
နေပြည်တော် အောက်တိုဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန် တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဂျောင်ဝိုင်း ကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်း လုပ်ငန်းပြန်လည် ဆောင်ရွက်နိုင်မည့် အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အကျိုးရှိအောင် ဆောင်ရွက်သွားရမည်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား လွန်းကျင်းအဆောက်အဦ ဧည့်ခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများက ဂျောင်ဝိုင်းလွန်းကျင်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းပြန်လည်ဆောင်ရွက် နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ယခုလွန်းကျင်းသည် လုပ်ငန်း ဆောင်ရွက်မှုမရှိသည်မှာ ကြာမြင့်ပြီဖြစ်ပြီး လွန်းကျင်း အား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများ ထပ်မံဖြည့်သွင်းခြင်းဆောင်ရွက်၍ အကျိုးရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေယာဉ်တည်ဆောက်ရေးနှင့် ပြင်ဆင်ရေးလုပ်ငန်း များပြုလုပ်နိုင်ရန် လိုအပ်သည်များ ပြန်လည်ဆောင် ရွက်ပေးရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများ၏ အုပ်ချုပ်မှု ကိစ္စရပ်များ အဆင်ပြေစေရေး နေအိမ်လိုင်းခန်းများ နှင့် အခြားအဆောက်အဦများ ထည့်သွင်းနိုင်ရေး အတွက်လည်း ကြိုတင်စဉ်းစားဆောင်ရွက်သွား ကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
လိုအပ်သည်များဆွေးနွေးမှာကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဂျောင်ဝိုင်းလွန်းကျင်းအတွင်းရှိ လွန်းဆွဲရုံ၊ ရေလုံ လွန်းကျင်းနှင့် လွန်းလမ်းများ၊ လွန်းကျင်းအဝင်နှင့် ဆိပ်ခံတံတားအနီးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လွန်းကျင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်သွားနိုင် မည့်အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည် များ ဆွေးနွေးမှာကြားသည်။
လုပ်ငန်းဆောင်ရွက်မှုများရပ်တန့်ခဲ့
အဆိုပါ ဂျောင်ဝိုင်းလွန်းကျင်းကို ၁၉၈၁-၁၉၈၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ရေလုံလွန်းကျင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ရေယာဉ်အစင်းရေ ၄၉ စင်းကို လွန်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင် ခဲ့ကာ လုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်ခဲ့သည်။ ဂျောင်ဝိုင်းရေလုံ လွန်းကျင်း၏ သက်တမ်းသည် ၃၆ နှစ် ကြာမြင့်ပြီဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုမရှိခြင်း ကြောင့် လုပ်ငန်းရပ်နားချိန်ကြာမြင့်ပါက ပျက်စီး ဆုံးရှုံးမှုများ ပိုမိုများလာနိုင်သဖြင့် ဂျောင်ဝိုင်း လွန်းကျင်းအား လုပ်ငန်းပြန်လည်လည်ပတ်နိုင်ရေး စီမံဆောင်ရွက်နိုင်မှုရှိသည့် အစိုးရဌာန၊ အဖွဲ့အစည်း များက ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်