
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိဇိတာရုံကျောင်းတိုက်
ပဓာနနာယကဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ တင်ပြလျှောက်ထား
နေပြည်တော် နိုဝင်ဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်သို့ သွားရောက်၍ ဗန်းမော် ဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော် ကျောင်းတိုက်သို့ ရောက်ရှိကြပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဗန်းမော် ဆရာတော်ဘုရားကြီးအား တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ပရိက္ခရာ (၈)ပါးစုံ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ ဆွမ်းဆန် တော် အိတ် ၁၀၀၊ ပဲ ၁၀ အိတ်၊ ဆီပိဿာ ၁၀၀၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေး ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ဆက်လက် ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
လမ်းညွှန်ဩဝါဒကို ခံယူ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဗန်းမော် ဆရာတော်ဘုရားကြီးထံ နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထား ပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာ နိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည် အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွား တော်မြတ်ကြီးအား ပြည်တွင်း ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှုဖြစ်စေ ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူ ဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့် အခြေအနေ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ရာတွင် ပိဋကတ်သုံးပုံ ကျမ်းစာမြတ်ကိုပါ တစ်ပါတည်း ဖူးမြော်ကြည်ညို ပူဇော်နိုင်ရေးနှင့် ခေတ်အဆက်ဆက် မှတ်တမ်း ကျန်ရှိစေရေးအတွက် ပိဋကတ်ကျောက်စာများ တည်ထားဆောင်ရွက်မည့် အခြေအနေ၊ ပိဋကတ် သုံးပုံပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများသည် ယခင်ကမြန်မာ အက္ခရာဖြင့်သာရှိခဲ့သဖြင့် ကမ္ဘာ၌ ပိုမိုတွင်ကျယ်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခ ချုပ်ဟောင်း အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ အရှင်သီလာနန္ဒာဘိဝံသ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော် ဩဝါဒါစရိယ ဆရာ တော်ကြီး ၅ ပါးက ကြီးကြပ်ကွပ်ကဲ၍ ရောမအက္ခရာ ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာဖြင့်ဖလှယ်၍ ပုံနှိပ် ထုတ်ဝေနိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အခြေအနေ၊ အဆိုပါ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို စကျင်ကျောက် တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိ အက္ခရာ၊ ရောမအက္ခရာဟုခေါ်သည့် အင်္ဂလိပ် အက္ခရာတို့ဖြင့် ရေးထိုးပူဇော်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိသည့် အခြေအနေများအား အကွက်ချပုံစံများ၊ ကျောက်စာတိုက်နှင့် ကျောက်စာချပ် နမူနာပုံစံငယ် များဖြင့် တင်ပြလျှောက်ထားကာ ဆရာတော် ဘုရားကြီးထံမှ လမ်းညွှန်ဩဝါဒကို ခံယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံ ကျောင်းတိုက်သို့ ရောက်ရှိကြပြီး နိုင်ငံတော်ဩဝါဒါ စရိယ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာ ဘိဝံသ အား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ဆရာတော်ကြီးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ပရိက္ခရာ (၈) ပါးစုံ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ အလှူငွေများ၊ ဆွမ်းဆန်တော် အိတ် ၂၀ ၊ ပဲ ၅ အိတ်၊ ဆီ ပိဿာ ၅၀၊ အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားကာ လိုအပ်သည်များ စီစဉ် ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော် မြတ်စွာဘုရားသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် စေတီတော် မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် ဘုရားကြီးပြုပြင်မွမ်းမံထိန်းသိမ်းနိုင်ရေးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူပြီး ဓမ္မ လက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်သည် ဘုရားကြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော်သည်။
ရှေးမူမပျက် ထိန်းသိမ်းဆောင်ရွက်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ဘုရားပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှု ပြီး မင်းတုန်းမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် မင်းနေပြည်တော် ဘုရားဖြစ်သဖြင့် ဘုရားဖူးပြည်သူ များ စိတ်လက်ချမ်းသာစွာဖြင့် ဖူးမြော်နိုင်ရေး စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားရန်လို ကြောင်း၊ ဘုရားကြီးရှိ ရှေးလက်ရာ တံခါးကြီးများအား ရှေးမူမပျက် ထိန်းသိမ်းဆောင်ရွက်သွားရန်လို ကြောင်း၊ ဥယျာဉ်တော်အတွင်းရှိ သီဟိုဠ်စွယ်တော် ကြုတ်ပုံ အုတ်ပြာသာဒ် တစ်ခုစီအတွင်း၌ ပိဋကတ် သုံးပုံ ကျောက်စာချပ်များအား ဘုရားဖူးလာသူများ စိတ်အေးချမ်းသာစွာ လေ့လာဖူးမြော်နိုင်ရေးအတွက် ဘုရားရင်ပြင်တော်နှင့် ဥယျာဉ်တော်ပတ်လမ်းအား နေပူခံကျောက်ပြားများ ခင်းကျင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျောက်စာတိုက်များနှင့် ကျောက်စာ ချပ်များ၏ သန့်ရှင်းသပ်ရပ်ရေးနှင့် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက် သန့်ရှင်းရေး ပြန်လည် ပြုလုပ်ရန်လိုပြီး အများပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် ကျောက်စာတိုက်နှင့် ကျောက် စာချပ်များကို မှတ်တမ်းစာအုပ်ပြုစု ထားရှိရန် လိုကြောင်း၊ စေတီတော်ကြီး၏ ပုံစံငယ်များ အများပြည်သူများ လေ့လာနိုင်ရေးအတွက် ခေတ်မီ ပုံစံငယ်အဖြစ် ပြန်လည်ပြုလုပ်ထားရှိရန် လိုအပ် မည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် သတ်မှတ်
အဆိုပါ ပဉ္စမသင်္ဂါယနာတင် မဟာလောက မာရဇိန်စေတီ ကုသိုလ်တော် မြတ်စွာဘုရားကြီးကို ၁၈၅၂ ခုနှစ်တွင် နန်းတက်သည့် မင်းတုန်းမင်း တရားကြီးက ဦးစီးလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာ သာသနာတော် ရှည်ကြာစွာ တည်တံ့ထွန်းလင်း စေလိုသည့် ရည်ရွယ်ချက်ဖြင့် တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်ကြောင်း၊ ကုသိုလ်တော်မြတ်စွာ ဘုရား ကြီး၌ ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ်ရှိပြီး ၁၈၆၈ ခုနှစ်တွင် ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းတစ်ခုလုံးကို ကမ္ပည်းအက္ခရာ တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စာ ချပ် တစ်ချပ်ချင်းစီကို ကျောက်စာရုံများအတွင်း၌ ထားရှိခဲ့ပြီး ယနေ့တိုင်တည်ရှိနေဆဲဖြစ်ကာ ကျောက် စာချပ်များသည် ၂၀၁၃ ခုနှစ်တွင် ယူနက်စကိုကမ္ဘာ့ မှတ်တမ်း အမွေအနှစ်စာရင်းဝင် ကမ္ဘာ့အကြီးဆုံး စာအုပ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်းနှင့် ကုသိုလ်တော်မြတ်စွာဘုရားကြီးနှင့် ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ကျောက် စာချပ်များ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ခေတ်အဆက်ဆက် စနစ်တကျ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်