နိုင်ငံစီးပွားရေးအကျိုးဖြစ်ထွန်းစေမည့် ကမ္ဘာ့ဈေးကွက်ဝင် မြန်မာ့ငါးသလောက်

Type

သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်      

==============

စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသော မြန်မာနိုင်ငံသည် ပင်လယ်ပြင်ကမ်းရိုးတန်းအရှည် ကီလိုမီတာ၂၂၃၀ ကို ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်ဘက် ရခိုင်ပြည်နယ်မှ တောင်ဘက်စွန်း တနင်္သာရီတိုင်းဒေသကြီးအထိ ပင်လယ်ပြင်ကြီးကို သဘာဝ၏လက်ဆောင်တစ်ခုအဖြစ် ပိုင်ဆိုင်ထား၍ ရေသယံဇာတပေါကြွယ်ဝပြီး ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ရေသယံဇာတ ပြည်ပပို့ကုန်မှ  နိုင်ငံခြား ဝင်ငွေရရှိနေသည်။

မြန်မာနိုင်ငံမှ    ပြည်ပသို့    ရေထွက်ကုန်များ တင်ပို့ရာတွင် ငါးမြစ်ချင်းနှင့် အခြားရေထွက်ကုန် မျိုးစုံကို  တင်ပို့ခဲ့ပြီး  ဈေးကွက်ဝယ်လိုအားနှင့် ရေထွက်ကုန်အရည်အသွေးအပေါ်မူတည်၍ ဝင်ငွေ ရရှိခြင်းဖြစ်သည်။  ကမ္ဘာ့ဝယ်လိုအား  ဈေးကွက်ရှိ သည့် ရေထွက်ကုန် ငါးသလောက်ကိုလည်း မြန်မာ့ ပင်လယ်ပြင်နှင့် ရခိုင်ပြည်နယ်အပါအဝင်  တိုင်း ဒေသကြီးနှင့်     ပြည်နယ်ကမ်းရိုးတန်းတို့တွင် ဖမ်းဆီးထုတ်လုပ်လျက်ရှိရာ   နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိစေသဖြင့်   ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းထုတ်လုပ်နိုင်ရန်  ထိန်းသိမ်းစောင့် ရှောက်မှု လိုအပ်လာလျက်ရှိသည်။ 
သားပေါက်များအရွယ်မရောက်မီ
ငါးသလောက်ငါးမျိုးစိတ်သည်   ရေချိုတွင် သားပေါက်၍ ပင်လယ်ပြင်တွင်  ကြီးထွားအရွယ် ရောက်လေ့ရှိသော Anadromous မျိုးစိတ်ဖြစ်သည်။ ဥချသားပေါက်ရန် ကီလိုမီတာ ၁၂၀၀ အကွာအဝေး အထိ   သွားရောက်ဥချလေ့ရှိသည်။   တစ်နေ့လျှင် ကီလိုမီတာ ၂၀ ခန့်အထိ သွားလာလှုပ်ရှားလေ့ရှိပြီး အာရှရေပြင်မှ  အီရန်၊  ပါရှန်ပင်လယ်ကွေ့အထိ ရေပြင်နယ်စပ်များ   ဖြတ်ကျော်၍     အုပ်စုလိုက် ရွှေ့ပြောင်းသွားလာကျက်စားလေ့ရှိသော ငါးအမျိုး အစားဖြစ်သည်။ ငါးသလောက်သည် သဲသောင် ရေပြင်များတွင်  ဥချသားပေါက်လေ့ရှိပြီး နှစ်စဉ် ဇွန်၊ ဇူလိုင်နှင့် ဇန်နဝါရီ၊ ဖေဖော်ဝါရီလတို့တွင် သားပေါက်လေ့ရှိသည်။ ဥချရာတွင် ငါးတစ်ကောင် လျှင် ဥအရေအတွက် နှစ်သိန်းကျော်မှ သိန်း ၂၀ နီးပါးအထိ    ဥလေ့ရှိသည်။   သဘာဝအလျောက်  သေဆုံးမှုရှိတတ်ပြီး   