
မြိတ် ဇွန် ၁
ငါးသားပေါက်ရာသီ ရောက်ရှိလာပြီဖြစ်သည့် အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ငါးဖမ်း လှေများအားလုံး ဇွန် ၁ ရက်မှ စတင်ကာ ငါးဖမ်းလှေ အားလုံး လုပ်ငန်းရပ်နားပြီဖြစ်ပြီး ဝါလတ်(ဒရွတ်ဆွဲ) လှေကြီးများ ငါးသားပေါက်ရာသီတွင် ငါးဖမ်းခွင့် တောင်းခံထားသော်လည်း အစိုးရက ခွင့်ပြုချက် ပေးထားခြင်းမရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတောင်ပိုင်းသို့ မုတ်သုံဝင်ရောက် လာပြီးနောက် ပင်လယ်ပြင်အတွင်း၌ လုပ်ငန်းခွင် ဝင်နေသည့် ငါးဖမ်းလှေမျိုးစုံမှာ ရာသီရပ်နားပြီဖြစ် သောကြောင့် ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက် လာကြပြီဖြစ်ကြောင်း သိရသည်။
“ကင်းမွန်ဝါတန်းတွေကတော့ ပုံမှန်အတိုင်း ပွင့်လင်းရာသီမှာပဲ ငါးဖမ်းကြတယ်။ ရေပေါ်ရေလယ် ငါးဖမ်းနည်းဖြစ်တယ်။ ပုံမှန်အားဖြင့် ၁၀ လပိုင်း လောက်ကနေ ၅ လပိုင်းကုန်အထိပဲ လုပ်ငန်းခွင်ဝင်ကြ ပါတယ်။ မိုးရာသီဆိုရင် လုပ်ငန်းရပ်နားကြတယ်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေက ငါးသားပေါက်ရာသီ ဖြစ်တဲ့အတွက် ငါးဖမ်းဆီးတာမျိုး မလုပ်သင့်ဘူး။
ကျွန်တော်တို့ လှေတွေဆိုရင် ၅ လပိုင်း မကုန်ခင် ကတည်းက လုပ်ငန်းရပ်နားလိုက်ပါပြီ” ဟု ကင်းမွန် လှေ လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
ပွင့်လင်းရာသီများတွင် လုပ်ကိုင်သည့်ဝါတန် (ဝိုင်းချုပ်)ကင်းမွန်လှေများလည်း ရာသီပိတ်သိမ်း ပြီးဖြစ်သလို ဝါးလတ်လှေကြီးများကိုလည်း ငါးဖမ်း ဆီးခွင့်မပေးတော့ကြောင်း သိရသည်။
ငါးသားပေါက်ရာသီမှာ ပုံမှန်အားဖြင့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများကို သတ်မှတ်ထားခဲ့သော်လည်း သုတေသနပြုချက်များအရ ပြီးခဲ့သည့်နှစ်များက စတင်ပြီး ဧပြီ၊ မေ၊ ဇွန်လများအဖြစ် သတ်မှတ်ခဲ့ ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ်တွေက ဝါလတ် (ဒရွတ်ဆွဲ) လှေတွေ ကို ငါးသားပေါက်ရာသီမှာ ရာခိုင်နှုန်းအလိုက် ခွင့်ပြု ခဲ့တာမျိုးရှိတယ်။ ဒီနှစ်မှာလည်းငါးဖမ်းလှေကြီး တွေက ဧပြီလနဲ့မေလကို ရပ်နားပြီး ဇွန်လမှာ ငါးပြန် ဖမ်းဖို့ တင်ပြခဲ့တာမျိုးရှိတယ်။ နိုင်ငံတော်အစိုးရက ပင်လယ်ပြင်အတွင်းမှာ ငါးသယံဇာတတည်ရှိမှုတွေကို လေ့လာပြီး ခွင့်ပြုပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဝါးလတ်ငါးဖမ်းလှေကြီးတွေက တစ်နှစ်ပတ်လုံး ပင်လယ်ပြင်မှာ ငါးဖမ်းနေတော့ ရေသယံဇာတတွေ မျိုးသုဉ်းသွားနိုင်တယ်။ အခုလည်းအတော်လေးကို အခြေအနေဆိုးနေပါပြီ၊ ကမ်းနီးဝင်ဆွဲတာတွေလည်း လုပ်လေ့ရှိတဲ့အတွက် ကမ်းနီးငါးဖမ်းလှေတွေလည်း အတော်လေးအခက်အခဲတွေ့နေကြတယ်။ ဇွန်လ ပြီးရင် ဇူလိုင်၊ သြဂုတ်လမှာ ငါးပြန်ဖမ်းကြလိမ့်မယ်။ အဲဒီအချိန်အခါတွေက ငါးသားပေါက်ရာသီအချိန်အခါ တွေပဲ ဖြစ်နေသေးတယ်” ဟု ရေလုပ်ငန်းလုပ်ကိုင် နေသူတစ်ဦးက ပြောကြားသည်။
ဝါလတ်ငါးဖမ်းလှေကြီးများက ဇွန်လတစ်လကို ငါးဖမ်းဆီးခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး အခြေပြုလုပ်ငန်းရှင်များက တင်ပြခဲ့သော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ခွင့်ပြုချက်မပေးခဲ့ ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့စွဲဖြင့် ဇွန်လကို ငါးဖမ်းဆီးခွင့်မပြုကြောင်း ပြန်ခဲ့သည့်အတွက် ဇွန်လ တွင် ငါးဖမ်းရာသီရပ်နားပြီဖြစ်ကြောင်း သိရသည်။ ငါးမဖမ်းရရာသီဖြစ်သည့် ဧပြီ၊ မေ၊ ဇွန် သုံးလကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က Stake Holders Meeting တွင်ဆုံးဖြတ်ခဲ့ပြီးဖြစ်ရာ ပြန်လည် ခွင့်ပြုချက်မပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းရေပြင်အတွင်း ငါးသယံဇာတတည်ရှိမှုကို သုတေသနလေ့လာ တွေ့ရှိ ချက်အရ လျော့နည်းနေပြီးဖြစ်ပြီး ရေသယံဇာတ များကို ထိန်းသိမ်းရန် လိုအပ်နေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ မြင့်ဦး(မြိတ်)