နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၇၇ နှစ်တာခရီး

Type
4

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် စတင် ထူထောင်ခဲ့ခြင်းဖြစ်ရာ ယနေ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်မြောက် နှစ်ပတ်လည် ရက်မြတ်အခါသမယဖြစ်ပါသည်။
 

မြန်မာ့နိုင်ငံတကာ  ဆက်ဆံရေးသမိုင်းသည် ဘီစီ(၂)ရာစုမှစတင်ကာ နှစ်ပေါင်း ၂၀၀၀ ကျော် ရှိခဲ့သော်လည်း  မျက်မှောက်ခေတ်   မြန်မာ့နိုင်ငံ တကာဆက်ဆံရေးကို အဖွဲ့အစည်းအထင်ကရဖြင့် မှတ်ကျောက်တင်နိုင်ခဲ့သည်မှာ ၇၇ နှစ်တာရှိပြီး ထိုကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသည် အင်အားသာမက  စွမ်းရည်ပါတိုးတက်လာသည် ကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်။
နိုင်ငံခြားရေးဌာနကို ဗိုလ်ချုပ်အောင်ဆန်း၏ဦးဆောင်မှုဖြင့်  “Department of Foreign Ser-vice” အဖြစ်   စတင်ထူထောင်စဉ်က အတွင်းဝန် တာဝန်ဖြင့် အရာထမ်းတစ်ဦး၊  အမှုထမ်း ရှစ်ဦး စုစုပေါင်း ဝန်ထမ်းအင်အား ကိုးဦးသာ ရှိခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မေလ ၄ ရက်နေ့တွင် နိုင်ငံခြားရေးရုံး “Foreign Office”  ဟု     အမည်ပြောင်းလဲခဲ့ပြီး အတွင်းဝန်ရာထူးကိုလည်း အမြဲတမ်းအတွင်းဝန် အဖြစ် ပြောင်းလဲသုံးစွဲခဲ့ကြပါသည်။ လက်ရှိသုံးစွဲ နေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန “the Ministry of Foreign Affairs” (MOFA) အမည်ကို ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် စတင် သုံးစွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလတွင်        ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး  ဦးဆောင်မှုဖြင့် ပြည်တွင်း ပြည်ပရှိ ဝန်ထမ်းအင်အား တစ်ထောင်ကျော်တို့ဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ထမ်းဆောင် လျက်ရှိပါသည်။ အင်အား၏ သုံးပုံနှစ်ပုံမှာ မြန်မာ ပြည်ရှိ ဌာနချုပ်တွင် ထမ်းဆောင်လျက်ရှိပြီး သုံးပုံ တစ်ပုံမှာ  ကမ္ဘာတစ်လွှားရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၅၁ ရုံးတွင် အသီးသီး တာဝန် ထမ်းဆောင်လျက်ရှိပါသည်။ 
ကောင်းမွန်သည့် နိုင်ငံ့ပုံရိပ် ဖော်ဆောင်ရေး
နိုင်ငံခြားရေးဝန်ကြီးဌာနသည်   ဆယ်စုနှစ် ခုနစ်ခုကျော်  ကာလတစ်လျှောက်တွင်   နိုင်ငံနှင့် ပြည်သူ့အကျိုးကိုရှေးရှုသည့်     “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ” ကို အကောင်အထည်ဖော်ကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့်    ကောင်းမွန်သည့်  နိုင်ငံ့ပုံရိပ် ဖော်ဆောင်ရေးကို  ကြိုးပမ်းလျက်ရှိပါသည်။
မြန်မာ့လွတ်လပ်ရေးရရှိပြီးနောက် အစိုးရများ လက်ထက်တွင် ထူးချွန်သည့်   မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂတွင် ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ အတွင်းရေးမှူးချုပ် တာဝန်ကို သက်တမ်း နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်သည် ကျူးဘားအရေးအခင်း၊ ကွန်ဂိုပြည်တွင်း စစ် အဆုံးသတ်ရေး၊ အင်အားကြီးနိုင်ငံများအကြား တင်းမာမှုလျှော့ချရေးတို့တွင်      စွမ်းစွမ်းတမံ ဆောင်ရွက်ကာ   ကမ္ဘာ့ငြိမ်းချမ်းရေးကို ပံ့ပိုးပေး နိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် သံတမန်တစ်ဦးဖြစ် ခဲ့ရာ မြန်မာ့ပုံရိပ်ကို ကမ္ဘာတွင် အထင်အရှားဖြစ်စေ ခဲ့ပါသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကိုဦးတည်သည့် နိုင်ငံတကာ ဆက်ဆံရေးသမိုင်းတွင်     အထင်ကရဖြစ်သည့်  “ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်” ကို ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ သည် တရုတ်၊ အိန္ဒိယတို့နှင့်  ပူးတွဲချမှတ်နိုင်ခဲ့ခြင်း