အရွယ်မတိုင်မီ အခြားငါးများ နှင့်   ရောနှောဖမ်းဆီးခံရမှုကြောင့် သေဆုံးမှုနှုန်း များပြားတတ်ကာ  ငါးသလောက်သားပေါက်များ ဆုံးရှုံးမှုကို     ဖြစ်ပေါ်စေသည်။ ရေချိုမြစ်များနှင့် ပင်လယ်ပြင်တို့တွင် ထောင်လေ့ရှိသည့် ကျားပိုက်၊ မျှောပိုက်နှင့် သောင်ဆွဲပိုက်တို့ကြောင့် သားပေါက် များ အရွယ်မရောက်မီ ၂၅ ရာခိုင်နှုန်းအထိ ဖမ်းဆီး ခံရသည်။
ငါးသလောက်ဖမ်းဆီးမှုနှင့် တင်ပို့မှု
ငါးသလောက်ကို  ရခိုင်ပြည်နယ်၊  ဧရာဝတီ တိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး  တို့တွင်  ဖမ်းဆီးရမိလေ့ရှိပြီး  လွန်ခဲ့သော ၁၅ နှစ် ကျော်မှစ၍ တနင်္သာရီတိုင်းဒေသကြီးတွင်   ဖမ်းဆီး ရမိမှုနည်းသွားကာ   အများဆုံးဖမ်းဆီးရမိသောဒေသများမှာ  ဧရာဝတီတိုင်း‌ဒေသကြီးနှင့်   မွန် ပြည်နယ်တို့ဖြစ်သည်။
မြစ်၊ ချောင်းများနှင့် ကမ်းနီးတို့တွင်  တစ်ပိုင် တစ်နိုင် ဖမ်းဆီးရာ၌ မျှောပိုက်၊ သုံးထပ်ပိုက်နှင့် ကြာဆံပိုက်တို့ဖြင့်   ဖမ်းဆီးလေ့ရှိပြီး  စီးပွားဖြစ် ဖမ်းဆီးသူတို့မှာ ပင်လယ်ပြင်တွင် ကမ်းဝေးလှေ များနှင့်အတူ  ဝိုင်းချုပ်ပိုက်နှင့်  မျှောပိုက်တို့ဖြင့် ဖမ်းဆီးလေ့ရှိကြသည်။ ဝိုင်းချုပ်ပိုက်လှေ အစင်းရေ ၃၁၅ စင်းနှင့် မျှောပိုက်လှေအစင်းရေ  ၃၇၀ အထိ ဖမ်းဆီးကြလေ့ရှိပြီး ကမ်းနီးလုပ်ကိုင်ကြသူများ အနေဖြင့် မျှောပိုက်၊ သုံးထပ်ပိုက်နှင့် ကြာဆံပိုက် တို့ဖြင့် လှေအစင်းရေ ၁၅၀၀၀ ခန့်အထိ ဖမ်းဆီးကြ သည်။ 
မြန်မာနိုင်ငံအနေဖြင့်     ပြည်ပနိုင်ငံများသို့ ငါးသလောက်(Tenualosa ilisha)နှင့် ငါးသလောက် ယောက်ဖ(Tenualosa Toil)တို့ကို နှစ်စဉ်တန်ချိန်  ၁၀၀၀၀ မှ ၁၃၀၀၀ အထိ    တင်ပို့လျက်ရှိသည်။  မြန်မာနိုင်ငံရှိ အအေးခန်းစက်ရုံ  ၂၂ ရုံမှ နိုင်ငံပေါင်း ၃၆ နိုင်ငံသို့ တင်ပို့ရာတွင် အများဆုံးမှာ တရုတ်နိုင်ငံ သို့ တင်ပို့ခြင်းဖြစ်သည်။ ငါးသလောက်အများဆုံး ဝယ်ယူသောနိုင်ငံများမှာ   တရုတ်၊  ဆော်ဒီ၊  အိန္ဒိယ၊ အမေရိကနှင့် UAE နိုင်ငံတို့ဖြစ်ပြီး  ငါးသလောက် စားသုံးမှုများသော  အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ခြင်း သည် ဈေးကွက်တည်ငြိမ်မှုနှင့် တန်ဖိုးမြင့်ထုတ်ကုန် တင်ပို့နိုင်သော   အကျိုးကျေးဇူးကို   ရရှိစေမည် ဖြစ်သည်။
သုတေသနဆောင်ရွက်နေမှုများ
