မူလအခြေအနေများထက် သာလွန်ရမည်ဟု ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေအများစုကို အသုံးပြု၍ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ “ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့” ဆိုသည့် စိတ်ကောင်းစေတနာကောင်း ဖြင့် ဆောင်ရွက်ပေးခဲ့သည်မှာ ယခုအခါရခိုင်ပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ သို့သော် AA အဖွဲ့အနေဖြင့် သစ္စာမရှိဘဲ ယာယီပစ်ခတ် တိုက်ခိုက် မှုရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်၍ MND-AA အဖွဲ့နှင့်ဖြစ်ပွားသည့် ဖြစ်စဉ်များတွင် ပါဝင်ခဲ့ ကြောင်း၊ မကြာခင်က ပလက်ဝဒေသရှိ လုံခြုံရေး စခန်းငယ်နှစ်ခုနှင့် ပေါက်တောမြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းအချို့ကိုလည်း သာလွန် အင်အားများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိအချိန် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စွန့်စွန့်စားစား ချေမှုန်းတိုက်ခိုက်မှုများကြောင့် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း၊ AA အဖွဲ့မှ ထိခိုက်ကျဆုံးမှုများပြားပြီး မိမိတို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ထိခိုက်ကျဆုံးမှုရှိကြောင်း၊ AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အချို့ဒေသများတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ ဝန်ထမ်းများ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ သကဲ့သို့ မော်တော်ယာဉ် ယာဉ်မောင်းများကို ဖမ်းဆီး ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင်ဒေသမှ ရခိုင် ပြည်သူများအနေဖြင့် တိုင်းချစ်၊ ပြည်ချစ်စိတ်၊ ပြည်နယ်တိုးတက်စေလိုသည့် စိတ်များဖြင့် အပြည့် အဝ ပူးပေါင်းဆောင်ရွက်ရန်လိုသည်ကို ပြောကြား လိုကြောင်း။
KNPP/KNDF အဖွဲ့နှင့်ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်မှစတင်ပြီး KNPP/KNDF အဖွဲ့ အနေဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့သို့ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူ များ၏ သတင်းပေးမှုအရ အချို့အဖွဲ့များကို ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် လူ၊ လက်နက်ခဲယမ်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ခဲ့သည်ကို တွေ့ရကြောင်း၊ အဆိုပါတိုက်ပွဲမဖြစ်မီ၌ ကယားပြည်နယ်အတွက် လက်နက်ခဲယမ်းများ ကြိုတင်စုဆောင်းခဲ့သည်ကို သိရှိရကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ၎င်းတို့အတွက် ကြိုတင် စုဆောင်းသည့် လက်နက်အလက် ၅၀၀ နှင့်ခဲယမ်း များကို ဟိုပုံးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည်ကို သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အလားတူ နိုဝင် ဘာ ၁၆ ရက်နေ့ကလည်း လက်နက်မျိုးစုံ ၁၃၀ လက်၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ လက်ပစ်ဗုံး ၇၆၀၀ ကျော်၊ လက်နက်ငယ်ပြောင်းပို ၅၀၀ ချောင်းနှင့် အခြား ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်း၊ နောက်ထပ် လည်း လက်နက်ခဲယမ်းများ သယ်ယူရန် ကြိုးပမ်း နေကြောင်း။
