
နေပြည်တော် မေ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ် သော သံအမတ်ကြီး H.E. Mr. CHUM Angvichet သည် ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာ ကို ပေးအပ်သည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုနှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နေမှုအပေါ် ကမ္ဘောဒီးယား နိုင်ငံမှ ယုံကြည်မှုရှိသည့်အခြေအနေ များ၊ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်၌ ကမ္ဘောဒီးယား နိုင်ငံမှ အကူအညီများပေးခဲ့မှုနှင့် ကိုဗစ်- ၁၉ ကာကွယ် ဆေးများ ထပ်မံပေးအပ်သွားမည့် အခြေအနေ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လေကြောင်းတိုက်ရိုက် ပျံသန်းပြေးဆွဲမှု တိုးချဲ့ရေးကိစ္စရပ်များ၊ သာသနာရေး၊ ပညာရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် ပတ်သက် ၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးတို့ သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်