
MNDAA , TNLA , AA အကြမ်းဖက်သမားသောင်းကျန်းသူများမှ တရုတ်-မြန်မာနှစ်နိုင်ငံ၏ အကျိုးစီးပွားထိခိုက်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ တရုတ်-မြန်မာ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းတစ်ခုအား ဝင်ရောက်ဖျက်ဆီးခဲ့မှု၊ လျှပ်စစ်ကဏ္ဍ ထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ KNU , PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့မှ မြိုင်ကလေး-သထုံ-ဘီးလင်းနှင့် မြိုင်ကလေး-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့အား မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ဖျက်ဆီးခဲ့မှုနှင့် လိုအပ်သော ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်မှုအခြေအနေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တောင်ပိုင်းစစ်ဒေသကြီး၏ ပုံမှန်စစ်ရေးလေ့ကျင့်မှုအား နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် ယနေ့တွင် လုပ်ဆောင်လျက်ရှိမှု၊ နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ၂၅-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (အရှေ့မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ တရုတ်- မြန်မာ နှစ်နိုင်ငံ စီးပွားရေးဆက်သွယ်ရေးမှာ အဓိကကျတဲ့ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ တံတားများကို ဖောက်ခွဲဖျက်ဆီးတာတွေ၊ လမ်းများ ပိတ်ဆို့တာတွေ၊ လမ်းတွေကိုဖျက်ဆီးတာတွေကိုဆောင်ရွက်ပြီး နှစ်နိုင်ငံစီးပွားရေးဆက်သွယ်ရေး နဲ့ ပြည်သူလူထုရဲ့ စီးပွားရေးကို လူမှုဘဝတည်ငြိမ်ရေးကို ထိခိုက်စေရုံ သာမကဘဲနောက်ပိုင်း တရုတ်-မြန်မာနှစ်နိုင်ငံရဲ့စီးပွားရေးနဲ့ ဆက်ဆံ ရေး မဟာဗျူဟာကျတဲ့ တရုတ် - မြန်မာ ရေနံဓာတ်ငွေ့ ပိုက်လိုင်းကိုပါ အနှောင့်အယှက်ပေးလာတာကို တွေ့ရပါတယ်။ TNLA, AA ပူးပေါင်း အကြမ်းဖက်အဖွဲ့အနေနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့နယ် ဇီပင်ကျေးရွာအနီးမှာရှိတဲ့ တရုတ် - မြန်မာ ရေနံသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းတစ်ခုကို ဒီနိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဝင်ရောက်နေထိုင်ပြီးတော့ ထိန်းချုပ် ရေးစခန်းအတွင်းမှာရှိတဲ့ ဆက်သွယ်ရေးကိရိယာတွေ၊ လုံခြုံရေး ကိရိယာတွေ၊ လုပ်ငန်းသုံးပစ္စည်းများကို ဝင်ရောက်ဖျက်ဆီးသွားတာ ကို တွေ့ရပါတယ်။ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ အချိန်မီ ထိန်းသိမ်းပြုပြင်ခဲ့ရပါတယ်။ နှစ်နိုင်ငံ ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနေရာတွေမှာ လုံခြုံရေးတိုးမြှင့်ချထားပြီး လုံခြုံမှုရှိအောင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။ အလားတူပဲ လျှပ်စစ်ဓာတ်အားကဏ္ဍ ထိခိုက်အောင်လည်း ဆောင်ရွက်နေတာ တွေ့ရပါတယ်။ KNU, PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ သထုံ ဓာတ်ငွေ့ပိုက်လိုင်းကို ဒီလ ၁၆ ရက်နေ့မှာ ကရင်ပြည်နယ် ဘားအံ နောင်ကျန်အုပ်စု ဆယ်မိုင်ကုန်းအနီးမှာ မိုင်းထောင်ဖောက်ခွဲခဲ့ပါတယ်။ ဒါ့ကြောင့် သထုံဓာတ်အားပေးစက်ရုံကနေ ဓာတ်အားပေးနေရတဲ့ ဓာတ်အား ၃၀ မဂ္ဂါဝပ်လျော့နည်းပြီး ရန်ကုန်၊ ဘားအံ၊ သထုံ စတဲ့ နေရာတွေမှာ လျှပ်စစ်ဓာတ်အား လျော့နည်းမှုဖြစ်ခဲ့ပါတယ်။ ဒါကို ဒီလ ၁၈ ရက်နေ့မှာ အမြန်ဆုံးပြုပြင်ပြီး ဆောင်ရွက်ပြီးဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်ကို ပေးပို့နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မွန်ပြည်နယ်၊ သထုံ၊ ညောင်ချောင်းကျေးရွာ အနီးမှာ ဒီလ ၂၃ ရက်နေ့ ည ၇ နာရီခွဲလောက်မှာ မိုင်းထောင်ဖောက်ခွဲ ခဲ့ပါတယ်။ ရန်ကုန်ကို ပို့နေတဲ့ သဘာဝဓာတ်ငွေ့များ လျော့နည်းပြီး ရန်ကုန်ကို ပေးပို့နေတဲ့ လျှပ်စစ်ဓာတ်အား ၅၅ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ကြောင်း တွေ့ရပါ တယ်။ အမြန်ပြုပြင်ရေး၊ လုံခြုံရေးဆောင်ရွက်နိုင်ရေး ဆောင်ရွက် လျက်ရှိပါတယ်။ ဒီအကြမ်းဖက်အဖွဲ့တွေအနေနဲ့ ပြည်သူလူထုကို ဖြန့်ဖြူးနေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အဓိကကျတဲ့ လျှပ်စစ်ဓာတ်အား ကဏ္ဍကို အဓိကထားပြီး နောက်ပိုင်းမှာ တိုက်ခိုက်လာတာရှိပါတယ်။ တာဝါတိုင်များကို ဗုံးခွဲတိုက်ခိုက်တာတွေ၊ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံ တွေကို Drop Bomb နဲ့ လာချတာတွေ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တွေကို ဖျက်ဆီးတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်အောင် လုပ်နေခြင်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ ပြည်သူ လူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတာ မဟုတ်ဘဲနဲ့ ၎င်းတို့ရဲ့အကျိုးအတွက်၊ ၎င်းတို့ရဲ့ အာဏာရရှိရေး၊ လက်နက်စွဲကိုင်နိုင်ရေးအတွက်ကိုပဲ ဦးတည်ပြီး အတ္တကြီးစွာ ဆောင်ရွက်နေတဲ့သူတွေဖြစ်ပါတယ်။ ဒါတွေကို ပြည်သူလူထု တစ်ရပ် လုံးက သိရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့အတူ ပူးပေါင်းပြီး အမြစ်ပြတ် ချေမှုန်းသွားရမှာဖြစ်ကြောင်း ပြောလိုပါတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့ ဒီနေ့မှာ တောင်ပိုင်းစစ်ဒေသကြီးမှာ ပုံမှန်စစ်ရေး လေ့ကျင့်မှု စတင်ဆောင်ရွက်လျက်ရှိပါတယ်။ အဓိကရည်ရွယ်ချက် ကတော့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသလုံခြုံရေး အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ယခင်ကတည်းကတိုင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်နဲ့အညီ နှစ်ပေါင်း များစွာ ဆက်သွယ်ဆက်ဆံပြီး ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အနေနဲ့လည်း နီးကပ်စွာ ဆက်ဆံဆောင် ရွက်လျက်ရှိပါတယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံမှုရှိ စေရေး၊ တရားဥပဒေစိုးမိုးရေးအတွက်
ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောလိုပါတယ်။ ဒီသတင်းအပေါ်မှာလည်း ပြည်ဖျက်မီဒီယာများ၊ အနောက်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ မီဒီယာများအနေနဲ့ သတင်းအမျိုးမျိုး ထုတ်လွှင့် ပြီး နှစ်နိုင်ငံကြားဆက်ဆံရေးများ မပြေမလည်ဖြစ်လာအောင် တွန်းအားပေးဆောင်ရွက်နေတာ များရှိပါတယ်။ ဒါတွေကို ပြည်သူ လူထုတစ်ရပ်လုံးက သတိရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးသည် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးသည် ဘယ်တော့မှ လျော့နည်းသွားမယ့်ဆက်ဆံ ရေးမဟုတ်ကြောင်း ပြောကြားလိုပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ နယ်စပ်ဒေသမှာ ဝင်ရောက်နေထိုင်နေတဲ့၊ တရား မဝင်နေထိုင်နေတဲ့ တရုတ် နိုင်ငံသား အမျိုးသား ၇၁၅ ဦး၊ အမျိုးသမီး ၁၀၀ ဦး၊ စုစုပေါင်း ၈၁၅ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိ သူများထံကို ကျွန်တော်တို့ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အောက်တို ဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ကျား ၇၂၆၆ ဦး၊ မ ၇၂၇ ဦး၊ စုစုပေါင်း ၇၉၉၃ ဦးကို လွှဲပြောင်းပြီးဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံထဲမှာ ရောက်ရှိနေတဲ့ မည်သည့်နိုင်ငံခြားသားမဆို ကျွန်တော်တို့အနေနဲ့ ကာကွယ် စောင့်ရှောက်ပေးရမယ့်တာဝန်ရှိပါတယ်။ သူတို့ရဲ့နေရပ်ပြန်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးကိစ္စများနဲ့ ဝင်ရောက်နေထိုင်သူများကို အမြန်လွှဲပြောင်းပေးနိုင်ရေး မြန်မာနိုင်ငံအစိုးရအနေနဲ့ တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီနေ့မှာ ထိတွေ့တိုက်ပွဲများအနေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ နမ့်ခမ်းမှာရှိတဲ့ လုံခြုံရေးတပ်စခန်းကို MNDAA အကြမ်းဖက် သောင်းကျန်းသူများအနေနဲ့ မနေ့ညကနေစပြီး အကြိမ်ကြိမ် အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ ထိခိုက်ကျဆုံးမှု များစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြောင်းတွေ့ရပါတယ်။ ကုန်းကြမ်း ဘက်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ တာရွှေထန်နားမှာ လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ဒါ့အပြင် TNLA, AA အကြမ်းဖက်သောင်းကျန်းသူများ ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ ကျင်သီတံတားနားမှာ တပ်မတော်အနေနဲ့ လမ်းပန်းဆက်သွယ်မှု ပြန်လည်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်ထရွန်အိုင်နဲ့နုန်းဘူးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ ပလက်ဝ ရဲ့ မြောက်ခြမ်းနေရာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ယခင်က ပြောခဲ့သလို အဓိကကအားဖြင့် ချင်းတိုင်းရင်းသားလူမျိုးစုများနေထိုင်ရာဖြစ်ပါတယ်။ ဒီစခန်းနှစ်ခုသည် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လမ်းဖောက်လုပ်တဲ့နေရာမှာ အဓိကထားတဲ့ လုံခြုံရေးစခန်း ဖြစ်ပါ တယ်။ AA အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ အိန္ဒိယနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်းပွင့်လာမှာကို မလို လားဘဲနဲ့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်သည် ယခင် က လမ်းပန်းဆက်သွယ်မှု အလွန်ခက်ခဲတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါ တယ်။ ရေလမ်းကြောင်းကိုသာ အဓိကထားဆက်သွယ်ရတဲ့ ပြည်နယ် တစ်ခုဖြစ်ပါတယ်။ နဝတ၊ နယက အစိုးရလက်ထက်မှာမှ ရခိုင် ပြည်နယ်ရဲ့ မြောက်ပိုင်းဒေသဖြစ်တဲ့ အမ်း၊ စစ်တွေ ဒေသကို ပြည်ထောင်စုလမ်းမကြီးဖောက်လုပ်ပြီး စတင်ဖွံ့ဖြိုးတိုးတက်စေခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့အိန္ဒိယနိုင်ငံနဲ့ ဆက်သွယ်တဲ့လမ်းကို အဓိကထား တိုက်ခိုက်နေတာဟာ AA က ရခိုင်ပြည်နယ်၊ရခိုင်ပြည်သူလူထုအပေါ်ထားရှိတဲ့ စေတနာလားလို့ပဲ မေးခွန်းထုတ်စရာဖြစ်တယ် လို့ ပြောကြားလိုပါတယ်။
ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေနဲ့ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတိုင်းပဲ ပြည်သူ လူထုဘဝ တည်ငြိမ်အေးချမ်းရေး၊ တိုးတက်စေရေးကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေး၊ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေး၊ ပြည်ထောင်စုစနစ်တည်ထောင်ရေးတို့ကို ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ဒါတွေသည်ပင်လျှင် ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ အနာဂတ်အတွက် အာမခံနိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။ ဒါတွေကိုပဲ အလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူ တစ်ရပ်လုံးအနေနဲ့လည်း ပြည်သူ့အကျိုးစီးပွားကို တိုက်ရိုက်စော်ကား ထိပါးလာတဲ့ အကြမ်းဖက်သောင်းကျန်းသူများရဲ့ လုပ်ရပ်တွေကို လက်မခံဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ အမြန်ဆုံးတည်ငြိမ်အေးချမ်းလာအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။