နိုင်ငံ့စီးပွားရေးကို နိုင်ငံသူ၊ နိုင်ငံသားအားလုံး ကမ္ဘာကြည့် ကြည့်မြင်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊  အသေးစား၊  အငယ်စားနှင့် အလတ်စား  စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ပုသိမ်မြို့  မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့်  စီးပွားရေးလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

 


အဆိုပါ  တွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊  ကောင်စီဝင်ဗိုလ်ချုပ်ကြီး   တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊   ဧရာဝတီတိုင်းဒေသကြီး    ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊  အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ခရိုင်၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊  မြို့မိ၊  မြို့ဖများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။                     

 


တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ 
ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား 
တစ်ဦးချင်း တင်ပြဆွေးနွေး


ဦးစွာ   တိုင်းဒေသကြီးဝန်ကြီးချုပ်က    ဒေသ ဆိုင်ရာ အချက်အလက်များ၊ တိုင်းဒေသကြီးအတွင်း  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)    လုပ်ငန်းများ    အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊   MSME   လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေး   ကူညီပံ့ပိုးမှုများ   ဆောင်ရွက်လျက် ရှိမှု၊   ပုသိမ်စက်မှုစီမံကိန်းအတွင်း  စက်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှု၊ အဓိကထုတ်ကုန်ပစ္စည်း များကို    ထုတ်လုပ်လျက်ရှိသည့်    စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှု၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်၊ လက်မှုထုတ်ကုန်များနှင့် စားသောက်ကုန် ပစ္စည်းများထုတ်လုပ်မှု၊ ခရီးသွားလုပ်ငန်းကို အခြေခံ သည့် ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက် လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း စဉ်များကို ချမှတ်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက် တက်ရောက်လာကြသည့် အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)  လုပ်ငန်းရှင်များဖြစ်သည့် Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌ ဦးဌေးမြင့်၊ Delta Queen International Co.,ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးရွှေကြိုင်၊ Ayeyarwaddy Develop-ment Public Co.,ltd   ဒုတိယဥက္ကဋ္ဌ   ဦးစည်သူစိုး၊  ရွှေဝါနဒီ        စိုက်ပျိုးထုတ်လုပ်မှုကုမ္ပဏီလီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးလူမော်မြင့်မောင်၊ ဧရာဝတီ တိုင်းဒေသကြီး     ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  ဦးဝင်းမြင့်လှိုင်၊ ချောင်းသာဟိုတယ်ဇုန် လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးမင်းကျော်ဦး၊ ဧရာဝတီတိုင်း ဒေသကြီး ပီလောပီနံ စိုက်ပျိုးတင်ပို့ရောင်းချသူများ  အသင်း ဥက္ကဋ္ဌ ဦးကျော်သူရ၊ ဆီလုပ်ငန်းရှင် ဒေါ်မီမီ ကျော်နှင့်   တက်ရောက်လာကြသည့်   လုပ်ငန်းရှင် များက ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်မည့်  အခြေအနေကို   ပိုင်ဆိုင်ထားရှိမှု၊   ငါးမွေးမြူရေး  လုပ်ငန်းများကို    စနစ်တကျဖြင့်   မွေးမြူထားရှိမှု၊  နို့စားနွားမွေးမြူရေးနှင့် တန်ဖိုးမြင့် နို့ထွက်ပစ္စည်းများ  ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိမှု၊ ပုသိမ်စက်မှုဇုန်စီမံကိန်း  ဆောင်ရွက်လျက်ရှိမှု၊ ဆန်စက်လုပ်ငန်းများ ဆောင် ရွက်နေမှုနှင့် စပါးအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိရန်လိုအပ်မှု၊ ပြည်တွင်း ပြည်ပ ဈေးကွက်သို့ ဆန်တင်ပို့ရောင်းချလျက်ရှိမှု၊  ဆန်စက်များ၊   အခြောက်ခံစက်များကို  စပါးထွက် ရှိရာ  ဒေသများနှင့်   အနီးဆုံးသောနေရာများတွင် တည်ဆောက်ထားရှိမည်ဆိုပါက ကုန်ကျစရိတ်များ ပိုမိုသက်သာစေနိုင်မှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်လျက်ရှိသည့် နွေစပါးနှင့် ပဲတီစိမ်း များ   အထွက်တိုးလျက်ရှိသည့်အတွက်    ဒေသခံ ပြည်သူများ ဝင်ငွေတိုးပွားလာမှု၊ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင် ရေး   ရင်းနှီးမြှုပ်နှံငွေများ   ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းသို့ လာရောက်သည့် ခရီးသွားဧည့်သည် များ     ပိုမိုများပြားလာသည့်အတွက်     လမ်းပန်း ဆက်သွယ်မှုကို  အဆင့်မြှင့်တင်ပေးစေလိုမှု၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  နိုင်ငံတော်မှ    ချမှတ်ပေးထားသည့်    မူဝါဒများနှင့် အညီ လုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအစိုးရ  အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ပီလောပီနံ  စိုက်ပျိုးတင်ပို့ရောင်းချမှုလုပ်ငန်းများ    မြန်မာနိုင်ငံ တွင် တွင်ကျယ်စွာ ဖြစ်ထွန်းလာစေရေးနှင့် မဲခေါင် ဒေသအတွင်း အဓိကထုတ်ကုန် (Strategic Corps)  ဖြစ်သည့်အတွက်    ကူညီဆောင်ရွက်ပေးစေလိုမှု၊  တိုင်းဒေသကြီးအတွင်း      လည်ပတ်လျက်ရှိသည့် ဆီစက်လုပ်ငန်းများအား ခေတ်မီနည်းစနစ်သုံး စက်ရုံ များအဖြစ်  လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတော်မှ  လိုအပ်သည်များကို ကူညီပံ့ပိုးပေးစေ လိုမှုနှင့်   ဒေသတွင်းစီးပွားရေးလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးအတွက်    အခြားလိုအပ်သည်များကို အသီးသီးတင်ပြဆွေးနွေးကြသည်။ 