၂၀၁၂ ခုနှစ်တွင် တရုတ်ပြည်မှ  နည်းပညာ ရှင်များအကူအညီဖြင့်    ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းသားပေါက်စခန်းတွင်   On  Board Breeding နည်းပညာကို အသုံးပြု၍ ဈေးကွက်ဝင် ငါးသလောက်မျိုးစိတ်ကို‌ မွေးမြူထုတ်လုပ်နိုင်ရန် စမ်းသပ်သားဖောက်ခဲ့သည်။ ငါးသလောက်သယံ ဇာတ ရေရှည်တည်တံ့စေရေးအတွက် ‌ဒေသတွင်း အဖွဲ့အစည်းများဖြစ်သော FAO၊ SEAFDEC တို့နှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်။
၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် JICA၊ TICA ထိုင်းနိုင်ငံငါးလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ငါးသလောက်မျိုးများ၏  ဇီဝဗေဒဆိုင်ရာအချက် အလက်များ၊ ဒေသအလိုက် ပျံ့နှံ့နေထိုင်ရာ အချက် အလက်များ ကောက်ယူခြင်း၊ မျိုးငါးများစုဆောင်း ခြင်းတို့ကို‌ ဆောင်ရွက်ခဲ့ပြီး မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ ငါးမြင်းနှင့်  ငါးသလောက်ဆိုင်ရာ ပူးတွဲသုတေသန ဆောင်ရွက်ရန်  သဘောတူထားရှိ၍ ကိုဗစ်-၁၉ ရောဂါကြောင့် လက်ရှိအချိန်တွင် အကောင်အထည် ဖော်ရန် စောင့်ဆိုင်းလျက်ရှိသည်။  မြန်မာနိုင်ငံမှ မျိုးငါးသားပေါက်များကို   ထိုင်းနိုင်ငံသို့ပေးပို့၍ သုတေသနပြုလုပ်ရန် သဘောတူဆောင်ရွက်လျက် ရှိသည်။
ငါးသယံဇာတ လျော့နည်းကျဆင်းလာခြင်း
ယနေ့အချိန်အခါသည် မြန်မာသာမက ကမ္ဘာ့ နိုင်ငံတို့တွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များ၏   နောက်ဆက်တွဲရိုက်ခတ်မှုကို  ခံစားကြရ လျက်ရှိသည်။ စက်ရုံများ၊ မွေးမြူရေးလုပ်ငန်းများ၊ သတ္တုတူးဖော်ခြင်းမှ  စွန့်ပစ်ရေဆိုးများ၊ စိုက်ပျိုး ရေးသုံး ပိုးသတ်ဆေးများ စသည်တို့ကို  စည်းကမ်း တကျအသုံးမပြုခြင်းနှင့်   စည်းကမ်းမဲ့စွန့်ပစ်မှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊  မြစ်ချောင်းအတွင်း သဲစုပ်ယူခြင်း၊  ငါးတက်/ ငါးဆင်းလမ်းကိုပိတ်၍ ရေလမ်းဖောက်လုပ်ခြင်း၊  ရေတံခါး၊ ဆည်တာတမံ ပိတ်ဆို့ခြင်းနှင့် စိုက်ပျိုးမြေအများအပြားဖော်ထုတ် ခြင်း၊ ဖမ်းဆီးသည့်  ငါးပိုက်များ၏  အရွယ်အစား ထိန်းသိမ်းမှုအပေါ်     လိုက်နာမှုအားနည်းခြင်း၊ ငါးဖမ်းဆီးခြင်းမပြုရန်   တားမြစ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့်    ဖြေလျှော့ပေးရမှု များနှင့် လိုက်နာမှုအားနည်းသူတို့၏ နောက်ဆက် တွဲအကျိုးဆက်တို့ကြောင့် ငါးသလောက်အပါအဝင် ငါးသယံဇာတများ  လျော့နည်းကျဆင်းလာခြင်း ဖြစ်သည်။