၎င်းဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သူများ၏ ထွက်ဆို ချက်များအရ အဆိုပါ လက်နက်ခဲယမ်းများသည် မိုင်းကိုင်နယ်မြေတွင် လှုပ်ရှားလျက်ရှိသည့် SSPP/SSA နယ်မြေမှတစ်ဆင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရှိရကြောင်း၊ သယ်ယူရာတွင်လည်း PNO ပအိုဝ်း တပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်ထားသူများ၏ လုံခြုံရေး အကာအကွယ်ပေးမှုဖြင့် မော်တော်ယာဉ်များဖြင့် သယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်း သို့ လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့် ပို့ဆောင်လျက်ရှိပြီး ဖော်ထုတ်ဖမ်းဆီးရမိမှုများ ရှိခဲ့သဖြင့် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ခြင်းပင် ဖြစ်ပြီး လက်ရှိအချိန်တွင် လွိုင်ကော်ဒေသကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းကို အသိ ပေးလိုပါကြောင်း။
အလားတူ KNU အဖွဲ့နှင့် ပတ်သက်၍ KNU အဖွဲ့သည် ကြီးမားသည့် တိုက်ပွဲများ မဖြစ်ပွားသည် မှာ ကြာပြီဖြစ်ကြောင်း၊ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရရှိခဲ့ပြီး NCA လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းတွင် ၎င်းတို့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နတလ အဖွဲ့များ၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံ ရေးဖြစ်ပေါ်ပြောင်းလဲမှုများကို အကြောင်းပြု၍ သဘောထားတင်းမာမှုများ ရှိခဲ့ကြောင်း၊ တစ်ဆက် တည်း၌ပင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ခဲ့ သည့် KNU ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်အစည်း အဝေးတွင် ထိုအချိန်က ဥက္ကဋ္ဌဖြစ်သူ စောမူတူးစေးဖိုး အား ဖြုတ်ချ၍ ဖဒိုကွယ်ထူးဝင်း ဥက္ကဋ္ဌအဖြစ် တက်လာခဲ့သည်ကို တွေ့ရကြောင်း၊ ထို့နောက် KNLA တပ်မဟာ ၅၊ တပ်မဟာ ၆တို့သည် NCA လမ်းကြောင်း ပေါ်မှ သွေဖည်ခဲ့ပြီး တပ်မတော်တပ်စခန်းငယ်များနှင့် မြဝတီ၊ ကော့ကရိတ်မြို့တို့ကို နှောင့်ယှက်တိုက်ခိုက် လာခဲ့ပြီး ယနေ့ထက်တိုင် နှောင့်ယှက်တိုက်ခိုက်မှုများ ရှိနေသည်ကိုတွေ့ရကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်တွင် KNLA တပ်မဟာ ၅ အနေဖြင့် တပ်မတော် တပ်စခန်းတစ်ခုကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး တပ်မဟာ ၆ အနေဖြင့် နိုဝင်ဘာ ၂၇ ရက်တွင် ကျိုက်မရောမြို့နယ်ရှိချောင်းနှစ်ခွတံတားကို တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့သည်ကို တွေ့ရ ကြောင်း။
ယင်းတို့ကို ကြည့်မည်ဆိုပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြု၍ နောက်ကွယ်တွင် အင်အားစုစည်း တည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ အပြိုင်အဆိုင် တည်ဆောက်ထုတ်လုပ်ခြင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို အကြမ်းဖက် သင်တန်းများ ဖွင့်လှစ်သင်တန်းပေးခြင်း၊ လက်နက် ခဲယမ်းမီးကျောက်များ ရောင်းချပေးခြင်း စသည် တို့ကို လုပ်ဆောင်လျက်ရှိပြီး ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်လျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် တာဝန် ရှိသည့်အတွက် သောင်းကျန်းသူချေမှုန်းရေးကို ဖိဖိစီးစီးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် မထိခိုက်ရေးတို့အတွက်ကိုလည်း တပ်မတော် သားများအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလျက်ရှိသည် ကို ပြောလိုပါကြောင်း။
တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီကို လိုလားသည့် ပြည်သူလူထုနှင့်တစ်သားတည်းရှိ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တပ်မတော်မှ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးဆောင်၍ ဖော်ဆောင် ပေးခဲ့မှုနှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေ အနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် “ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ က ပြည်သူက တောင်းဆိုတဲ့အတွက်ကြောင့် တပ်မတော်က ဖော်ဆောင်ပေးခြင်းဖြစ်ပါတယ်။ တပ်မတော်က ဦးဆောင်ပြီးတော့မှ ပါတီစုံဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ပေးတာပါ။ အခုမှ တပ်မတော်က လိုက်ပြီးတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ထောက်ခံ တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းပြီးတဲ့ နောက်ပိုင်းကနေပြီးတော့ အဲဒီက နဝတ ကြေညာ ချက်တွေကို ကြည့်မယ်ဆိုရင် ဒါ တပ်မတော်က ကိုယ်စားပြုပြီး ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ပါတီစုံဒီမိုကရေစီကို သွားမယ်ဆိုပြီးတော့ ကျွန်တော် တို့က ပြောခဲ့တာရှိပါတယ်။ အဲဒီအတိုင်းပဲ နောက်ဆုံး ဒီ ပါတီစုံဒီမိုကရေစီစနစ်ကို အခိုင်အမာ အထောက် အကူပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ ပြီးတော့မှ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သွားခြင်းဖြစ် ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားတဲ့အခါ မှာလည်း ကျွန်တော်တို့ ဒီရွေးကောက်ပွဲလမ်းကြောင်း ကို ဖော်ဆောင်သွားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲ လမ်းကြောင်းက သွားတာဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲလုပ်ခဲ့တာ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်မှာ အထွေထွေရွေးကောက်ပွဲ သုံးကြိမ် လုပ်ခဲ့တာ။ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက် ပွဲမှာ ပြဿနာအနည်းအကျဉ်းရှိတာလွဲလို့ ကြီးကြီး မားမား ဘာတစ်ခုမှ မဖြစ်ခဲ့ပါဘူး။ ၂၀၂၀ ရွေးကောက် ပွဲမှာတော့ ရုပ်ပျက်ဆင်းပျက်ကို မဲမသမာမှုတွေ ပြုလုပ်ခဲ့တာ ပေါ်လွင်ခဲ့ပါတယ်။ အဲဒီနောက် မရိုးသား တဲ့၊ မသန့်စင်တဲ့ မဲရလဒ်တွေနဲ့ အာဏာရဖို့အတွက်၊ အဓမ္မအာဏာရဖို့အတွက် ကြိုးစားလာတဲ့အတွက် ကြောင့် ကျွန်တော်တို့ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ အရေးပေါ်အခြေအနေ ကြေညာ ပြီးတော့မှ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ပြီး တပ်မတော် က ဆောင်ရွက်ခဲ့တာ ကောင်စီဝင်များအားလုံး သိပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးဆောင်ပြီးတော့ ဖော်ဆောင်ပေးသလို ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ရေးအတွက်လည်း ကျွန်တော်တို့က ဦးဆောင်ပြီး ဆက်လက်ဆောင်ရွက် သွားမှာဖြစ်သလို ပါတီစုံဒီမိုကရေစီစနစ်လိုလားတဲ့ ပြည်သူတွေနဲ့ တပ်မတော် တစ်သားတည်းရှိကြောင်း ကိုလည်း ကျွန်တော်တို့ ပြောလိုပါတယ်။ တစ်သား တည်းရှိကြောင်း ပြောလိုပါတယ်။ နိုင်ငံရေး တည်ဆောက်မှုအခန်းကဏ္ဍမှာ ပါတီစုံဒီမိုကရေစီ စနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ကျွန်တော်ပြောလိုပါတယ်။ ဒါကတော့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကောင်စီဝင် များ သိရှိနိုင်ဖို့အတွက်ပြောခြင်း ဖြစ်ပါတယ်။
အခြေအနေအရ ပိတ်ထားရသည့်တက္ကသိုလ်များအား
ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး
ကြိုးပမ်းဆောင်ရွက်သွားမည်