သည်လည်း  သမိုင်းဝင်ကြိုးပမ်းချက်တစ်ရပ်ဖြစ် သည်။ ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများအကြား ငြိမ်းချမ်း စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး ဦးတည်သည့် အဆိုပါ “မူကြီး(၅)ချက်”မှာ   အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက်  အပြန်အလှန် လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်ခြင်း နှင့် ပြည်တွင်းရေးစွက်ဖက်ခြင်းမပြုရန်၊ တန်းတူ ညီမျှရှိပြီး    အပြန်အလှန်အကျိုးပြုကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး“မူ” များ ဖြစ်ပါသည်။ 
ထိုမှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၁၉၅၅ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန်တို့နှင့် ဘန်ဒေါင်းကွန်ဖရင့်ကို ပူးတွဲ ကမကထပြုကာ မြန်မာနိုင်ငံ၏   သံတမန် ရေးရာ ဦးဆောင်မှုကို ဖော်ညွှန်းသည့်   မှတ်တိုင် တစ်ရပ် စိုက်ထူနိုင်ခဲ့ပါသည်။ အဆိုပါ ကွန်ဖရင့်တွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြု သည့် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး “ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်” ကို ထပ်လောင်းထင်ဟပ် သည့် ဘန်ဒေါင်းမူကြီး (၁၀) ရပ်ကို ထုတ်ပြန်ကာ အာရှနှင့်အာဖရိကမှ  လွတ်လပ်သောနိုင်ငံအသစ် များအကြား ပူးပေါင်းဆောင်ရွက်မှုကို အစပျိုးနိုင်ခဲ့ ကြပါသည်။
 ဘက်မလိုက်အဖွဲ့ကြီး ထူထောင်ရေး
အလားတူပင် ၁၉၆၁ ခုနှစ်တွင်   ဘက်မလိုက် အဖွဲ့ကြီး ထူထောင်ရေးတွင်လည်း မြန်မာနိုင်ငံမှ တက်ကြွစွာပါဝင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၇-၁၈ ရက်နေ့များတွင် ယူဂန်ဒါနိုင်ငံ   ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်အဖွဲ့ကြီး၏ ဝန်ကြီးများ အဆင့်အစည်းအဝေးတွင်    အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုနီးကပ်သည့်ဆက်ဆံရေးများ တိုးမြှင့်ကာ ဖွံ့ဖြိုး ဆဲ နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအတွက် ငြိမ်းချမ်း ရေး၊ သာယာဝပြောရေး၊ တန်းတူညီမျှရေး ဖွံ့ဖြိုးရေး တို့ကို ကြိုးပမ်းသွားလိုကြောင်း    ပြည်ထောင်စု ဝန်ကြီးက အလေးထားပြောကြားခဲ့ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု   တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ လက်ထက်များတွင် ကြုံတွေ့ခဲ့ရသည့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများအကြားမှပင် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂမျက်နှာ စာနှင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မှုများ၏အရှိန်ကို ထိန်းသိမ်းကာ နိုင်ငံတော် လုံခြုံ ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးခဲ့ပါသည်။ 
နိုင်ငံတကာငြိမ်းချမ်းရေးနှင့်   လုံခြုံရေးကို အလေးထားသည့်နိုင်ငံအဖြစ် မြန်မာနိုင်ငံ၏ ပုံရိပ် ကို ထင်ဟပ်နိုင်စေရေး၊    လက်နက်ဖျက်သိမ်းရေး ကဏ္ဍတွင် တက်ကြွစွာပါဝင်ကာ  နျူကလီးယား လက်နက်တားဆီးရေးစာချုပ်၊    နျူကလီးယား စမ်းသပ်မှု အလုံးစုံ     တားဆီးရေးစာချုပ်တို့တွင် လက်မှတ်ရေးထိုးခြင်း၊ နျူကလီးယားလုံခြုံစိတ်ချ စွာ သုံးစွဲရေးဆိုင်ရာ ကွန်ဗင်းရှင်း၊ နျူကလီးယား ဆိုင်ရာပစ္စည်းများ ကာကွယ်တားဆီးခြင်း ဆိုင်ရာ ကွန်ဗင်းရှင်း စသည်တို့တွင် ပါဝင်ခဲ့ပါသည်။ အထူး သဖြင့် ဂျကာတာ၊ ဂျီနီဗာနှင့် နယူးယောက်မြို့ရှိ ဖိုရမ်များတွင် အရှေ့တောင်အာရှ  နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ကို လေးစားလိုက်နာရေး အပါ အဝင်  လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးမှု များတွင် တက်ကြွစွာ ပါဝင်လျက်ရှိပါသည်။  ၁၉၉၅ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ၏ နိုင်ငံတကာလုံခြုံရေးနှင့် လက်နက်ဖျက်သိမ်းရေး ဆိုင်ရာ ပထမကော်မတီတွင်    နျူကလီးယား လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အဆိုမူကြမ်းကို ကုလသမဂ္ဂကအဖွဲ့ဝင် အများစု၏ ထောက်ခံမှုဖြင့် တင်သွင်းခဲ့ပါသည်။ 
အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်း
၁၉၉၇ ခုနှစ်တွင်    အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်းသည်လည်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏    သမိုင်းမှတ်တိုင်တစ်ရပ်  ဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ချိန်မှစတင်၍ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းပေါင်းစည်းရေးတွင် အာဆီယံနှင့်အတူ     လိုက်ပါဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများရှိခဲ့ပါသည်။ အဖွဲ့ဝင်အားလုံး အပြန် အလှန်စိတ်ဝင်စားမှုရှိသည့်ကိစ္စရပ်များကို ဆွေးနွေး အဖြေရှာရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ အဆင်ပြေမှုကို လေးစားလိုက်နာပြီး အတူတကွ ပူးပေါင်းဖြေရှင်းနိုင် ရေးတွင် ပါဝင်လျက်ရှိပါသည်။
၂၀၁၁-၂၀၁၅ ကာလ သံတမန်ရေးအရ ပြန်လည် ဦးမော့လာစေရေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၂၊ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်း၊ အမေရိကန် သမ္မတအိုဘားမားနှင့်      နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်တို့၏ ခရီးစဉ်များကို လက်ခံ စီစဉ်ပေးနိုင်ခဲ့ပါသည်။ 
ထို့အပြင် ၂၀၁၃ ခုနှစ်တွင် အာရှဒေသဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို လည်းကောင်း၊   ၂၀၁၄ ခုနှစ်တွင်     အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘင်းမ်စတက်     ထိပ်သီးအစည်းအဝေးများကို လည်းကောင်း လက်ခံကျင်းပကာ ကွန်ဖရင့်ဒီပလို မေစီကို မြှင့်တင်နိုင်ခဲ့သည်။ အဆိုပါ ၂၀၁၁-၂၀၁၅ ကာလအတွင်း မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အကူအညီ များရရှိမှု သုံးဆမြင့်တက်ခဲ့ပြီး ကုန်သွယ်ရေး၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု များလည်း သိသိသာသာတိုးတက်ခဲ့ပြီး ယင်းတိုးတက် မှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက တက်ကြွ စွာ ပံ့ပိုးခဲ့ပါသည်။ 
အလားတူပင်  ၂၀၁၆-၂၀၂၀   ကာလများတွင် သံရေးတမန်ရေး အောင်မြင်မှုများစွာ ဖော်ဆောင် နိုင်ခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွား ရေးပိတ်ဆို့မှုများကိုလည်း ဖယ်ရှားနိုင်ခဲ့ကာ ကမ္ဘာ့ နိုင်ငံရေး စီးပွားရေး အင်အားကြီးနိုင်ငံများနှင့် ပိုမို ကောင်းမွန်သည့်ဆက်ဆံရေးများ ဖော်ဆောင်နိုင် ခဲ့သည်။ 
လက်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်များဖြစ်သည့် အခြေခံဥပဒေ အပိုဒ် ၄၁၊ ၄၂ (က) နှင့် (ခ)တို့အရ ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးမူကြီး(၅)ရပ်နှင့်အညီ နိုင်ငံအားလုံးနှင့်   ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ကာ နိုင်ငံတကာတွင် ထားရှိရမည့်ကတိကဝတ်များကို လေးစားလိုက်နာလျက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်များကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။
ယနေ့ခေတ်တွင် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများ၊ နည်းပညာဖွံ့ဖြိုးမှု၏    ဘေးထွက်ဆိုးကျိုးများ၊ သတင်းမီဒီယာ၏ အဆိပ်အတောက်ဖြစ်စေမှုများ အပါအဝင် ပိုမိုရှုပ်ထွေးသည့် ပြည်တွင်း၊ ဒေသတွင်း နှင့် နိုင်ငံတကာ စိန်ခေါ်မှုများစွာကို မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ  ရင်ဆိုင်လျက်ရှိပါသည်။ ထိုစိန်ခေါ်မှုများနှင့်ဆက်စပ်သည့် ပြည်တွင်း၊ ဒေသ တွင်းနှင့် ကုလသမဂ္ဂမျက်နှာစာတွင် မြန်မာနိုင်ငံ အပေါ် ရိုက်ခတ်မှုများကို ကျော်လွှားကာ၊ နိုင်ငံနှင့် ပြည်သူများ အကျိုးစီးပွားဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 