ထိရောက်သည့်  စီမံခန့်ခွဲမှုများ
ငါးသလောက်ငါးမျိုးများ၏   မျိုးပွားဇီဝဗေဒ ဆိုင်ရာအရ ပင်လယ်အတွင်းကြီးပြင်းပြီး သားပေါက် ချိန်တွင် ‌   ရေချို/ရေငန်စပ်   ရေပြင်များဖြစ်သော မြစ်ချောင်းများအတွင်းသို့ ဝင်ရောက်သားပေါက်၍ ပင်လယ်အတွင်းသို့       အုပ်စုလိုက်     ရွှေ့ပြောင်း သွားလာနိုင်ရန်နှင့် ပင်လယ်အတွင်း စနစ်တကျ ဖမ်းဆီးရန်လိုအပ်သည်။ ငါးသလောက်ထိန်းသိမ်း ‌ရေးနယ်မြေများအဖြစ်   ဧရာဝတီတိုင်း‌ဒေသကြီး၌ ၂၂၈၈ ဒသမ ၂ ဧက၊ ရခိုင်ပြည်နယ်တွင် ၂၀၆၅ ဧက၊ မွန်ပြည်နယ်တွင် ဧက ခြောက်သိန်းကျော်အပါအဝင် မြန်မာ့ကမ်းရိုးတန်းနှင့် ရေချို/ရေငန်စပ်ဧရိယာ နေရာ ၁၁ နေရာကို ငါးသလောက်ထိန်းသိမ်းရေး ဧရိယာ အဖြစ်   သတ်မှတ်ဆောင်ရွက်နေမှုကြောင့်   ကမ္ဘာ့ ငါးသလောက်တင်ပို့မှု၌  တစ်ချိန်တွင် အများဆုံး တင်ပို့နိုင်သော နံပါတ်တစ်နိုင်ငံအဖြစ်သို့ တက်လှမ်း နိုင်မည်ဖြစ်သည်။ ထိုသို့တွေ့မြင်နိုင်ရန် သုတေသန ရလဒ်ကောင်းများကို အခြေခံသော ထိရောက်သည့် စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုလုပ်‌ဆောင်ရန် လိုအပ် လျက်ရှိသည်။
ရေသယံဇာတ ထိန်းချုပ်မှုစွမ်းရည်
ငါးသလောက်ငါးများ၏ ဇီဝဗေဒနှင့်ဂေဟစနစ် အရ မဖမ်းဆီးရရာသီနှင့် နေရာကို   ဒေသအလိုက် ဖော်ထုတ်သတ်မှတ်ခြင်း၊      ညွှန်ကြားချက်များ ထုတ်ပြန်ပြီး အသိပညာပေးလုပ်ငန်းများ  ဆောင် ရွက်၍    လိုက်နာရန်    ကြပ်မတ်ခြင်း၊  ထိရောက်သော          ထိန်းသိမ်း‌ရေးအစီအမံများ      ချမှတ်ဆောင်ရွက်ခြင်း၊ ပုံမှန် ငါးသလောက်တည်ရှိမှု  အကဲဖြတ်သုတေသန လုပ်ငန်းများ ဆောင်ရွက်၍ သတင်းအချက်အလက်  တည်ရှိရာ    Database    ဖွံ့ဖြိုးတိုးတက်လာခြင်း၊   ရေလုပ်သားတို့အတွက်    ရေရှည်တည်မြဲစေမည့်    ထောက်ပံ့မှုစနစ်တစ်ခု   ဖွံ့ဖြိုးစေခြင်းနှင့်    အခြား အစားထိုး    အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ    ဖန်တီးပေးခြင်း၊      နည်းပညာနှင့်     စောင့်ကြည့် ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများဖြင့် လုပ်ငန်း များဖော်ထုတ်ခြင်း၊       ပြည်တွင်း/ပြည်ပဈေးကွက် ပိုမိုခိုင်မာလာစေရန် နိုင်ငံတော်နှင့်  လုပ်ငန်းရှင်များ အကြား   လိုအပ်ချက်များကို  အပြန်အလှန်  ချိတ် ဆက်ဆောင်ရွက်ခြင်း၊     ဒေသတွင်းနိုင်ငံများနှင့် ဈေးကွက်ချိတ်ဆက်ခြင်းတို့သည်    ငါးသလောက် ထုတ်လုပ်တင်ပို့သောနိုင်ငံအတွက် ပြည်ပဝင်ငွေကို နှစ်စဉ်ရရှိစေမည့်အပြင်   အစဉ်အလာကောင်းဖြစ် သော     ရေသယံဇာတထိန်းချုပ်မှု     စွမ်းရည်ကို    သားစဉ်မြေးဆက်    လက်ဆင့်ကမ်းအမွေအဖြစ်  ကျန်ရစ်စေမည်ဖြစ်သည်။
