
နေပြည်တော် အောက်တိုဘာ ၂၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ယနေ့ညနေ ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov အား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားလာ မှုကဏ္ဍနှင့် ပညာရေးကဏ္ဍ အပါအဝင် ဆောင်ရွက်ဆဲကဏ္ဍ အလိုက်လုပ်ငန်းများ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ဆက်စပ်၍ ထာဝရငြိမ်းချမ်းရေးရရှိ ရေးနှင့်စပ်လျဉ်းပြီး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက် ပေးနိုင်မည့်ကိစ္စရပ်များ၊ စွမ်းအင်နှင့် နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်