
လယ်ဝေး ဇန်နဝါရီ ၁၁
ပြည်ထောင်စုနယ်မြေ နေပြည် တော် လယ်ဝေးခရိုင် လယ်ဝေး မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုး ရာတွင် ပါဝင်ဆောင်ရွက်ကြမည့် ဆန်စပါးနှင့် ဆန်စက်လုပ်ငန်းရှင် များအဖွဲ့၊ သွင်းအားစုအဖွဲ့များနှင့် မြို့နယ် လုပ်ငန်းကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၉ ရက် နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုး ထုတ်လုပ်ရန် မြို့နယ်လုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆောင်က သွင်းအားစုများ တောင်သူ လိုအပ်ချက်အတိုင်း ဖြန့်ဖြူးနိုင်ရေး၊ ဆည်ရေသောက် ဒေသအားလုံး ပါဝင်ဆောင်ရွက် နိုင်ရေး၊ စိုက်နည်းစနစ်များမှန်ကန် စွာ စိုက်ပျိုးခြင်းဖြင့် တစ်ဧက တင်း ၁၂၀ နှုန်း ပျမ်းမျှထွက်ရှိရေး၊ စက်မှုလယ်ယာမှ လိုအပ်သော ထွန်စက်၊ စိုက်ပျိုးစက်များ ပံ့ပိုး ကူညီပေးခြင်းတို့ဖြင့် ကျေးရွာ အုပ်စု ၃၁ အုပ်စုရှိ လယ်မြေ ၁၅၃၂၉ ဧကတွင် ယခုရန်ပုံငွေဖြင့် ဧက ၉၀၀၀ ခန့်လျာထားရာ ပြည့်မီအောင် စိုက်ပျိုးခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးမြှင့်တင်ရေး ကို အထောက်အကူပြုမည့်အပြင် ဒေသခံတောင်သူများ၏ လူမှု စီးပွားဘဝကိုလည်း ဖွံ့ဖြိုးတိုးတက် စေမည်ဖြစ်ကြောင်း ပြောသည်။
ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစောဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဦးဝင်းအောင် တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးရန် ဆောင်ရွက်ထားရှိသည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ့ရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ဆည်မြောင်းနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူ များက နွေစပါးစိုက်ပျိုးရန်၊ ထုတ် လုပ်ရောင်းချရန် စသည့်တို့ကို ဆွေးနွေးပြောကြားသည်။ ဆက် လက်၍ ဆန်စပါးနှင့် ဆန်စက် လုပ်ငန်းရှင်များအဖွဲ့နှင့် သွင်းအားစု အဖွဲ့တို့မှ တာဝန်ရှိသူများက နွေစပါးစိုက် တောင်သူများအား ပံ့ပိုး ကူညီပေးနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ ဝေကြည်(ပြန်/ဆက်)