
နေပြည်တော် မေ ၂၄
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေး မြို့နယ်ရှိ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ခွန်စံလွင်နှင့် ဦးရွှေကြိမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အောင်မြင်ကုန်း ကျေးရွာနှင့် တံတားဦးကျေးရွာများမှ လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
အိမ်ထောင်စု ၂၅၅ စုအား လှူဒါန်းသွားမည်
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဧပြီ ၂၁ရက်က ဖြစ်ပွားခဲ့သည့် လေပြင်းဘေးကြောင့် ထိခိုက်ခံစားခဲ့ရ သည့် လယ်ဝေးမြို့နယ် ကန်သာကျေးရွာအုပ်စု တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ လေဘေးသင့်ပြည်သူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းများအနေဖြင့် ကိုယ့်သွေးချင်းသားရင်း ပမာ လူမျိုးဘာသာမခွဲခြားဘဲ လူသားချင်း စာနာစိတ်အပြည့်ဖြင့် စားရေရိက္ခာဖူလုံစေရန် တစ်ထောင့်တစ်နေရာမှ ပါဝင်လှူဒါန်း ထောက်ပံ့ရခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံ အုပ်ချုပ်ရေးအဖွဲ့တို့ကိုယ်စား လေဘေးသင့်အိမ်ထောင်စု ၂၅၅ စုတို့အား ဆန်၊ ဆီရိက္ခာများ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လေဘေးဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့်ကျေးရွာများအား စနစ်တကျပြန်လည် ထူထောင်နိုင်ရေး အတွက် ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် စေတနာရှင် အလှူရှင်များက ထောက်ပံ့လှူဒါန်းသည့်ပစ္စည်းများနှင့် ငွေများအား အလေအလွင့်မရှိစေရေး မှတ်တမ်းပြုစု ဆောင်ရွက်လျက်ရှိကြောင်း၊ လေဘေးသင့်ကျေးရွာနှစ်ရွာအား ပြန်လည်ထူထောင်ရေးအတွက် စီမံ ဆောင်ရွက်ထားမှုအခြေအနေများ၊ ဆန်၊ ဆီရိက္ခာများ ထောက်ပံ့လှူဒါန်း ပေးကြသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့တို့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထောက်ပံ့လှူဒါန်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ထောက်ပံ့လှူဒါန်းသည့် ဆန်၊ ဆီရိက္ခာ များကို လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေး မှူးချုပ်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အရာထမ်း၊ အမှုထမ်းများ က လှူဒါန်းသည့် လှူဒါန်းငွေကျပ် ၄၂၁၈၇၀၀ ကိုလည်းကောင်း ထောက်ပံ့ လှူဒါန်းကြရာ လေဘေးသင့်အိမ်ထောင်စုများ၏ကိုယ်စား လယ်ဝေး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူ ကြပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအတွက် လေဘေးသင့် ကျေးရွာမှ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အားပေးစကားပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး အားပေးစကားပြောကြားသည်။
လေဘေးသင့်အိမ်ခြေ ၂၅၅ အိမ်အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ တန်ဖိုး ငွေကျပ် ၉၀၀၀ နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၉၂ သိန်းခန့်နှင့် ထောက်ပံ့ငွေကျပ် ၄၂၁၈၇၀၀ တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)