 


ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ 
ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး


ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း  ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန် စေရေး၊ လျင်မြန်ချောမွေ့စေရေးအတွက် ကားလမ်း၊  ရထားလမ်း၊ ရေကြောင်းလမ်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို      လျာထားလုပ်ငန်းများအလိုက် ဆောင်ရွက်လျက်ရှိမှု၊ ပုသိမ်လေယာဉ်ကွင်း အဆင့် မြှင့်တင်ပေးစေလိုမှုကို မြေပြင်ကွင်းဆင်း စစ်ဆေး ခြင်းများ စနစ်တကျ ဆောင်ရွက်သွားရန်လိုအပ်မှု၊  ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများစွာရှိပြီး   အလားအလာကောင်း များစွာကို   ပိုင်ဆိုင်ထားရှိမှု၊   နိုင်ငံတော်အနေဖြင့် အကျိုးအမြတ်ကို    အဓိကမထားဘဲ    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင် နိုင်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကဏ္ဍအလိုက်    ဆောင်ရွက်ပေးထားမှု၊     ဆီစက် လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး၊  လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက်      လုပ်ငန်းအလိုက် အတိုးနှုန်း သက်သာသည့် ချေးငွေများ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့်    ကျေးလက်နေပြည်သူများ၏   လူမှုစီးပွားဘဝ မြင့်မားစေရေး၊       ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များ   စုဖွဲ့၍      လိုအပ်သည့် စက်ကိရိယာများ၊ အရင်းအနှီးများ မတည်ဆောင်ရွက် ပေးလျက်ရှိမှု၊     မျိုးကောင်းမျိုးသန့်များ    ရရှိရေး၊ သွင်းအားစုများ ရရှိရေးအတွက်လည်း ဆောင်ရွက် ပေးလျက်ရှိသဖြင့်    သက်ဆိုင်ရာဝန်ကြီးဌာနများ  လက်အောက်ရှိ နယ်မြေခံဦးစီးဌာနများမှတစ်ဆင့်  ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်     ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားပေးဆောင် ရွက်လျက်ရှိမှု၊ စက်မှုလုပ်ငန်းများအတွက် လိုအပ် သည့် စက်မှုမှတ်ပုံတင်ခြင်းများကို သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး၊        ပို့ကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက်      လိုအပ်သည့် စာရွက်စာတမ်းလုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့်  နှောင့်နှေးမှုမရှိ ဆောင်ရွက်ပေးလျက်ရှိမှု စသည်ဖြင့်  သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးပြန်လည် ဆွေးနွေး ပြောကြားကြသည်။ 

 


ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများကို 
အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို 
အားပေးဆောင်ရွက်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြား ရာတွင်    မိမိတို့အနေဖြင့်   နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက်  အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏    လူဦးရေ   ၇၀    ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ကြပြီး လူဦးရေ  ၃၀ ရာခိုင်နှုန်းသည်  မြို့ပြတွင် နေထိုင် ကြကြောင်း၊      ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ကျေးလက်တွင်နေထိုင်သူ     ၈၅    ရာခိုင်နှုန်းရှိပြီး မြို့ပြတွင်   နေထိုင်သူ   ၁၅   ရာခိုင်နှုန်းရှိကြောင်း၊အများစုမှာ   စိုက်ပျိုးရေးနှင့်   မွေးမြူရေးလုပ်ငန်း များကို   ဆောင်ရွက်ကြကြောင်း၊   စပါးစိုက်ပျိုးခြင်း၊      ဆီထွက်သီးနှံများ    စိုက်ပျိုးခြင်း၊ ငါးမွေးမြူခြင်းများကို ဆောင်ရွက်ကြကြောင်း၊ အဆိုပါ  စိုက်ပျိုးမွေးမြူရေး   ကုန်ကြမ်းများကို    ကုန်ချော    ဖြစ်စေရန်အတွက် ကြိတ်ခွဲခြင်းများကို ဆောင်ရွက်ခြင်းသည် MSME လုပ်ငန်းပင်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့်  ထွက်ကုန် ပစ္စည်းများမှ  တိရစ္ဆာန်အစာများကိုလည်း  ရရှိသဖြင့်  မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း။

 


ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို  အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  စိုက်ပျိုး ရေးနှင့်      မွေးမြူရေးလုပ်ငန်းများမှ    ထွက်ရှိသည့် ကုန်ကြမ်းများမှ        တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်  လိုအပ်ကြောင်း၊  ဧရာဝတီတိုင်း ဒေသကြီးအတွင်း   ငါးမွေးမြူရေး  လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အရင်းအမြစ်များ ကို    ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊     နိုင်ငံအတွက် အသား၊ ငါး လိုအပ်ချက်များစွာရှိပြီး လူအများစားသုံး နိုင်သော သင့်တော်သည့် ဈေးနှုန်းဖြင့်ရောင်းချနိုင်  သည့် ငါးမျိုးများမွေးမြူနိုင်ရန်လိုကြောင်း၊ အလားတူ  ဆန်စပါးစိုက်ပျိုးမှုတွင်လည်း တစ်ဧကချင်းအထွက် နှုန်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန် လိုသကဲ့သို့      အရည်အသွေး    ကောင်းမွန်သည့်  စပါးမျိုးများ စိုက်ပျိုးကြရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာရရှိရန်၊ နည်းစနစ် တကျစိုက်ပျိုးရန် စသည့်အချက်များ လိုအပ်ကြောင်း၊  ဒေသတွင်း  ကုန်ကြမ်းများ ပိုမိုရရှိအောင် ဆောင် ရွက်ကြရန်လိုကြောင်း၊ ဆီထွက်သီးနှံများကိုလည်း  အထွက်နှုန်း     တိုးတက်အောင်ဆောင်ရွက်ကြရန် လိုကြောင်း။

 


ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ထုတ်ကုန်များ အရည်အသွေး ကောင်းမွန်ရန်လိုပြီး ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိ သည့် ကုန်ကြမ်းများကို အဓိကထားထုတ်လုပ်သည့်  ထုတ်ကုန်များ    ထုတ်လုပ်ရန်လိုကြောင်း၊    ထိုသို့ ဆောင်ရွက်မှသာလျှင်  ဒေသတွင်း  အလုပ်အကိုင် အခွင့်အလမ်းများ    ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကာ ဒေသဖွံ့ဖြိုးမှုကို ပိုမိုအထောက်အပံ့ပေးနိုင်မည်ဖြစ် ပြီး  လူမှုစီးပွားဘဝလည်း  မြင့်တက်လာမည်ဖြစ် ကြောင်း၊ စဉ်ဆက်မပြတ်သည့် ကုန်ကြမ်းပစ္စည်းကို  ရရှိနိုင်မည်ဖြစ်သဖြင့် ခိုင်မာသည့် ကုန်ထုတ်လုပ်မှုကို လည်း   ဖြစ်စေနိုင်မည်ဖြစ်ပြီး   ပိုမိုအကျိုးဖြစ်ထွန်း စေကြောင်း၊ ဒေသတွင်း လည်ပတ်သုံးစွဲငွေများလည်း ပိုမိုများပြားလာမည်ဖြစ်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ    မြင့်တက်လာမှုနှင့်အတူ     နိုင်ငံ့ စီးပွားရေးသည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊  MSME လုပ်ငန်းများကို အောင်မြင်အောင် ဆောင် ရွက်ခြင်းဖြင့် ပြည်ပသွင်းကုန်များကို အစားထိုးနိုင် မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချ၍ ရနိုင်မည်ဖြစ်သဖြင့်   နိုင်ငံ့စီးပွားရေးအားကောင်း လာမည်ဖြစ်ကြောင်း။