ကမ္ဘာ့ငါးသလောက်ထုတ်လုပ်မှုမှတ်တမ်း
ငါးသလောက်ကို ငါးသယံဇာတထိန်းသိမ်းရေးနည်းလမ်း(Conservation Measure)ဖြင့်   စနစ် တကျ    ဆောင်ရွက်ခြင်းသည်    ထုတ်လုပ်မှုကို တိုးတက်စေမည်ဖြစ်သည်။ 
b စာမျက်နှာ  ၁၀ မှ
ယနေ့အချိန်အခါတွင်   ကမ္ဘာ့ငါးသလောက် ထုတ်လုပ်မှု၏  ၈၅  ရာခိုင်နှုန်းကို  ဘင်္ဂလားဒေ့ရှ်မှ ထုတ်လုပ်နေကြောင်း ဘင်္ဂလားဒေ့ရှ်၏ Worldfish အဖွဲ့က ပြောကြားထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်   ငါးသလောက်သားပေါက်ရာသီဖြစ်သော အောက်တို ဘာလ ၆ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ ၂၂ ရက်ကြာ  ငါးဖမ်းဆီးခြင်းကို ရပ်ဆိုင်းထား ပြီး ထိုကာလအတွင်း၌  တရားဝင် မှတ်ပုံတင်ထား သော ရေလုပ်သားတို့၏    လူမှုဖူလုံရေးအထောက် အပံ့အစီအစဉ်ကို  အစိုးရ၏စီမံမှုဖြင့်   လူမှုအဖွဲ့ အစည်းများက ‌နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငါးသလောက်ထုတ်လုပ်မှု
ငါးသလောက်ဥဆောင်အမများနှင့် သားပေါက် များကိုဖမ်းဆီးခြင်းမှ  တားမြစ်ခြင်းနှင့်  ငါးမဖမ်းရ နေရာများ(ဘေးမဲ့ဧရိယာ)     တိုးချဲ့သတ်မှတ်  ကာကွယ်ပေးခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငါးသလောက်ထုတ်လုပ်မှုမှာ အပြောင်းအလဲမရှိဘဲ နှစ်စဉ်  တိုးတက်နေခြင်းဖြစ်သည်။   လွန်ခဲ့သော ငါးနှစ်က ကမ္ဘာ့ငါးသလောက်ထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်းရှိခဲ့ပြီး စဉ်ဆက်မပြတ် ဆက်လက်တိုးတက် ခဲ့ကာ    အိမ်နီးချင်းနိုင်ငံများဖြစ်သည့်    အိန္ဒိယ၊  မြန်မာ၊ ပါကစ္စတန်နှင့်  သီရိလင်္ကာနိုင်ငံတို့မှာမူ ငါးသလောက်ထုတ်လုပ်မှု ကျဆင်းခဲ့သည်။ အိန္ဒိယ သည်    ဘင်္ဂလားဒေ့ရှ်ပြီးလျှင်     ဒုတိယအများဆုံး  ငါးသလောက်ထုတ်လုပ်သော  နိုင်ငံဖြစ်ပြီး ကမ္ဘာ့ ငါးသလောက်ထုတ်လုပ်မှု၏    ၂၅     ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့သည်။ သို့သော် ယမန်နှစ်က ငါးသလောက် ထုတ်လုပ်မှုသည်   ၁၀   ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ သည်။   ငါးသလောက်ထုတ်လုပ်မှုတွင်  တတိယ နေရာ၌ရှိနေသည့်     မြန်မာနိုင်ငံသည်     ကမ္ဘာ့ ငါးသလောက်ထုတ်လုပ်မှု၏ သုံးရာခိုင်နှုန်းကို ထုတ် လုပ်လျက်ရှိသည်။    အခြားသော    ငါးသလောက် ထုတ်လုပ်သည့် နိုင်ငံတို့မှာ  အီရန်၊ အီရတ်၊ ကူဝိတ် တို့ဖြစ်ပြီး ဘင်္ဂလား‌ဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ထက်      ထုတ်လုပ်မှုလျော့ကျသည်ကို       ကမ္ဘာ့ ငါးသလောက်ထုတ်လုပ်မှုမှတ်တမ်းတွင် တွေ့မြင်ရ မည်ဖြစ်သည်။
     အိန္ဒိယ  ငါးလုပ်ငန်း  သုတေသနဌာနသည် ဘင်္ဂလားဒေ့ရှ်တွင်    ငါးသလောက်ထုတ်လုပ်မှု တိုးတက်လာပုံကို ခေါင်းစဉ်တစ်ခုအဖြစ် ဆွေးနွေး ခဲ့ဖူးသည်။  ECOFSH   စီမံကိန်း၏   Worldfish (ဘင်္ဂလားဒေ့ရှ်)     အဖွဲ့ခေါင်းဆောင်ဖြစ်သော ပါမောက္ခ Abdul Wahab သည်   ဘင်္ဂလားဒေ့ရှ်၏ ငါးသလောက်ထုတ်လုပ်မှုအောင်မြင်ခြင်းကို တင်ပြ ခဲ့သည်။ အစိုးရအဖွဲ့အစည်းများမှ ငါးသလောက် ထုတ်လုပ်မှု  တိုးတက်မြင့်မားနိုင်ရန် တီထွင်ထား သောပုံစံအား ယခုအခါ ဒေသတွင်းရှိ နိုင်ငံများစွာ လိုက်နာဆောင်ရွက်နေကြောင်း ၎င်းကပြောကြားခဲ့ သည်။   ငါးသလောက်ဥဆောင်   အမများနှင့် သားပေါက်များကို ဖမ်းဆီးခြင်းမှတားမြစ်ခြင်း၊ ငါးမဖမ်းဆီးရနေရာများ(ဘေးမဲ့ဧရိယာ)     တိုးချဲ့၍ ငါးဖမ်းဆီးခြင်းမှ         ကာကွယ်ပေးခြင်းတို့ကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း     ၎င်းကဆိုသည်။ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် ငါးလုပ်ငန်း သုတေသနဌာနနှင့်   Worldfish(ဘင်္ဂလားဒေ့ရှ်)တို့သည်  ငါးသလောက်မျိုးစိတ်၏   မျိုးရိုးဗီဇနှင့် ဆိုင်သော ထူးခြားသည့်လက္ခဏာများနှင့် ကြီးထွား ဖွံ့ဖြိုးမှုကို   လှုံ့ဆော်ပေးသည့်     စွမ်းအားများကို ပထမဆုံး လေ့လာမှုပြုလုပ်ခဲ့သည်။
စာရင်းဝင်ရေလုပ်သားများအား
အကူအညီပေးခြင်း 
ငါးမဖမ်းရ(ဘေးမဲ့ဧရိယာ)     နေရာများတွင် ရှိသော  ငါးသလောက်များသည်   ကြီးထွားရှင်သန် နိုင်သော   အခွင့်အလမ်းများနှင့်   ပင်လယ်ပြင်မှ ပြန်လာရန်  အခွင့်အလမ်းများစွာ  ရှိနေကြသည်။ ငါးသလောက်သားပေါက်ခြင်း၊ သားပေါက်များကို  ဖမ်းဆီးခြင်းမှ  ကာကွယ်နိုင်ခြင်းနှင့် ငါးသလောက် ဖမ်းသည့်  ပိုက်ကွန်အရွယ်အစားအနေဖြင့်  ၄ ဒသမ ၅ စင်တီမီတာ (၁ ဒသမ ၇၇ လက်မ)မှ ၆ ဒသမ ၅ စင်တီမီတာ(၂ ဒသမ ၅၅ လက်မ)ဖြင့် ဖမ်းဆီးခြင်းတို့ ကြောင့် ၂၀၂၂ ခုနှစ်တွင် ငါးသလောက်ထုတ်လုပ်မှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း        ဘင်္ဂလား‌ဒေ့ရှ်  ငါးလုပ်ငန်းနှင့်   မွေးမြူရေးဝန်ကြီးက     သုံးသပ် ပြောကြားထားသည်။ 