ကယားပြည်နယ်တွင်ဖြစ်ခဲ့သည့် ဖြစ်စဉ်များ အနက် လွိုင်ကော်တက္ကသိုလ်သို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ပါမောက္ခ ချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိသားစုဝင်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို အကြမ်းဖက်သမား များအနေဖြင့် ကျူးလွန်ခဲ့ကြကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လွိုင်ကော်မြို့တွင်းရှိ အကျဉ်း ဦးစီးဌာနအပါအဝင် နေရာအနှံ့အပြား၌ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိသဖြင့် တက္ကသိုလ်ရှိ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ များ ထိခိုက်မှုမရှိစေရေး ထိန်းထိန်းသိမ်းသိမ်းဖြင့် ဂရုပြုဆောင်ရွက်ခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားနေ စဉ်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သည့် ပညာရေး ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်များကို ချိုးဖောက်လျက်ရှိသဖြင့် လုံးဝ လက်သင့်ခံ၍ မရကြောင်း၊ ထိခိုက်မှုမရှိဘဲ အမြန်ဆုံး ပြန်လည်စေလွှတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းကို သတင်းထုတ်ပြန် တိုက်တွန်းခဲ့သကဲ့သို့ တစ်ဖက်တွင် လည်း ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံများနှင့် ဘာသာသာသနာပြု အဖွဲ့အစည်းများ၏ တိုက်တွန်း ချက်များအရ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်သမားများအနေဖြင့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိသားစုဝင်များကို ရေရှည်ခေါ်ထားရန် မရသည့်အတွက် ၎င်းတို့ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သူများကို ပြန်လည်စေလွှတ်ပေး ခဲ့ရာ ယခုဆိုပါက ဖမ်းဆီးခြင်းခံရသူ ၂၀၄ ဦးရှိသည့် အနက် ၁၁ ဦးသာ ပြန်လည်ရောက်ရှိရန်ကျန်ရှိမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့သော KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏လုပ်ရပ်ကြောင့် လွိုင်ကော်တက္ကသိုလ်တွင် ဖြေဆိုမည့် အဝေးသင် တက္ကသိုလ်စာမေးပွဲများ ဖျက်သိမ်းခဲ့ရပြီး စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများအနေဖြင့် ထိခိုက်နစ်နာခဲ့ကြ ရပြီး ဒေသခံများ၏ လူမှုစီးပွားဘဝများလည်း ထိခိုက်ခဲ့ရကြောင်း၊ အလားတူ လွိုင်ကော်ရှိ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ်တို့ကိုလည်း ပိတ်ခဲ့ရကြောင်း၊ လွိုင်ကော် ကဲ့သို့ပင် ဟားခါးတက္ကသိုလ်သည်လည်း ဖွင့်လှစ်နိုင် ခြင်းမရှိကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်မှ စတင်၍ တက္ကသိုလ်အားလုံးကို ပုံမှန်အတိုင်းဖွင့်လှစ် ထားသည်ဖြစ်သော်လည်း အချို့သော နယ်မြေ တည်ငြိမ်အေးချမ်းမှုမရှိသည့် ဒေသများ၌ ကျောင်း သား၊ ကျောင်းသူများအနေဖြင့် လာရောက်ရန်အခွင့် အလမ်းနည်းပါးသဖြင့် ကျောင်းတက်ရောက်သူ နည်းပါးမှုများရှိကြောင်း၊ အခက်အခဲရှိသည့်အတွက် ကြောင့် ပိတ်ထားရသည့် ကျောင်းများလည်းရှိ ကြောင်း၊ အခြေအနေပေးခဲ့မည်ဆိုပါက အဆိုပါ ကျောင်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်မြေအခြေ အနေအရ တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ များ၏ အသက်ဘေးအန္တရာယ် လုံခြုံစိတ်ချမှုရှိစေ ရေးအတွက်လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ပုံမှန်အတိုင်းဖွင့်လှစ်ရေးကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။
စက်သုံးဆီ၊ စားသုံးဆီနှင့် ပတ်သက်၍ မှန်မှန်ကန်ကန်ဖြစ်စေရေး အရေးယူကြပ်မတ်ဆောင်ရွက်လျက်ရှိ
နောက်တစ်ချက်အနေဖြင့် စက်သုံးဆီနှင့် စားသုံး ဆီကိစ္စဖြစ်ပြီး ယခင်အစည်းအဝေးများ၌လည်း လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည် ကို ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ စက်သုံးဆီနှင့် ပတ်သက်၍ သတ်မှတ်ဈေးနှုန်းထက် မတန်တဆ အမြတ်ယူရောင်းချခဲ့သည့်ကုမ္ပဏီ ၈ ခုနှင့် သာမန် အားဖြင့် ထိုက်သင့်သည့်နှုန်းများထက် အမြတ်တင်၍ ရောင်းချခဲ့သည့် ကုမ္ပဏီများကို စည်းမျဉ်းဥပဒေနှင့် အညီ အရေးယူခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍လည်း တာဝန်ရှိသည့်အဖွဲ့ များ ဖွဲ့စည်း၍ အရေးယူဆောင်ရွက်လျက်ရှိသည်ကို ပြောလိုပါကြောင်း၊ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီ များကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့် အညီဖြစ်စေရေး စည်းမျဉ်းချိုးဖောက်သူများကို ဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ စက်သုံးဆီ ၊ စားသုံးဆီနှင့် ပတ်သက်၍ ဥပဒေနှင့် မညီသည့် ဆောင်ရွက်မှုများတွင် တာဝန်ရှိသည့် ပုဂ္ဂိုလ်များကိုလည်း အရေးယူခြင်းများ ဆောင်ရွက် ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် နှစ်ဦး ကိုလည်း ပြင်းထန်သည့် အရေးယူခြင်းများ ပြုလုပ်ခဲ့ သကဲ့သို့ တာဝန်ရှိသည့် နိုင်ငံ့ဝန်ထမ်းအချို့ကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေသည်ကို အသိပေးလိုပါကြောင်း။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်
စီးပွားရေးနှင့်ပတ်သက်၍ ပြည်ပမှ ဝင်ငွေရရှိရေး နှင့် ပတ်သက်၍ ဝင်ငွေတွင် ကုန်သွယ်မှုမှရရှိသည့် ဝင်ငွေနှင့် ကုန်သွယ်မှုမဟုတ်ဘဲ အခြားနည်းမှရရှိ သည့် ဝင်ငွေဟူ၍ရှိကြောင်း၊ Non–Trade မှ ရရှိသည့် ဝင်ငွေတွင် ထောက်ပံ့ငွေများ၊ ချေးငွေများ၊ အခွန်အခ များ၊ ပြည်နယ်ရပ်ခြားတွင် သွားရောက်အလုပ် လုပ်ကိုင်မှုမှ ဝင်ငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ရရှိငွေများဟူ၍ရှိကြောင်း၊ ခိုင်မာသည့် ဝင်ငွေမှာ ကုန်သွယ်မှုမှရရှိသည့် ဝင်ငွေပင်ဖြစ်ကြောင်း၊ ကုန်သွယ် မှုနှင့် ပတ်သက်၍ များစွာပြောကြားခဲ့ပြီးဖြစ်ပြီး မိမိတို့သည် ယခင်ကတည်းကပင် နိုင်ငံခြားချေးငွေ၊ ထောက်ပံ့ငွေများဖြင့်သာ နိုင်ငံခြားငွေလိုအပ်ချက်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်မှုမှ ရရှိ သည့် ဝင်ငွေသည် ပို့ကုန်(Export)ထက် သွင်းကုန် (Import) က ပိုမိုများပြားနေသဖြင့် လိုငွေပြနေခြင်း ဖြစ်ကြောင်း၊ ပို့ကုန်(Export) နည်းပါးခြင်းသည် မိမိတို့နိုင်ငံ၏ လိုအပ်ချက်ကြောင့် မဟုတ်ဘဲ အလုပ် မလုပ်သည့်အတွက်သာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် လုပ်ကိုင်စားသောက်နိုင်မည့် ရေမြေသယံ ဇာတနှင့် ရာသီဥတုတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်သော် လည်း အလုပ်ကိုဖိဖိစီးစီး ဆောင်ရွက်မှုမရှိသော ကြောင့် ကုန်ထုတ်လုပ်မှုများ အားနည်းခဲ့ခြင်းဖြစ် ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအစိုးရ တက်လာခဲ့ပြီး ယခင်က ဆောင်ရွက်ခဲ့သည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆက်လက် လည်ပတ်ရန် အားပေးမှုမရှိခြင်း၊ ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးခြင်း၊ ဖျက်သိမ်းခဲ့ခြင်းတို့ကို လုပ်ဆောင် ခဲ့သောကြောင့် ယခင်က နိုင်ငံ့စီးပွားရေးတွင် အဓိက မဏ္ဍိုင်အဖြစ်ရှိခဲ့သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ သည် အားနည်းမှုများဖြစ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများထက် GDP နည်းပါးလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ GDP သည် အလုပ်လုပ်မှ တိုးတက်မည် ဖြစ်ကြောင်း၊ မိမိမကြာခဏ ပြောသကဲ့သို့ပင် ထုတ်ကုန်ပစ္စည်းမရှိဘဲ ရောင်းကုန်ပစ္စည်းရမည် မဟုတ်ကြောင်း၊ ရောင်းကုန်ပစ္စည်းရမှသာလျှင် ဝင်ငွေရနိုင်မည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုကို အားပေးရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များ အနေဖြင့်လည်း မိမိတို့တာဝန်ယူထားသည့် နယ်မြေ ဒေသများသို့ ရောက်ရှိချိန်တွင် ကုန်ထုတ်လုပ်မှုများ ကို အားပေးဆောင်ရွက်ကြစေလိုကြောင်း။