 


စုပေါင်းသမဝါယမစနစ်


မိမိတို့နိုင်ငံတွင်  ယခင်က   သမဝါယမစနစ်ကို  ကျင့်သုံးခဲ့ပြီး     အချို့ဖွံ့ဖြိုးပြီး      နိုင်ငံများတွင် သမဝါယမစနစ်ကို     ကျင့်သုံးလျက်ရှိကြောင်း၊ သမဝါယမစနစ်ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်မှုကို      ပိုမိုတိုးတက်စေမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း စုပေါင်းသမဝါယမ စနစ်ကို  ကျင့်သုံး၍  ဆောင်ရွက်ကြရန်လိုကြောင်း၊  အဆိုပါ သမဝါယမအသင်းများမှ မျိုးကောင်းမျိုးသန့် များ ဖြန့်ဖြူး၍ စိုက်ပျိုးကြမည်ဆိုပါက အထွက်နှုန်း များ   တိုးတက်လာမည်ဖြစ်ကြောင်း၊     ဒေသနှင့် တိုင်းပြည်ရှိ မြေသယံဇာတ၊ ရေသယံဇာတများကို  အကျိုးရှိစွာ  အသုံးချရန်လိုပြီး   စိုက်ပျိုးမြေများကို အကျိုးရှိရှိ    သုံးစွဲကြရန်လိုကြောင်း၊    စိုက်ပျိုးရေး  ထွက်ကုန်များကို  အထွက်နှုန်းတိုးအောင်  ဆောင်  ရွက်နိုင်မည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီးအတွင်း  စီးပွားရေးသည် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊   မိမိတို့သက်ဆိုင်ရာ    မြို့နယ်၊ ခရိုင်များအလိုက် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

 


ဒေသသာယာလှပရေးနှင့် 
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊    ကုန်စည်စီးဆင်းမှုများ    လျင်မြန် ချောမွေ့စေရေးတို့အတွက်    တစ်နိုင်ငံလုံးရှိ    လမ်း၊ တံတားများ ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ခရီးသွားလုပ်ငန်းများ တိုးတက်စေရေး  နှင့် ဒေသခံတို့၏ လူမှုစီးပွားမြင့်တက်စေရေးအတွက်  ပုသိမ်လေယာဉ်ကွင်းကို      အဆင့်မြှင့်တင်နိုင်ရန် လုပ်ငန်းဆန်းစစ်၍    စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များ ဆောင် ရွက်ပေးလျက်ရှိသည့်နည်းတူ ဒေသအလိုက် သာယာ လှပရေးအတွက်ကိုလည်း ဒေသခံများနှင့် တာဝန်ရှိ သူများက   ဆောင်ရွက်ကြရန်လိုကြောင်း၊   ပုသိမ် ဆိပ်ကမ်းတွင်     ယခင်က   ပင်လယ်ကူးသင်္ဘော များ   ဝင်ရောက်ခဲ့ပြီး   အကြောင်းအမျိုးမျိုးကြောင့်  မြစ်ကြောင်း             တိမ်ကောလာခြင်းများကြောင့် နောက်ပိုင်းတွင်   ဝင်ရောက်နိုင်ခြင်း   မရှိကြောင်း၊ ငပုတောတွင် ပင်လယ်ကူးသင်္ဘောများ ဝင်ရောက်နိုင် အောင် ဆိပ်ကမ်းတည်ဆောက်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊    မိမိတို့ဒေသသို့     ခရီးသွားများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေ နိုင်မည်ဖြစ်သဖြင့် ဒေသသို့ လာရောက်လိုစိတ်များ ဖြစ်ပေါ်လာစေရေး        ဒေသသာယာလှပမှုများနှင့် ဒေသထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမြှင့်တင် ဆောင်ရွက်ရန်လိုသကဲ့သို့    လူအများသိရှိစေရေး  ကြေညာပေးရန်လည်းလိုကြောင်း၊ ကုန်စည်ပြပွဲများ ကျင်းပပြီး ဒေသမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်း များကို   လူအများသိရှိ   စိတ်ဝင်စားအောင်    ပြသ ရောင်းချရန်လိုကြောင်း။

 


လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ဧရာဝတီတိုင်း ဒေသကြီးအတွင်း နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက်၍ရကြောင်း၊  လေအားကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် ခြင်းလုပ်ငန်းကို    ဆောင်ရွက်နိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့်      သုတေသနလုပ်ငန်း များကို မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  လျှပ်စစ်ဓာတ်အား   လုံလောက်စွာရရှိရေး   အားလုံး ဆောင်ရွက်ကြရန်လိုပြီး မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက်    စုပေါင်းအားဖြင့်     ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။