ငါးသလောက်သားပေါက်ကို ကာကွယ်သော  လှုပ်ရှားမှုတွင်  တစ်စိတ်တစ်ပိုင်းဖြစ်သည့် နှစ်စဉ် ငါးသလောက်သားပေါက်ရာသီ အောက်တိုဘာလ ၆ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ၂၂ ရက်ကြာ ငါးဖမ်းဆီးခြင်းကို ရပ်ဆိုင်းထားရာ  ထိုအချိန်တွင်   အစိုးရက      လူမှုဖူလုံရေးအစီအစဉ်အောက်ရှိ             စာရင်းဝင် ရေလုပ်သားများအား       အကူအညီပေးခြင်း ဖြင့် နိုင်ငံ၏ ငါးသလောက်ထုတ်လုပ်မှု    တိုးမြှင့်လာ ခြင်းကို   အဓိကအထောက်အပံ့ဖြစ်စေခဲ့သည်ဟု   ရေသယံဇာတကျွမ်းကျင်သူများကလည်း ထောက်ပြ လျက်ရှိသည်။
သုတေသနကိုအခြေခံသော စီမံခန့်ခွဲမှုများမှတစ်ဆင့်
ဘင်္ဂလားပင်လယ်အော်     ရေပြင်အတွင်း ရွှေ့ပြောင်းသွားလာ            ကျက်စားနေသော ငါးသလောက် ငါးမျိုးစိတ်သည် အထူးသဖြင့် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံတွင်ရှိသော ကမ်းခြေ များတွင် အုပ်စုလိုက် ရွှေ့ပြောင်းသွားလာနေထိုင် လျက်ရှိပြီး ငါးသလောက်များ၏ မျိုးပွား ဇီဝဗေဒ ဆိုင်ရာအရ ပင်လယ်အတွင်း ကြီးပြင်း၍ သားပေါက် ရန်အတွက် ရေချို/ရေငန်စပ် ရေပြင်များ ဖြစ်သော မြစ်ချောင်းများအတွင်းသို့  ဝင်ရောက်သားပေါက် လေ့ရှိရာ   အဆိုပါသားပေါက်များသည်  တစ်ဖန် ပင်လယ်ပြင်အတွင်းသို့ အုပ်စုလိုက်  ရွှေ့ပြောင်း ကြီးပြင်းသည့် (Anadromous) ငါးမျိုးစိတ်ဖြစ်သည်။ 
ထိုသို့အုပ်စုလိုက် ရွှေ့ပြောင်းသွားလာကျက်စား လေ့ရှိသော ငါးသလောက်များကို စနစ်တကျဖမ်းဆီး မှုသည် နိုင်ငံအတွက် တစ်နေ့တစ်လုံး ရွှေဥများဥချ ပေးနေသည့်ပမာ     ငါးသလောက်ရေသယံဇာတ ကို   ရေရှည်ထုတ်ယူ    သုံးစွဲနိုင်မည်ဖြစ်သည်။ ငါးသလောက်များ မျိုးပွားသားပေါက်ရန် စားကျက် များနှင့် ငါးနေထိုင်သွားလာမှုကို အကာအကွယ်ပေး ခြင်း၊ သား‌ပေါက်များကိုလွတ်လပ်စွာ ကြီးထွားခွင့် ပေးခြင်း၊ အုပ်စုလိုက်ရွှေ့ပြောင်းရာလမ်းကြောင်း များကို ထိန်းသိမ်းစောင့်ရှောက်‌ပေးခြင်း၊ သဘာဝ တွင်     သားပေါက်နိုင်သောအခြေအနေများကို  တိုင်းတာခြင်း စသည့် သုတေသနလုပ်ငန်းများကို မြန်မာ့ရေပြင်အတွင်း ကွင်းဆင်းဆောင်ရွက်ထား ပြီးဖြစ်ရာ သုတေသနရလဒ်ကောင်းများကို အခြေခံ သော  ထိရောက်သည့်  စီမံခန့်ခွဲမှုများမှတစ်ဆင့် ငါးသလောက်အရင်းအမြစ်များ     တည်တံ့မှုကို သေချာစေရန် လိုအပ်လာမည်ဖြစ်သည်။
