
တောင်ကြီး မေ ၂၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ကို ယနေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းတို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။
ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အဆိုပါကျောင်း ဒေါ်ခင်သိန်း ခန်းမ၌ကျင်းပရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက ကျောင်းအပ်နှံရေးနေ့ သီချင်းဖြင့် ဖွင့်လှစ်သည်။
အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းက နိုင်ငံသားတိုင်း အခြေခံပညာ အဆင့်အလိုက် သတ်မှတ် ကာလအတွင်း သင်ယူပြီးမြောက်စေရေးအတွက် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေသည့် ကလေးတိုင်း ကျောင်းနေမြဲရေးလုပ်ငန်းကို ဒေသအာဏာပိုင်များ၊ ပညာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာအသင်းအဖွဲ့ဝင်များ၊ ပညာရေးစေတနာရှင်များနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင် ပံ့ပိုးကူညီမှုများဖြင့် နှစ်စဉ်နှစ်တိုင်း မေလနောက်ဆုံးရက်သတ္တပတ်ကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေး အခမ်းအနားများ ဆောင်ရွက်ကြပါကြောင်း၊ ပညာသင်နှစ်အစပိုင်းတွင် မိဘများ အခက်အခဲမရှိစေဘဲ သားသမီးများကို ကျောင်းအပ်နှံနိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနက ဗလာစာအုပ်၊ ဘောပင်၊ခဲတံ၊ ကျောင်း ဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ် ပြဋ္ဌာန်းဖတ်စာအုပ်များကို အခမဲ့ဖြန့်ဝေ ပေးလျက်ရှိပြီး အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုကဲ့သို့ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် ကျောင်းနေမြဲရေးအတွက် လိုပါကြောင်း၊ ယင်းအပြင် ကျောင်းသား ကျောင်းသူများအတွက် သင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရန် ပညာရေးဝန်ကြီး ဌာနက ကျောင်းထောက်ပံ့ကြေးနှင့်ပညာသင်ထောက်ပံ့ကြေးများကို ပေးအပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား ကျောင်းသူများအားလုံး အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊မွေးမြူရေး ပညာရပ်များကို သင်ယူလေ့လာခွင့်ရရှိနိုင်ရေး အတွက် ခရိုင် (၅၀) ၏ မြို့နယ်များရှိ အခြေခံပညာအထက်တန်း ကျောင်း (၅၁) ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသား ကျောင်းသူများသည် အခြေခံပညာ အထက်အဆင့်၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ် ပညာ၊ မွေးမြူရေးအတတ်ပညာစသည့် ပညာရေးလမ်းသွယ် လေးမျိုး ရွေးချယ်သင်ယူနိုင်မည့် အခွင့်အလမ်းများရှိပါကြောင်း၊ အလယ်တန်း အဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည် ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အခြေခံပညာ အထက်တန်းကျောင်း (၅၁) ကျောင်းတွင် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများသည် အထက်တန်း သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေး ဝမ်းကျောင်းအတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့် အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ‘‘ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေး မဝေးဖို့ ကျောင်းအမြန်အပ်နှံစို့’’ ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းရောက် ရန် မိဘများ၏ အဓိကတာဝန်ဖြစ်ကြောင်း ပြောကြားသည်။
အခမဲ့ပုံနှိပ်စာအုပ်ပေးအပ်
ယင်းနောက် ကျောင်းအပ်နှံရေးအခမ်းအနားတွင် အခမဲ့ပုံနှိပ်စာအုပ် များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေးအပ်ရာ ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က လည်းကောင်း၊ အခမဲ့ဗလာစာအုပ်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကပေးအပ်ရာ တောင်ကြီးခရိုင် ပညာရေးမှူး ဒေါ်ယမင်းစုက လည်း ကောင်း၊ ကျောင်းဝတ်စုံများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးကပေးအပ်ရာ လွိုင်လင်ခရိုင် ပညာရေးမှူး ဒေါက်တာ မြင့်မြင့် အေးကလည်းကောင်း၊ (Grade-5) သင်ထောက်ကူပစ္စည်းများကို ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ကပေးအပ်ရာ လင်းခေး ခရိုင် ပညာရေးမှူး ဦးညီညီက လည်းကောင်း၊ (Grade-8) သင်ထောက် ကူပစ္စည်းများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ပေးအပ် ရာ ပင်းတယခရိုင် ပညာရေးမှူး ဦးခင်ဇော်ထွန်း က လက်ခံရယူကြသည်။
ယင်းနောက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အ.ထ.က(၇) ကျောင်းသား ကျောင်းသူများက ‘‘ဇာတိမာန်’’ သီချင်းဖြင့် သီဆိုဖျော်ဖြေ ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော ပညာရေးပြခန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် မွန်းတည့် ၁၂ နာရီ ရှမ်း ပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပေါင်လင်းကျေးရွာအုပ်စုတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း (ပေါင်လင်း) ဖွင့်လှစ်နိုင်ရေးအတွက် သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်် တွေ့ဆုံသည်။
ဖြန့်ဝေပေးလျက်ရှိ
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ပေါင်လင်းကျေးရွာအုပ်စု ဒုံမေးခိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) နှင့် စငေါကျေးရွာ အုပ်စုအခြေခံပညာ မူလတန်းကျောင်း (နမ့်ဟူး) တို့တွင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပညာရေးဝန်ကြီးဌာနက ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ်ပြဋ္ဌာန်း ဖတ်စာအုပ်များကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန်ခန်းမတွင် အမှတ်(၄)၊ အမှတ် (၆) အခြေခံပညာအထက်ကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်