
နေပြည်တော် နိုဝင်ဘာ ၁၀
ရွေးကောက်ပွဲအတွက် မဲ စာရင်းပြုစုရေးဆိုင်ရာ အစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးမြင့်ကြိုင်နှင့် ဒေါက်တာမျိုးသိန်း ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင် လွင်ဦး၊ ဒုတိယဝန်ကြီးများဖြစ် ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က အဖွင့် အမှာစကားပြောကြားရာတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ နှင့် ပတ်သက်သည့် အမှားများကဲ့သို့ မဖြစ်စေရေး အဓိကထားဆောင်ရွက်နိုင်ရန် ယနေ့အစည်းအဝေး ကို ကျင်းပရခြင်းဖြစ်ကြောင်း။
အဆင့်ဆင့်ဆောင်ရွက်နေခြင်းဖြစ်
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အဓိက မှားယွင်းသည်များမှာ နိုင်ငံသား စိစစ်ရေးကတ်များ စနစ်တကျမရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ဖောင်းပွခြင်းနှင့် တစ်ဦးတည်းက ဆပွားပုံစံဖြင့် ဆောင်ရွက်သည့် ကိစ္စရပ်များကြောင့် မဲစာရင်းများ မမှန်မကန်ဖြစ်ပြီး ရလဒ်အဖြေများ မှားယွင်းခဲ့သည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်းများ မှန်ကန်စေရန် ပထမအဆင့်အနေဖြင့် နိုင်-၄ နှင့် ပတ်သက်သည့် စာရင်းဇယားများကို အတိအကျ ဖြစ်အောင်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက် သည့်အခါ စတင်ထုတ်ပေးသည်မှ နောက်ဆုံးအချိန် အထိ ကောက်ယူရရှိသည့် စာရင်းဇယားများအရ ၅၂ သန်းကျော်ရှိကြောင်း၊ သက်ဆိုင်ရာကွန်ပျူတာ ပညာရှင်များနှင့် ဆော့ဝဲလ်များကို အသုံးချ၍ စိစစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်-၄ ကိစ္စ စိစစ်ဆောင်ရွက်သည့်အခါ တစ်ဦးတည်း မှ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထက်ပိုမို ကိုင်ဆောင်သူ အရေအတွက်သည် ၅ သိန်းကျော် ရှိသည်ကို တွေ့ရကြောင်း၊ နိုင်ငံသားစိစစ်ရေး နံပါတ်ရှိပြီး အချက်အလက်များ မစုံလင်သည့်နိုင်ငံသားစိစစ်ရေးကတ် ၁ သန်းကျော် တွေ့ရကြောင်း၊ ထိုသို့သောကိစ္စရပ်များသည် အစိုးရအဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းမှုများဖြစ်ပြီး နိုင်ငံအတွက်များစွာ အန္တရာယ်ရှိသည့် ကိစ္စရပ်များ ဖြစ်သည့်အပြင် e-Government လုပ်ငန်းစဉ်အတွက် အခြေခံအချက်အလက်များ မပြည့်စုံသည့် အန္တရာယ် လည်းဖြစ်ကြောင်း၊ “မြေမျို၍ လူမျိုးမပျောက်၊ လူမျို မှသာ လူမျိုးပျောက်မည်” ဖြစ်ကြောင်း၊ ထိုသို့သော မှားယွင်းမှုများ ထပ်မံမဖြစ်ပွားစေရန် ယခုကဲ့သို့ ထိန်းချုပ်ရန် အဆင့်ဆင့် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း။
ဒုတိယအဆင့်အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွန်ပျူတာစနစ်ဖြင့် စိစစ်ပြီးနောက် ပုံစံ -၆၆/၆ ကို Software နည်းပညာဖြင့် စစ်ဆေး သည့်အခါ ထုတ်ပေးစာရင်းစုစုပေါင်းမှာ ၁၃ သန်း ကျော် စာရင်းတွေ့ရကြောင်း၊ အဆိုပါ ပုံစံ-၆၆/၆ အိမ်ထောင်စုစာရင်းများကို စိစစ်ရာတွင် သေဆုံးသွား သူများ၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသို့ ရောက်ရှိသွားကြသူများနှင့် နိုင်ငံခြားသားအဖြစ် ခံယူထားသူများစသည်ဖြင့် စာရင်းများကိုလည်း တွေ့ရှိရကြောင်း၊ အိမ်ထောင်စုစာရင်းတွင် မိသားစု အမည်သာရှိပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ၂၂ သန်းကျော် တွေ့နေရကြောင်း၊ အသက် ၁၈ နှစ် အထက် ၁၄ သန်းကျော်သည် ပုံစံ ၆၆/၆ တွင် နိုင်ငံ သား စိစစ်ရေးအမှတ်များ မဖြည့်ထားကြောင်း၊ အဆိုပါအချက်များသည် လူကြောင့်အမှားဖြစ်နိုင် သလို စာရင်းဇယား၊ အချက်အလက်များအား အချိန် နှင့်တစ်ပြေးညီ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကာယကံရှင်များ၏ အားနည်းချက်များကြောင့်လည်း ဖြစ်နိုင်သည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်၍ တတိယ အဆင့်သွားသည့်အခါ အထက်ပါမှားယွင်းမှုများကို မြေပြင်တွင် သေချာစွာစိစစ် ပြုပြင်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ တတိယအဆင့် အကောင် အထည်ဖော် ဆောင်ရွက်သည့်အခါ စာရင်းသွင်းခြင်း၊ စစ်ဆေးပြင်ဆင်ခြင်းတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီး ချုပ်များဦးစီး၍ ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကွန်ပျူတာပညာ ရှင်များ၊ လူမှုရေးအသင်းအဖွဲ့များအပြင် လုံခြုံရေး အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အမြန်ဆုံး မြေပြင်စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လူဦးရေစာရင်း တိကျမှန်ကန်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ တိကျ မှန်ကန်စွာ စာရင်းကောက်ယူနိုင်မှသာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်မည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲစာရင်းများ အမှန်တကယ်ပြုစု နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မှန်ကန်စွာ စာရင်းဇယား ကောက်ယူနိုင်မှသာ နောင်ဆက်လက်ဆောင်ရွက် မည့် e-ID စနစ်တွင် မှန်ကန်သည့် အချက်အလက် များ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်-၄ ၊ ပုံစံ ၆၆/၆ ကိစ္စရပ်များနှင့်ပတ်သက်၍ မြေပြင်စာရင်းကောက်ယူ သည့်အခါ မသန်စွမ်းအမျိုးအစား (၄) မျိုးကို လည်း သေချာစွာ ရေးသားဖော်ပြနိုင်ရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး
ထို့နောက် အစည်းအဝေးတက်ရောက်လာကြ သူများက ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်