
နေပြည်တော် မေ ၁၀
(၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်သည်။
(၁၄) ကြိမ် ရှိခဲ့ပြီးဖြစ်
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် အမှာစကားပြောကြားရာတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း မဟာဗောဓိပင်တော် အမှတ် (၁) နှင့် အမှတ် (၂) တို့တွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၁၄) ကြိမ် ရှိခဲ့ပြီးဖြစ် ကြောင်း၊ ယခင်ကျင်းပခဲ့သည့် အခမ်းအနားများကို နေပြည်တော်ကောင်စီနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့တို့က ဦးစီးကျင်းပခဲ့ပြီး ပြီးခဲ့သည့် (၁၃) ကြိမ်မြောက်မှစ၍ နိုင်ငံတော်အဆင့် အခမ်း အနားအဖြစ် ကျင်းပဆောင်ရွက်လာခဲ့ရာ (၂) နှစ် ရှိပြီဖြစ်ကြောင်း။
တူညီသောအကျိုးတရားများကို ဖြစ်ထွန်း
မဟာဗောဓိပင်ဆိုသည်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောနေ့တွင် အတူ တကွ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် ဖွားဖက်တော် ခုနစ်ပါးထဲမှ တစ်ပါးဖြစ်သကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ်သို့ ရောက်ရှိစေရန်ကိုလည်း များစွာအထောက် အကူပြုခဲ့သည့်အတွက် ပရိဘောဂစေတီထိုက်သော စေတီတော်တစ်ဆူလည်းဖြစ်ပါကြောင်း၊ မြေဓာတ်မှာ ရေပြတ်သည့် ကဆုန်လကဲ့သို့သော နွေကာလ တွင် မဟာဗောဓိပင်တော်များကို ကဆုန်ညောင်ရေ သွန်းလောင်းခြင်းသည် မဟာဗောဓိပင်များကို စိမ်းလန်းစိုပြည်၍ အခက်အလက်တို့ ဝေဆာစေခြင်း၊ သက်တမ်းရှည်စေခြင်း၊ သက်တော်ထင်ရှားရှိသောဘုရားရှင်အား ပူဇော်ရာရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော နိုင်ငံတော် ကြီးအဖြစ် တည်ရှိစေရုံသာမက နိုင်ငံသူ နိုင်ငံသား များအားလုံးကိုလည်း နှလုံးစိတ်ဝမ်းအေးချမ်းစေ လျက် တူညီသောအကျိုးတရားများကို ဖြစ်ထွန်းစေ မည်ဖြစ်ပါကြောင်း။
ထို့ပြင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပမည့် ကဆုန်လပြည့်နေ့သည် ဘုရား အလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း၌ ‘နိယတဗျာဒိတ်ပန်း’ ဆင်မြန်းခဲ့သောနေ့၊ သိဒ္ဓတ္ထမင်းသား ‘ဖွားမြင်’ ခဲ့သည့်နေ့၊ မြတ်စွာဘုရားရှင် ‘ဗောဓိ’ ဆိုသည့် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့်နေ့နှင့် ‘ပရိနိဗ္ဗာန်ဝင်စံ’ တော် မူခဲ့သည့်နေ့များသည် ကဆုန်လပြည့်နေ့ဖြစ်သည့် အတွက် ဗုဒ္ဓဘာသာသမိုင်းတွင် အလွန်ပင်ထူးခြား မွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီး၏ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည့် “အထွေထွေညီလာခံကြီး” က “ကဆုန်လပြည့်ဗုဒ္ဓနေ့” ကို နိုင်ငံတကာဝိသာခါ အခါတော်နေ့ (International Vesak day or Visākha day) ဟု ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့် ထုတ်ပြန်ခဲ့ကြောင်း။
လုပ်ငန်းတာဝန်များ ပေးအပ်
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ၏ ပရိဝုဏ်အတွင်း ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနား ကျင်းပသွားမည် ဖြစ်ရာ အဆိုပါအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (၁၄) ကြိမ်မြောက် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီ ဖွဲ့စည်းမိန့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးက ဧပြီ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၆၉/၂၀၂၂ ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သကဲ့သို့ လုပ်ငန်းကော်မတီဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ငန်း များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဧပြီ ၂၅ ရက်တွင် ဆပ်ကော်မတီ ၈ ခု ဖွဲ့စည်းကာ လုပ်ငန်း တာဝန်များ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။