 


ပြည်တွင်းကုန်ထုတ်လုပ်မှုကို  အားပေးဆောင်ရွက်
ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရမည်


ပြည်ပသွင်းကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်  ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်း မရှိခဲ့ခြင်းကြောင့် ပြည်ပမှသွင်းကုန်များကို များစွာ တင်သွင်းခဲ့ရပြီး    ကုန်သွယ်မှုလိုငွေများ   ဖြစ်ပေါ်ခဲ့ ကြောင်း၊ ယခုအခါ မိမိတို့အစိုးရအနေဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို          အားပေးဆောင်ရွက် လျက်ရှိပြီး ရပ်တန့်ထားသည့် စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရေး      ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပြည်တွင်းလိုအပ် ချက်များဖြစ်သည့် လူသုံးကုန်ပစ္စည်းများကို လုံလောက်  စွာ   ထုတ်လုပ်နိုင်မည်ဆိုပါက    နိုင်ငံခြားငွေသုံးစွဲ မှုကို   လျှော့ချနိုင်မည်ဖြစ်ကြောင်း၊   နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှ   တင်သွင်းရသူ   (Importer)     အဆင့်မှ ပြည်တွင်းလိုအပ်ချက် ဖူလုံပြည့်မီအောင် ထုတ်လုပ်  ပြီး ပြည်ပသို့တင်ပို့နိုင်သူ (Exporter) အဆင့်အထိ ရောက်ရှိအောင်       ကြိုးပမ်းဆောင်ရွက်ကြရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေ၊ ထွက်ငွေ များ   မျှတမှုရှိလာပါက   နိုင်ငံ့စီးပွားရေးတိုးတက် လာမည်ဖြစ်ပြီး ကုန်ဈေးနှုန်းများသည်လည်း ကျဆင်း လာမည်ဖြစ်ကြောင်း၊     တိုင်းပြည်၏    အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွား ရေးကို အခြားနိုင်ငံများမှ ထိန်းချုပ်မှုဖြင့် ဆောင်ရွက် ၍ မရကြောင်း။

 


နိုင်ငံ့စီးပွားရေးကို နိုင်ငံသူ၊ နိုင်ငံသားအားလုံး 
ကမ္ဘာကြည့် ကြည့်မြင်၍ 
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်


ကုန်ထုတ်လုပ်မှုလုပ်ငန်းများ   ဆောင်ရွက်ရန် အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို အသက်သာဆုံးအတိုးနှုန်းဖြင့်   ထုတ်ချေးပေးမည် ဖြစ်သဖြင့် အကျိုးရှိစွာဖြင့် အသုံးချကြစေလိုကြောင်း၊ MSME လုပ်ငန်းအတွက် နည်းပညာရရှိရန် လေ့လာ ဆောင်ရွက်ရန်လိုသကဲ့သို့ လူသားအရင်းအမြစ်များ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်းများတွင်  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် စက်မှုနည်းပညာဘာသာရပ်များကို သင်ကြားပေး မည်ဖြစ်ကြောင်း၊   လူသားအရင်းအမြစ်များ   ဖွံ့ဖြိုး တိုးတက်ရေး အတန်းပညာများ မြင့်မားမှုရှိစေရန်  နိုင်ငံတော်အနေဖြင့်  အားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကုန်ထုတ်  လုပ်မှုလုပ်ငန်းများအတွက်  အခြေခံကုန်ကြမ်းများ ရှိပြီးဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက   ဒေသတွင်းစီးပွားရေး ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ One Region One Product ကိုဆောင်ရွက်ရာတွင်လည်း ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပဈေးကွက်သို့ပါတင်ပို့နိုင်ရေး     ဆောင်ရွက်သွားရန်လိုကြောင်း၊  နိုင်ငံ့စီးပွားရေးကို    ဆောင်ရွက်ရာတွင်    နိုင်ငံသူ၊ နိုင်ငံသား     အားလုံးက     အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ကြရန်လိုပြီး   ကမ္ဘာကြည့်     ကြည့်မြင် ကြရမည်ဖြစ်ကာ   အတူတကွ     ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး တိုက်တွန်းပြောကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာ ကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသ ထားသည့် ရေထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊  လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ စသည့်ထုတ်ကုန် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက် တစ်ခုချင်းစီအလိုက်    စိတ်ဝင်တစားဖြင့် လေ့လာ ခဲ့ပြီး  ဈေးကွက်ရရှိမှုအခြေအနေများကို  မေးမြန်း ဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင် များက     လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်