
နေပြည်တော် မတ် ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်ပိုင်း တွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးကိုကိုလှိုင် တို့ ကြီးမှူး၍ ဝန်ထမ်းများက ပျဉ်းမနားမြို့ ရတနာမှန်ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသ ဦးဆောင်သော သံဃာတော်ငါးပါးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ယခုနှစ်တွင် နိုင်ငံတော်ကချီးမြှင့်သည့် သဒ္ဓမ္မဇောတိကဓဇ သာသနာပြု ဘွဲ့တံဆိပ်တော် ရရှိတော်မူသော ရတနာမှန်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသ မထေရ်မြတ်အား ဂုဏ်ပြုပူဇော်သည့် ဂုဏပူဇာမင်္ဂလာအခမ်းအနားကို ကျင်းပရာ ရတနာ မှန်ကျောင်း ပင်မအဆောက်အဦ အကြီးစားပြုပြင် မွမ်းမံရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၏ ထည့်ဝင်လှူဒါန်း ငွေကျပ်သိန်း ၂၀၀ ကို ဆရာတော်ထံ ဆက်ကပ် လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (၇၅)နှစ် မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပရာ ဦးစွာ ပြည်ထောင်စုဝန်ကြီး များက အမှာစကားများ ပြောကြားကြသည်။ ထို့နောက် စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပသည်။
ယင်းနောက် နိုင်ငံနှင့် ဝန်ကြီးဌာနအပေါ် တာဝန် သိသိ သစ္စာရှိရှိဖြင့် လုပ်သက်ကြာမြင့်စွာ တာဝန် ထမ်းဆောင်ခဲ့ကြသော အရာထမ်းတစ်ဦးနှင့် အမှုထမ်းတစ်ဦးတို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း၊ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်/ အောက်မြန်မာပြည်) တို့၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ၂၀၂၁ ခုနှစ် သားကောင်းတမန်မဂ္ဂဇင်း၏ ဆောင်ပုဒ်အဖြစ် ရွေးချယ်ခြင်းခံရသည့် ကလောင်ရှင် ဝန်ထမ်း၊ စကား ရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲများ တွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခြင်း၊ ဝန်ထမ်းများ အတွက် ကံစမ်းမဲအထူးဆုကြီးများ မဲဖောက်ခြင်းတို့ကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်