မြန်မာနိုင်ငံသားများ အကျိုးဖော်ဆောင်ရေး
ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံနေ သည့် မြန်မာနိုင်ငံသားများ အကျိုးဖော်ဆောင်ရေး လုပ်ငန်းရပ်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အရေးပါသော လုပ်ငန်းရပ်တစ်ခုအဖြစ် သတ်မှတ် ကာ အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ တို့တွင် အကျဉ်းကျခံပြီးသူ ၂၀၇၅ ဦးနှင့် ၂၆၇၁၆ ဦး တို့ကို မြန်မာနိုင်ငံသို့    ပြန်လည်ပို့ဆောင်ပေးခဲ့ပါ သည်။ ထို့အတူ အရှေ့အလယ်ပိုင်းဒေသနိုင်ငံအချို့ တွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး  အလုပ်ရှင် အလုပ်သမား ပြဿနာများကြုံတွေ့ရ၍ နေရပ်ပြန် ရန် အခက်အခဲဖြစ်နေသည့် နိုင်ငံသား ၁၆၄ ဦးတို့ နေရပ်ပြန်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများရှိ အာဏာ ပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
အလားတူပင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မိမိနယ်မြေအတွင်း    အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများ၏ လှည့်ဖြားခံရခြင်းအပါအဝင် အခြား အကြောင်းအမျိုးမျိုးဖြင့် တရားမဝင် ရောက်ရှိခဲ့ကာ နေရပ်ပြန်ရန် အခက်အခဲရှိနေသည့်   နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံသား ၅၂၈၂၃ ဦးကို သက်ဆိုင်ရာနိုင်ငံ အသီးသီးသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသည်။
ကြံ့ခိုင်မှုမှသည် ပိုမိုသန်စွမ်းမှုသို့
စိန်ခေါ်မှုများကို ဘက်ပေါင်းစုံမှ ကြုံတွေ့နေရ သည့် ယနေ့ခေတ်ကာလတွင် နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် မြန်မာသံတမန်များ၏ ကြံ့ခိုင်မှုပိုမိုပေါ်လွင် စေပါသည်။   အထူးအားဖြင့်     နိုင်ငံအချို့သည် ကုလသမဂ္ဂ မျက်နှာစာနှင့် အာဆီယံမျက်နှာစာတွင် အစဉ်အဆက်လိုက်နာခဲ့ကြသည့် “မူကြီး” များကို အလေးထားမှုမရှိကြသည့် အခက်အခဲဆုံးကာလ တွင်ပင် မြန်မာနိုင်ငံသည် နိုင်ငံစုံစနစ်၊ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းကို   အလေး ထားကာ မိမိတို့ကတိကဝတ်များကို   မသွေဖည် ကြောင်း သက်သေပြနိုင်ခဲ့ပါသည်။ ကြံ့ခိုင်မှုမှသည် ပိုမိုသန်စွမ်းမှုသို့ ဦးတည်ကာ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များ ပြည့်မီစေရန် နိုင်ငံခြားရေးဝန်ကြီး ဌာနသည် ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက် လျက် ရှိပါသည်။
ရှေးယခင်ကပင် အင်ပါယာကြီးသုံးခုအကြား တွင် လက်ရုံးရည်နှင့် နှလုံးရည်အားဖြင့် စည်းလုံး ညီညွတ်တင့်တယ်စွာရပ်တည်ခဲ့သည့် မြန်မာနိုင်ငံ၏ အစဉ်အလာနှင့်    အတွေ့အကြုံကောင်းများကို အခြေခံကာ ယနေ့ခေတ် ကြုံတွေ့နေကြရသည့် ပထဝီနိုင်ငံရေးအခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှု များကို  နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များက အားသွန် ခွန်စိုက်   ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြမည် ဖြစ်ပါသည်။ 
 (၇၇)ကြိမ်မြောက် နှစ်ပတ်လည်အခါသမယတွင် မြန်မာ့သမိုင်းတစ်လျှောက် ရွပ်ရွပ်ချွံချွံ   တာဝန် ထမ်းဆောင်ခဲ့ကြသည့် သံတမန်ကြီးများကို ဂုဏ်ပြု လျက်    မျိုးဆက်သစ်သံတမန်များသည်လည်း၊ ခေတ်သစ်၏ အင်အားသစ်များ၊ နည်းပညာသစ်များ ဖန်တီးနိုင်စွမ်းများကို အသုံးချကာ ပိုမိုငြိမ်းချမ်း၊ စည်ပင်ကာ မြန်မာ့ပုံရိပ်ကောင်းများ ပေါ်ထွန်းစေ မည့် နိုင်ငံခြားရေးမူဝါဒ ဦးတည်ချက်များ   ပြည့်မီ ရေးကို ပိုမိုပြောင်မြောက်စွာ စွမ်းဆောင်နိုင်ကြပါ စေကြောင်း ဆန္ဒပြုလိုက်ရပါသည်။    ။