အခမ်းအနား ကျင်းပမည့် နေ့ရက်မတိုင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်နိုင်ရေးအတွက် ဧပြီ ၂၈ ရက်က လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ခဲ့ပြီးဖြစ်သည့်အတွက် ဆပ်ကော်မတီများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အတော်အသင့် ဆောင်ရွက်ပြီး ဖြစ်လိမ့်မည်ဟု ယူဆပါကြောင်း။
စနစ်တကျစီမံပြင်ဆင်ဆောင်ရွက်
ယခုကျင်းပမည့် မဟာမင်္ဂလာအခမ်းအနားကို နှစ်ပိုင်းခွဲပြီး ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမပိုင်းအခမ်းအနားဖြစ်သည့် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်မှုဆည်းပူးခြင်း အခမ်းအနားကို ဥပ္ပါတသန္တိ စေတီတော်ကြီး၏ လိုဏ်ဂူတော်အတွင်းဖြစ်ပြီး ဒုတိယပိုင်း အခမ်းအနားကို စေတီတော်ကြီး၏ ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်များ တည်ရှိရာ ရင်ပြင်တော်တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ကျင်းပ မည့်အချိန်ကာလ တစ်ဆက်တစ်စပ်တည်း ဖြစ်နေ သော်လည်း လုံခြုံရေးနှင့်စပ်လျဉ်း၍ အားလုံး လွှမ်းခြုံနိုင်အောင် စနစ်တကျ စီမံပြင်ဆင်ဆောင် ရွက်ထားကြရမည်ဖြစ်ကြောင်း။
အထူးအလေးထားဆောင်ရွက်
အခမ်းအနား ပထမပိုင်းကို တာဝန်ယူဆောင် ရွက်မည့် ဆပ်ကော်မတီအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ရမည့်အပိုင်းကို အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ဒုတိယပိုင်း အခမ်းအနားဖြစ်သည့် (၁၄) ကြိမ်မြောက် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားတွင်လည်း သီးခြားဆောင်ရွက်ရမည့် အပိုင်း များအလိုက် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နှစ်ပိုင်း စလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး ဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအစမှ လုပ်ငန်းအဆုံး အထိ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး ကျိုးပေါက်မှုမရှိစေရန် အထူးအလေးထား ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း။
ကဆုန်ညောင်ရေ သွန်းလောင်းခြင်းကို ယဉ်ကျေးမှုဓလေ့ထုံတမ်း အစဉ်အလာအရဖြစ်စေ၊ ဘာသာတရား၏ အဆုံးအမအရဖြစ်စေ ရှုမြင်မည် ဆိုပါက ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းဖြစ်သကဲ့သို့ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း လည်းဖြစ်ကြောင်း။
ဝိုင်းဝန်းပူးပေါင်း
နှစ်စဉ်ဆောင်ရွက်နေကျလုပ်ငန်းနှင့် အခမ်း အနားဖြစ်သော်လည်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်လစ်ဟင်းမှုမရှိစေဘဲ ဆပ်ကော်မတီများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီး ဦးကိုကိုက (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအေးထွန်း က ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနား အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် ဆည်းပူးခြင်းမဟာမင်္ဂလာ အခမ်းအနားနှင့် အခမ်း အနားကျင်းပရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၊ မဏ္ဍပ်များ ဆောက်လုပ်ရေးနှင့် အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ၊ ဧည့်ခံ ဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း ၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်