
စစ်တွေ မေ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ပေါက်တော မြို့နယ် ပြန်လည်ထူထောင်ရေး ရှေ့လုပ်ငန်းစဉ် များကို ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အလေးအနက်ထားဆောင်ရွက်
တွေ့ဆုံပွဲတွင် ပေါက်တောမြို့နယ် ပြန်လည် ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက မိုခါမုန်တိုင်း ဒဏ်ခံခဲ့ရသည့် ပေါက်တောမြို့နယ်အား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အစီအမံများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ဒေသများ၏ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အလေးအနက်ထားပြီး ပြည်ထောင်စုအဆင့် အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နေမှု၊ လိုအပ် သည့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ဖြန့်ခွဲနိုင်မည့် အခြေအနေ၊ ထူထောင်ရေးလုပ်ငန်းများတွင် ပြည်သူ လူထုပူးပေါင်းပါဝင် ဆောင်ရွက်ရေးနှင့် မုန်တိုင်း အလွန်ကာလတွင် မူလအခြေအနေထက် ပိုမို ကောင်းမွန်သည့်အနေအထားဖြစ်အောင် မျှော်မှန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ် ၁၈ မြို့နယ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တပ်မ တော်မှ အရာရှိကြီးများ တာဝန်ပေးစေလွှတ်ထား ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်း ဒဏ်သင့်ပြည်သူများအတွက် အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအနေဖြင့်လည်း ပါဝင်ပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပျက်စီးမှုအနည်း အများနှင့် ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ် အတိုင်း ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးပိုင်းနှင့် ပတ်သက်၍လည်း မုန်တိုင်း ဒဏ်သင့်ဒေသများသို့ အထူးကုဆရာဝန်ကြီးများ ဦးစီး၍ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့နှင့် အထူးကုဆေး အဖွဲ့များ စေလွှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်သွယ်ရေးကဏ္ဍသည်လည်း အရေးကြီးသည့် အတွက် ပြည်သူလူထု အဆင်ပြေချောမွေ့စွာ ဆက်သွယ်မှုရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ဝန်ထမ်း များက နေ့ညမပြတ် ကြိုးစားဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထောက်ပံ့ရေးစ္စည်းများ အချိန်မီရောက်ရှိ ရေးနှင့် လိုအပ်သည့်ဒေသများသို့ စနစ်တကျဖြန့်ခွဲ ပေးပို့နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးအတွင် ဗိုလ်ချုပ်ကြီး တင်အောင် စန်း သည် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များကို တာဝန်ရှိသူများထံ ပေးအပ်ပြီး ပေါက်တော မြို့၌ ကလေးအထူးကု၊ သမားတော်၊ သွားနှင့် ခံတွင်း အထူးကု၊ မျက်စိအထူးကု၊ အရိုးအထူးကု၊ သားဖွား မီးယပ်အထူးကု၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက် နေမှုကို သွားရောက်ကြည့်ရှုကာ လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။
ယင်းနောက် ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား ကျောင်းသူ များ ကျောင်းအပ်နှံနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပေါက်တောမြို့ ဘဝမ်းကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် အမိုးသွပ်များ ကို ဆက်ကပ်လှူဒါန်းသည်။
အလှူငွေပေးအပ်
မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မိုခါမုန်တိုင်း ဒဏ်သင့်ဒေသများအတွက် အလှူငွေပေးအပ်ပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် အလှူငွေနှင့် ထောက်ပံ့ပစ္စည်း များကို အလှူရှင်များက ပေးအပ်လှူဒါန်းရာ ဗိုလ်ချုပ် ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ငွေကျပ် ၂၂၅၆ သိန်း လက်ခံရရှိ
ယနေ့အခမ်းအနားတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြု ရန် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၂၅၆ သိန်း လက်ခံရရှိခဲ့ကြောင်း သိရသည်။
ညနေပိုင်းတွင် နေပြည်တော်၌ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်၍ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဦးစိုးကြည်တို့က ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် စစ်တွေမြို့နယ် ကျက်တောပြင် ကျေးရွာရှိ ကျွဲ၊ နွား ၁၂၁ ကောင်ကို လည်ချောင်းကွဲ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ထိခိုက်ဒဏ်ရာနှင့်
နာမကျန်းဖြစ်ပွားလျက်ရှိသည့် ကျွဲ၊နွား ၂၃ ကောင် နှင့် အင်အားချည့်နဲ့ ကျွဲ၊ နွား ၅၂ ကောင်ကို အားဆေး ထိုးနှံခြင်း၊ အုန်းရေဖော်ကျေးရွာရှိ ကျွဲ၊ နွား အကောင် ၂၀ ကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံ ခြင်း၊ ထိခိုက်ဒဏ်ရာနှင့် နာမကျန်းဖြစ်ပွားလျက်ရှိ သည့် ကျွဲ၊နွား ငါးကောင်နှင့် အင်အားချည့်နဲ့ ကျွဲ၊ နွား ခုနစ်ကောင်တို့ကို အားဆေးထိုးနှံခြင်း ဆောင်ရွက် ပေးခဲ့သည်။
ထို့ပြင် စစ်တွေတပ်နယ်အတွင်းရှိ နွား ၁၁၇ ကောင်ကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံ ခြင်း၊ နာမကျန်းဖြစ်ပွားလျက်ရှိသည့် နွား ရှစ်ကောင် ကို ဆေးကုသပေးခြင်း၊ ဝက် ၁၂ ကောင်ကို ဝက်ပလိပ် ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ သံချဆေးနှင့် အားဆေးများ ထိုးနှံပေးခြင်းနှင့် နာမကျန်းဝက် တစ်ကောင်ကို ဆေးကုသပေးခြင်းတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသည့် မုန်တိုင်းဒဏ်သင့် မြို့နယ်များအတွင်းရှိ ကျေးရွာများတွင် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ကုသမှုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်