နောက်တစ်ချက်အနေဖြင့် သတင်းအတုများနှင့် ပတ်သက်၍ မဟုတ်မမှန် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မဖြစ်နိုင်ဖွယ် သတင်းမှား၊ သတင်း အတုများဖြစ်သော်လည်း ပြည်သူလူထုကို အထင် အမြင်လွဲမှားစေရေး ရည်ရွယ်ချက်ရှိရှိ ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဝေလျက်ရှိသဖြင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် ပြန်လည်တုံ့ပြန် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကာ ပြည်သူလူထုများ သတင်းအမှန်ကို သိရှိစေရေး ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကောင်စီဝင်များက ကချင်ပြည်နယ် အတွင်း ကျောက်စိမ်းနှင့် သတ္တုသယံဇာတများအား တိုင်းရင်းသားလက်နက်ကိုင်များမှ တရားမဝင် တူးဖော်၍ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိမှု၊ ကယားပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိမှု၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်ဖြစ်ရပ်မှန်များကို တိုင်းရင်းသားပြည်သူများ အားလုံးသိရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်မှု၊ မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ပြည်ပအင်အားကြီး အနောက်အုပ်စုနိုင်ငံအချို့မှ ဝင်ရောက်စွက်ဖက် လျက်ရှိမှုနှင့် အခြားကိစ္စရပ်များကို အသီးသီးတင်ပြ ကြသည်။
ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး က ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတော်၏ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လက်ရှိဖြစ်ပေါ် နေသည့် လက်နက်ကိုင်အကြမ်းဖက်မှုများ ပပျောက် စေရေးအတွက် သတင်းအချက်အလက်များ မှန်ကန် စွာရရှိရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ် သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြား သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စီးပွားရေး နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အခွန်ရှောင်နေသူများစွာရှိကြောင်း၊ အခွန်အကောက်နှင့်ပတ်သက်၍ မှန်မှန်ကန်ကန်ရရှိရေးသည် အရေးကြီးကြောင်း၊ ကောလာဟလသတင်းများကြောင့် ဘဏ်များမှ ငွေပြန်လည်ထုတ်ယူသူများ ရှိခဲ့ကြောင်း၊ ယခုအချိန် တွင် မရှိတော့ပါကြောင်း၊ ဘဏ်များ၏လုံခြုံရေးနှင့် ပတ်သက်၍ ပုဂ္ဂလိကဘဏ်များ၏ လုံခြုံရေးရှိ သကဲ့သို့ အစိုးရဘဏ်များ၏ လုံခြုံရေးလည်းရှိ ကြောင်း၊ ဘဏ်လုံခြုံရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဖြစ်စဉ်များကို ပြန်ကြည့်ပါက ဘဏ်ဝန်ထမ်းများသည် အဖျက်အမှောင့်လုပ်ငန်းများတွင် ပါဝင်နေသည်ကို တွေ့ရကြောင်း၊ ဘဏ်ဝန်ထမ်းများ၏ လုပ်ဆောင် ချက်သည် များစွာအရေးပါကြောင်း။
PDF အမည်ခံ အကြမ်းဖက်သမားများသည် ငွေရလွယ်သည့်ဘဏ်များကို အဓိကထား တိုက်ခိုက် လာကြသည်ကို တွေ့ရကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်က ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ် တစ်ခုအား PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသခံဘဏ်ဝန်ထမ်းများအား ခြိမ်းခြောက်၍ ငွေများလုယူခဲ့ရာ ဘီလီယံ ၄၀ ကျော် ဆုံးရှုံးမှုဖြစ်ခဲ့ ကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကဘဏ်လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့များဖြင့် ဆောင်ရွက်စေလျက် ရှိပြီး အလွန်အရေးကြီးသည့် ဘဏ်များတွင်သာ တပ်မတော်သားများဖြင့် လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိကြောင်း။
ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ နိုင်ငံအတွင်း ၌ အရင်းအနှီးရှိသူများအနေဖြင့် ထိုငွေများကို တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပါက များစွာအကျိုးရှိ မည်ဖြစ်ကြောင်း၊ အရင်းအနှီးမတတ်နိုင်သဖြင့် တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်းမရှိကြ သည်ကို တွေ့ရကြောင်း၊ ငွေကြေးတတ်နိုင်သူများ အနေဖြင့် မိမိတို့၏ ငွေကြေးများကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ တွင် လိုအပ်သည့်မျိုး၊ နည်းပညာ၊ အစားအစာ၊ မြေဩဇာ၊ ရေရရှိရေးစသည်တို့ကို ဦးဆောင်စည်းရုံး ဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လိုပါက နိုင်ငံတော်အနေဖြင့် အားပေးရန် အဆင်သင့်ရှိပါကြောင်း၊ ထို့အတူ MSME လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံလိုပါကလည်း သက်ဆိုင်ရာ ဌာနများအနေဖြင့် အပြည့်အဝ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွား မြှင့်တင်ရေးတွင်လည်း
များစွာအထောက်အကူဖြစ်
စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပြောင်းနှင့် နေကြာ ကို ပိုမိုစိုက်ပျိုးပေးနိုင်မည့် အခြေအနေကို တွေ့ရ ကြောင်း၊ ပြီးခဲ့သည့်နှစ်က မိုးစပါးစိုက်ပြီး အခြားသီးနှံ စိုက်သည့် သီးထပ်စွမ်းအား အလွန်နည်းသည်ကို တွေ့ရကြောင်း၊ မိုးသီးနှံစိုက်ပျိုးပြီးပါက သီးထပ်စိုက်ပျိုး နိုင်သည့် သီးနှံများမရှိသောကြောင့် လယ်ယာမြေများ အလဟဿဖြစ်ပြီး အကျိုးမရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိုးသီးနှံစိုက်ပျိုးပြီးချိန်၌ ပြောင်းသီးနှံနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုးပါက အကျိုးကျေးဇူး များစွာရရှိမည်ဖြစ်ကြောင်း၊ ထို့အတူ ကော်ဖီစိုက်ပျိုး ရေးကို အားပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စီမံကိန်းတစ်ခုကို ဆောင်ရွက်ပါက မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေ ဖြင့် နိုင်ငံအတွက်အကျိုးဖြစ်ထွန်းမည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စိတ်ဝင်တစားဖြင့် မေးမြန်းအကြံပေး တိုက်တွန်းပြောကြားရန် လိုအပ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးတွင်လည်း များစွာအထောက်အကူဖြစ် ကြောင်း၊ အဓိကကျသည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများတွင် အစိုးရအနေဖြင့် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန်နှင့် အားပေးရန် လိုအပ်ကြောင်း။
ပညာရေးနှင့်ပတ်သက်၍ အားနည်းသည့် ဒေသ သုံးခုရှိကြောင်း၊ ယင်းတို့မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ဖြစ်ကြောင်း၊ ယခု ဖြစ်ပွားခဲ့သည့် ပြဿနာများကြောင့် ကယား ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ တက္ကသိုလ်များ ပိတ်ထားရကြောင်း၊ ထို့ကြောင့် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် ပညာရေးတွင် နောက်ကျ ကျန်ခဲ့ကြောင်း၊ ယခုအချိန်တွင် လက်နက်ကိုင်ပြီး အာဏာလိုချင်သည့်သူများ ပေါ်ပေါက်လာပါကြောင်း၊ ယင်းစိတ်ဓာတ်များကို ပြုပြင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို သွားရန် ပညာတတ်များ လိုအပ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကို တပ်မတော်ကဦးဆောင်၍သွားမည်၊ ပြည်သူ ကလည်းလိုချင်သည့်အတွက် ပြည်သူနှင့်တစ်သား တည်းဖြစ်မည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည် ဟူသည့် ဦးတည်ချက်များကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ တပ်မတော်အနေဖြင့် ဦးဆောင်ပြီး ခိုင်ခိုင် မာမာတည်ဆောက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်