
နေပြည်တော် နိုဝင်ဘာ ၃၀
၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေး ဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး အကောင်အထည်ဖော်လျက်ရှိကြောင်း၊ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်အတွင်း ဥပဒေတွင်ပါရှိသည့် ရငွေလျာထားချက်များအပြင် ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံရရှိနိုင်သည့် ရငွေများ ရှိသည်ကို တွေ့ရကြောင်း၊ အလားတူ ဥပဒေတွင် ပါရှိသည့် သုံးငွေများအပြင် မဖြစ်မနေ ထပ်မံသုံးစွဲရန် လိုအပ် သည့် အသုံးစရိတ်များလည်း ရှိနိုင်ကြောင်း၊ ထို့ကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေကို ခွင့်ပြုနိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အဆင့်ဆင့် စိစစ်ရခြင်းဖြစ်ပြီး တောင်းခံထားသည့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲသွားရမည် ဖြစ်ကြောင်း။
စနစ်တကျစိစစ်ထားပြီးဖြစ်
ဌာန၊ အဖွဲ့အစည်းများက တင်ပြလာသည့် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများအပေါ် ဦးစွာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အဆင့်ဆင့် စိစစ်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ ဖွဲ့စည်းထားသည့် “ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီ” ကလည်း နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ နှင့်အညီ စနစ်တကျ စိစစ်ထားပြီးဖြစ်ကြောင်း။
အပိုထောက်ပံ့ကြေးခံစားနိုင်ရန် ခွင့်ပြုပေးခဲ့
နိုင်ငံတော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူ တို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေး ဆောင်ရွက်ရမည့် အသုံးစရိတ်များကို စနစ်တကျ စိစစ်သုံးစွဲလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည် ထူထောင်ရေး အသုံးစရိတ်များအပါအဝင် သဘာဝ ဘေးကြောင့် ပျက်စီးဆုံးရှုံးရမှုများအတွက် အသုံး စရိတ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ သင့်လျော် မည့် အသုံးစရိတ်များကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေ ကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ စားဝတ်နေရေး ကို အထောက်အကူပြုစေနိုင်ရန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အပိုထောက်ပံ့ကြေး ခံစား နိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တင်ပြ ချက်အရ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများတွင် နိုင်ငံတော်သို့ ပေးဆောင်ရမည့်အခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ၊ ဝန်ထမ်းများအတွက် အပိုထောက်ပံ့ ကြေး၊ လုံခြုံရေးဆိုင်ရာ အသုံးစရိတ်များ၊ ဘဏ္ဍာရေး နှစ်အတွင်း ပြီးစီးနိုင်မည့် တည်ဆောက်ရေးလုပ်ငန်း များ စသည်တို့အတွက် အဓိကတောင်းခံထားသည်ကို တွေ့ရှိရကြောင်း၊ အဆင့်ဆင့် စိစစ်သည့်အချိန်တွင် လည်း အသုံးစရိတ်အမျိုးအစားအလိုက် အနည်းဆုံး လိုအပ်ချက်ဖြစ်စေရန် စိစစ်ထားပြီးဖြစ်ကြောင်း။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း၊ မူလခန့်မှန်းခြေ ငွေစာရင်း အခြေအနေကိုကြည့်ပါက တစ်နိုင်ငံလုံး၏ ဂျီဒီပီ တန်ဖိုးသည် ငွေကျပ်ဘီလီယံပေါင်း ၁၃၈၁၉၅ ဒသမ ၇၀၃ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ သာမန် ငွေလုံးငွေရင်းကြွေးမြီများနှင့် ပတ်သက်သည့် ပိုငွေ၊ လိုငွေနှိုင်းယှဉ်ချက်အနေဖြင့် ဂျီဒီပီနှင့် လိုငွေ နှိုင်းယှဉ် ချက်သည် ပမာဏအားဖြင့် ၅ ဒသမ ၆၅ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းကို သက်ဆိုင်ရာ စိစစ်ရေးအဖွဲ့အဆင့်ဆင့်က စစ်ဆေးပြီးသည့်အခါ နောက်ဆုံးအနေဖြင့် ကျန်ရှိသည်မှာ ဂျီဒီပီပြောင်းလဲ မှုမရှိသော်လည်း လိုငွေနှင့် ဂျီဒီပီအချိုးသည် ၅ ဒသမ ၆၅ မှ ၅ ဒသမ ၃၁ ရာခိုင်နှုန်းအထိ လျှော့ချ နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။
ဆက်လက်တင်ပြသွားမည်
ထို့ကြောင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ခွဲဝေချထားပေးသည့် ဘဏ္ဍာရန်ပုံငွေများကို နယ်မြေ ဒေသ အခြေအနေအရ ဆောင်ရွက်ရန် မဖြစ်နိုင်ပါက ယခုအစည်းအဝေးတွင် ထပ်မံတင်ပြပေးရန်နှင့် ရငွေ ထပ်မံတိုးလာနိုင်သည့် ကိစ္စများ၊ စိစစ်ပြီး ခွင့်ပြုငွေ များထဲမှ ထပ်မံလျှော့ချလိုသည့် အသုံးစရိတ်များ ရှိပါက ပွင့်လင်းစွာ တင်ပြကြရန်လိုကြောင်း၊ ယနေ့ အစည်းအဝေးတွင် အတည်ပြုပြီးသည့်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် များနှင့် ထပ်မံဆွေးနွေးညှိနှိုင်းပြီး နိုင်ငံတော်ဝန်ကြီး ချုပ်ဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအလိုက် ကော်မတီများက အဆင့်ဆင့် စိစစ်ပြီးသည့် အချက်အလက်များအပေါ် ထပ်မံတင်ပြ လိုသည်များရှိပါက ယနေ့အစည်းအဝေးတွင် တင်ပြ ပေးရန်နှင့် လျှော့ချနိုင်သည့် ငွေပမာဏအသုံးစရိတ် များရှိပါကလည်း ဆက်လက်တင်ပြပေးကြစေလို ကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ပြည်ထောင်စုနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်များ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ ကြိုတင်စိစစ်ဆောင် ရွက်ခဲ့မှု၊ ထိုသို့ စိစစ်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် လတ်တလော နယ်မြေ ဒေသ အခြေအနေအရ အကောင်အထည်ဖော် ဆောင်ရွက်ရန် အခက်အခဲရှိခြင်း၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့် အချိန်အထိ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု ရာခိုင်နှုန်းနည်းပါးခြင်း၊ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲနိုင်မည့် အခြေအနေတို့နှင့် အထွေထွေ ပိုလျှံရန်ပုံငွေမှ လွှဲပြောင်းသုံးစွဲနိုင်မည့် အရေးကြီးလုပ်ငန်းများ အခြေအနေတို့အပေါ် မူတည် ပြီး အဓိကထား ညှိနှိုင်းဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း များအား စိစစ်ပြီးစီးမှုအခြေအနေကို လည်းကောင်း၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများကို လည်းကောင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက ရငွေ၊ သုံးငွေ စာရင်းများနှင့် စပ်လျဉ်းသည့် စာရင်းစစ်ဆေးခြင်း ဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဘဏ္ဍာရေး ဆိုင်ရာ ကော်မရှင်အတွင်းရေးမှူးက ဖြည့်စွက် ဆွေးနွေးသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်