ကမ္ဘာ့နံပါတ်တစ် နေရာသို့
၂၀၁၄  ခုနှစ်တွင်  ဘင်္ဂလားဒေ့ရှ်  ငါးလုပ်ငန်း ဦးစီးဌာန သုတေသနအဖွဲ့၏  လေ့လာတွေ့ရှိချက် အရ ငါးသလောက်တစ်ကောင်၏ ပျမ်းမျှအလေးချိန် သည် ၅၁၀ ဂရမ်(၃၁ ဒသမ ၈ ကျပ်သား)ရှိခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ ၉၁၅  ဂရမ် (၅၇ ဒသမ ၁ ကျပ်သား)အထိ ပိုမိုတိုးတက်ခဲ့သည်။ ၂၀၂၁  ခုနှစ်တွင်  တစ်ကောင်  ပျမ်းမျှအလေးချိန် ၁ ဒသမ ၅ ကီလို(၉၅ ကျပ်သား)နှင့် ၂ ဒသမ ၅ ကီလို (၁ ဒသမ ၅၆ ပိဿာ)ရှိသော     ငါးသလောက်များကို ဖမ်းဆီးတင်ပို့ခဲ့သည်။ 
အိန္ဒိယ၊     မြန်မာနှင့်     အာရေဗျပင်လယ်နှင့် ထိစပ်နေသော     နိုင်ငံများမှ     ငါးသလောက် တစ်ကောင်၏ ပျမ်းမျှအလေးချိန်သည် ၅၀၀ ဂရမ် (၃၁ ဒသမ ၂၅ ကျပ်သား)မှ ၆၀၀ ဂရမ်(၃၇ ဒသမ ၅  ကျပ်သား)ရှိသောကြောင့်  အရသာကောင်းမွန်သော ဘင်္ဂလားဒေ့ရှ်    ငါးသလောက်ကို     ယှဉ်ပြိုင်နိုင်ရန်  ငါးသလောက်သားပေါက် ထိန်းသိမ်းရေးလုပ်ငန်း များ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ 
အထူးသဖြင့် ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံအနေဖြင့် ရေသယံဇာတနှင့်သက်ဆိုင် သည့် သိပ္ပံဆိုင်ရာ သုတေသနအပေါ် အခြေခံသည့် ငါးသလောက်ထုတ်လုပ်မှု   တိုးမြှင့်ရေး၏  အဆင့် တိုင်းကို လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်သည်။ သက်ဆိုင်ရာဌာနများအနေဖြင့်  ငါးမဖမ်းဆီးရန် နေရာ(ဘေးမဲ့ဧရိယာ)များကို ကာကွယ်စောင့်ရှောက် ခြင်း၊ တားမြစ်ထားစဉ်ကာလအတွင်း ငါးသလောက် များကို မဖမ်းဆီးရန် ကြပ်မတ်ခြင်း၊ ဥပဒေစိုးမိုးရေး တွင် အစိုးရဌာနများ  လက်တွဲလုပ်ဆောင်ခြင်းတို့ဖြင့် မြန်မာ့ငါးသလောက်သားပေါက်များကို    ထိန်းသိမ်း ကာကွယ်နိုင်မည်ဖြစ်သည်။  
နိုင်ငံတော်၏စီးပွားရေးကဏ္ဍတွင် ရေရှည်အကျိုး ဖြစ်ထွန်းစေမည့်   ကမ္ဘာ့ဈေးကွက်ဝင်   မြန်မာ့ ငါးသလောက်များ  စံချိန်တင်  ထုတ်လုပ်တင်ပို့နိုင် ခြင်းဖြင့်  နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ငါးသလောက် တင်ပို့မှုတွင် ထိပ်ဆုံးနိုင်ငံအဖြစ်သို့  တက်လှမ်းနိုင် မည်မှာ  မလွဲဧကန်ပင်ဖြစ်ပါကြောင်း ရေးသားလိုက်  ရပါသည်။    ။